Friday, August 12, 2011

ဆီးဂိမ်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၅ မိနစ်

ခေတ်ဆိုးခေတ်ကြပ်ကို ဖြတ်သန်းနေကြရသည့် အလျောက် မြန်မာတို့ ရှားရှားပါးပါး ရွှေထီးဆောင်းခဲ့ရ
ခြင်းများ အပေါ် ပြန်လည် လွမ်းမောပြောပြလေ့ရှိရာ၌ အားကစားဂုဏ်လည်း ပါဝင်ပေသည်။ အရပ်စကားဝိုင်းမှာပဲ ဖြစ်ဖြစ်၊ စာပေစာနယ်ဇင်းမှာပဲဖြစ်ဖြစ် မြန်မာ့အားကစားက တချိန်က မနိမ့်လှဘူးဆိုတာကို တသသ ရည်ညွှန်းလေ့ရှိကြသည်။

အမှန်ပင်လည်း ကိုယ့်အရပ် ကိုယ့်အနေနှင့် ကမ္ဘာ့အဆင့် မဟုတ်တောင်မှ ဒေသတွင်း အဆင့်တွင်းတွင် အောက်ကျနောက်ကျ မဟုတ်ခဲ့တာတော့ သေချာသည်။ ၁၉၆၉  ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပသော ကျွန်းဆွယ် အားကစား ပြိုင်ပွဲ၌ မြန်မာက ရွှေတံဆိပ် ၅၇ ခုဆုပင် ရခဲ့သည် မဟုတ်ပါလား။

ဒီနောက်ပိုင်းတော့ သတင်းစာနယ်ဇင်းမှပင် ပြည်ပနိုင်ငံများတွင် ပြုလုပ်သော နိုင်ငံအများပြိုင်သော အားကစား ပွဲကြီးများကို မြင်တွေ့ရတော့သည်။ ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပခွင့်တော့ ရရှိထားပြီ ဖြစ်သည်။ ပြည်သူအများ တညီတညွတ်တည်းဖြင့်
ပျော်ပျော်ပါးပါးကြီး ကျင်းပနိုင်မှာလား ဆိုတာ ကတော့ နိုင်ငံတွင်း နိုင်ငံရေး ဖြစ်ထွန်းမှုနှင့်လည်း သက်ဆိုင်ပါလိမ့်မည်။

ဒီနေ့ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးမှုဟာ အစိုးရသစ်လက်ထက် ဒုတိယအကြိမ် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ဆက်ဆံရေးဝန်ကြီးအဖြစ်နဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာ ၇ ကြိမ်ရှိခဲ့ပေမယ့် ဘာရလဒ်မှ မထွက်ပါဘူး။ ဒါ့အပြင် လူဟောင်းတွေ အဝတ်လဲတဲ့ အုပ်ချုပ်ရေးစနစ်သစ်ဆိုတော့ အခုဆွေးနွေးမှုတွေကနေ ရလဒ်ထွက်မယ်လို့ မမျှော်လင့်တာလည်း သဘာဝ ကျလွန်းနေပါတယ်။

ဒီ သံသယတွေကို လျော့ပါးသွားစေနိုင်တာ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး တိုင်းရင်းသား ဒေသတွေအရေး ဆွေးနွေးမှုကိုပါ တပါတည်း အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

တကယ်တော့ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးသူတွေ ကိုယ်တိုင်လည်း  စမ်းတဝါးဝါး လျှောက်လှမ်းနေကြရတာ ပါပဲ။ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေက အင်မတန်မှ ကွဲပြားတဲ့ အနေအထား ဖြစ်တာကြောင့်ပါ။ စစ်တပ် ဗဟိုပြုတဲ့ အစိုးရအနေနဲ့ အကန့်အသတ်အောက်က ပါလီမန်ထဲကို အတိုက်အခံတွေ ပါလာစေချင်တာပါ။ ဒီလိုပါလာရင် စိန်ခေါ်လာနိုင်စွမ်း မရှိအောင်လည်း အခြေခံ ဥပဒေနဲ့ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆင်းရဲနိမ့်ကျပြီး လူမျိုးကွဲများတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီကို ဖြေးဖြေးချင်းသွားမှ ရတယ်လို့ ဆိုတာကတော့ သူတို့အတွက် အဓိက ဝါဒဖြန့် သဘောတရား ဖြစ်ပါတယ်။  စစ်ခေါင်းဆောင်တွေရဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လမ်းပြမြေပုံကို သဘောမတူလို့ ပါဝင်ဆောင်ရွက်ခြင်း မပြုဘဲနေတဲ့ လူထုခေါင်းဆောင် လိုချင်တာက အမြင့်ဆုံး အာဏာပိုင်နဲ့ အရင် တွေ့ဆုံဆွေးနွေးမှု လုပ်၊ သဘောတူညီမှု ရယူမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ အခြေခံဥပဒေ ဖြစ်အောင် အရင်ပြင်ဆင်ရေးဆွဲမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိအခြေခံ ဥပဒေအတိုင်း လက်ခံမလား သို့မဟုတ် ပြင်ဆင်မလားဆိုတာ အခရာကျလာပါတယ်။

ဒီလို မတူကွဲပြားနေချိန်မှာ အခြေခံဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ဆိုတာ အမှန်တကယ်လည်း လိုအပ်ပါတယ်။ ဒီအဆင့်မှာ ဘာတွေဆွေးနွေးကြတယ်ဆိုတာ မသိပေမယ့် ရှစ်ကြိမ်မြောက် သို့မဟုတ် အစိုးရသစ်ဖြစ်လာပြီး ပထမအကြိမ်တွေ့ဆုံမှုအပြီး နှစ်ဖက်အပြောအရ အပြုသဘော ဆောင်တယ် ဆိုတော့ အပြုသဘော ဆောင်တယ်လို့ပဲ မှတ်ရမှာပါ။ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာကလည်း ဒီအဆင့်မှာ ဆွေးနွေးတဲ့ အကြောင်းအရာကလည်း ခိုင်ခိုင်မာမာ မရှိသေးတာပါ။ ဒါပေမဲ့ အကျိုးမဲ့ မဟုတ်တာ သေချာတာကိုတော့  ပြောလို့ရပါတယ်။ အစိုးရသစ်ဟာ သဘောထား ပျော့ပြောင်းလာပါပြီ သို့မဟုတ် ပျော့ပြောင်းလာနိုင်သေးတယ် ဆိုတဲ့ ပြယုဂ်တခု
ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရဘက်က အာဃာတကြီးလွန်း၊ သံသယ ကြီးလွန်းတာကို လျော့ပါးစေပြီး အကန့်အသတ်နဲ့ လှုပ်ရှားခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးမှုများကို ကြိုဆိုပြီး ဆက်လက် လုပ်ဖို့လည်း တိုက်တွန်းပါတယ်။

သတိမလစ်ဖို့ လိုတာကတော့ နှက်ဖက်လုံးအတွက် အချိန်ကာလဟာ ဝန်ထုပ် ဝန်ပိုးပဲ ဖြစ်ပါတယ်။ အချိန်ကြာလာ တာနဲ့ အမျှ ပြည်သူတွေ အကြား ထင်သာမြင်သာတဲ့ ဖြစ်ပေါ်တိုးတက်မှုကို
တောင်းဆိုလာမှာပါ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ ပြောပြော၊ စိတ်ဝမ်းကွဲပြားမှုတွေ
ပျောက်ပြီး နှစ်ဘက် အလုပ်အတူ လုပ်နိုင်ဖို့အတွက်ပဲ ပြောပြော ဘာတွေ တိုးတက်ဖြစ်ထွန်းလာသလဲ ဆိုတာကိုပဲ မေးခွန်း ထုတ်ကြမှာပါ။

အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အတွက် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ဟာ အဓိက ကျပါတယ်။ ဦးခွန်ထွန်းဦးလို တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေကို အမြန်ဆုံးလွှတ်ဖို့ လိုနေပါတယ်။ နိုင်ငံရေး အကျဉ်းသား နည်းလေ အစိုးရအတွက် ဂုဏ်သိက္ခာ တိုးလေဖြစ်ပြီး လူထုရဲ့ အမုန်းတရားကို လျော့ပါးအောင် ကုစားပေးနိုင်မှာ ဖြစ်ပါတယ်။ အစိုးရအတွက် ကတော့ မျက်နှာကောင်းရစေမယ့် နိုင်ငံခြားရေးရာမှာ ဖြစ်ဖြစ်၊ တိုင်းပြည် စီးပွားရေးမှာ ဖြစ်ဖြစ် အတိုက်အခံ ခေါင်းဆောင် ဘက်က ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပါ။

တပြိုင်တည်းမှာပဲ အစိုးရဟာ ၂ဝ၁ဝ ပြည့်နှစ်က ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ကြွင်းကျန်ခဲ့တဲ့ တိုင်းရင်းသား ဒေသများက အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှု လုပ်ရပါမယ်။ တပြိုင်တည်းမှာ လုပ်ဖို့ လိုပါတယ်။ တဖွဲ့ချင်း ခွဲထုတ် ဆွေးနွေးပြီး သွေးခွဲ အုပ်ချုပ်ရေးကို ဆက်လက် ဆုပ်ကိုင်တာမျိုး မလုပ်ဘဲ တပြည်လုံး အပစ်ခတ်ရပ်စဲပြီး ကိုယ်စားပြု တိုင်းရင်းသားအဖွဲ့နဲ့ ဆွေးနွေးတာဟာ ရေရှည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အုတ်မြစ်ချရာ ကျပါတယ်။

ဖြစ်ထွန်းမှု အစစ်မှန်ဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း ၄၄ နှစ်နေကြာ အပြီး ၂ဝ၁၃ ခုနှစ်မှာ တခါပြန်လည် မြင်တွေ့ ရမယ့် အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံများရဲ့ အားကစားပြိုင်ပွဲကြီးကို ပြည်သူတွေ ပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates