Monday, August 15, 2011

ရေတပ်ကလည်း ငွေမလျော် မြေသိမ်းဟု မွန်လူ့အခွင့်အရေးအဖွဲ့ပြော


ကွန်းချမ်း| တနင်္လာနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရေတပ်က စစ်လေ့ကျင်ရေးကွင်း၊ သင်တန်းကျောင်းနှင့် စစ်တန်းလျားများ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် ရေဖြူမြို့နယ်တွင်း ဒေသခံများ၏ မြေဧကပေါင်း တထောင် (၁၀၀၀) ကျော်ကို သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM က ပြောသည်။

အစီရင်ခံစာ မျက်နှာဖုံး
HURFOM ၏ တနင်္လာနေ့တွင် ထုတ်ပြန်သည့် “ပြည်သူတို့၏ မြေယာများအား အစိုးရ ရေတပ်မှ အဓမ္မ သိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood) အမည်ရှိ စာမျက်နှာ ၅၀ ပါ အစီရင်ခံစာ၌ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းပေါ် ရှိ ရာဘာခြံပိုင်ရှင် အိမ်ထောင်စုပေါင်း ၂၄၀ ခန့်၏ မြေဧက ၁၀၀၀ ကို နယ်မြေခံရေတပ် တပ်ရင်းအမှတ် ၄၃ က ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ စတင် သိမ်းဆည်းခဲ့ သည်။

လျော်ကြေးငွေ ပေးဆောင်ခြင်း မရှိပဲ သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွင် ကျွန်းနှင့် အနီးတဝိုက်ရှိ အခြားသော ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့သော ရာဘာခြံ မြေဧကပေါင်း ၃၀၀၀ ခန့်ကိုလည်း ဆက်လက် သိမ်းဆည်း သွားရန် ခြံမြေများကို သတ်မှတ်တိုင်းထွာ ထားသည်ဟုလည်း အစီရင်ခံစာ၌ ရေးသားထားသည်။

ကျွဲသုံးညီမကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ ကျွန်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ရှိကာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

“အစိုးရသစ် တက်လာပေမယ့် စစ်တပ်က မြေယာသိမ်းမှုတွေ ရှိနေတုန်းပဲ။ တိုင်းရင်းသားဒေသ အများစုမှာ စစ်တပ်
က လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့်အရေး
ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း တာဝန်ခံ ကိုဦးမွန်က မဇ္ဇျိမကို ပြောသည်။

အစီရင်ခံစာကို မြေသိမ်းခံရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကာ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်နှင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသည့် ခြံရှင်များနှင့် ဒေသခံ ၆၀ ဦးကို မေးမြန်း၍ ကွင်းဆက်လေ့လာ ရေးသားခဲ့ခြင်း ဖြစ်သည်။

အသိမ်းခံရသူများ အနေနှင့် မည်သည့် ဌာနသို့ တိုင်ကြားရမည်ကို မသိရှိကြောင်းနှင့် တိုင်ကြားရန်လည်း မဝံ့ရဲ
ကြောင်း ခြံမြေအသိမ်းခံရသူတဦးက မဇ္ဇျိမကို ပြောသည်။

“သူတို့ကို ကြောက်နေရတော့ ဘာမှ ပြန်မပြောရဲဘူး၊ ဘယ်မှာ တိုင်ရမှာလည်း မသိဘူး။ တချို့ဆိုရင် ခြံဝယ်ထား
တာ တနှစ်တောင် မပြည့်သေးဘူး အသိမ်းခံလိုက်ရတယ်။ ခြံကို ပြန်ရောင်းလည်း ဘယ်သူမှ မဝယ်ရဲဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း ဒေါက်တာခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီကက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ ဘိလပ်မြေစက်ရုံ စီမံကိန်း အတွက် ဒေသခံတို့၏ လယ်မြေဧကပေါင်း
၈၀၀ ကို သိမ်းယူခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

၎င်းပြင် မွန်ပြည်နယ် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပေါ်ရှိ သက်ကော့ကျေးရွာ အရှေ့ဘက် ၄ မိုင်အကွာရှိ
ဒေသခံများ ပိုင်ဆိုင်သည့် ရာဘာခြံ မြေများကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်အသစ် ချရန်နှင့် တပ်တွင်းစီးပွားရေးအတွက် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလတွင် အဆိုးဆုံး အခြေအနေ ဖြစ်ပြီး
၂ဝ၁၁ ခုနှစ်အထိ မြေဧကပေါင်း ၂ဝ,ဝဝ၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း HURFOM ၏ စာရင်းဇယား ပြုစုချက်
အရ သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates