Thursday, August 18, 2011

အမေရိကန် သံအမတ်တွေဟာ ကျနော်တို့အပေါ်မှာ နွေးထွေးမှု မရှိဘူး

ကိုဝိုင်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်

RNDP အတွင်းရေးမှူး ဦးလှစောနှင့် အင်တာဗျူး


ချင်းမိုင် (မဇ္ဈိမ) ။      ။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ John Kerry ၏ အကြံပေး မစ္စတာ အတ်မန် ထရီဗက်ဒီ Atman Trivedi သည် ဗုဒ္ဓဟူးနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အတူ ဒီမိုကရေစီမိတ်ဆွေများ ပါတီအစုအဖွဲ့ဖြစ်သော မွန် - AMDP၊ ဖလုံ - စဝေါ်၊ ရခိုင် - RNDP၊ ဒီ/ငြိမ်း၊ ဒီမိုကရက်တစ်ပါတီ - DP၊ ချင်း - CNP၊ NDF၊ UDP အပါအဝင် တစည တို့မှ ကိုယ်စားလှယ် များနှင့်လည်း တစုတည်း တွေ့ဆုံသည်။ ကျားဖြူပါတီ SNDP မှာမူ မအားလပ်သဖြင့် မလာနိုင်ကြောင်း တက်ရောက်သူများက ပြောသည်။


မေးမြန်းဆွေးနွေးမှု အကြောင်းအရာများနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပါတီအတွင်းရေးမှူး ဦးလှစော ကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းကမေးမြန်းထားသည်။

ဆရာတို့ ဘာတွေများ ဆွေးနွေးကြလဲ Message ရော ဘာများ ပေးလိုက်နိုင်သေးလဲ။

“ဆွေးနွေးတာကတော့ဗျာ လောလောဆယ် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သဘောထားတွေကို
မေးမြန်းတာပါပဲ။ သိပ် အပြောင်း အလဲကြီး သိပ်ထွေထွေထူးထူး ထူးထူးခြားခြားတော့ မရှိပါဘူး။ ပြောရိုး ပြောစဉ်ပါပဲ။ ကျနော်တို့ အီးယူတို့ဘာတို့နဲ့ ဆွေးနွေးတယ်ဆိုရင် အီးယူနဲ့ ဆွေးနွေးတာကမှ တော်တော်လေး ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ရှိတယ်ပေါ့ဗျာ။ အခုဟာကတော့ သာမန်ဆွေးနွေး လုပ်ရိုးလုပ်စဉ်လောက်ပါပဲ”

Sanction ကိစ္စတွေကော ဆွေးနွေးဖြစ်သေးလားဗျ။

“Sanction ကိစ္စတော့ မပါဘူး ခင်ဗျ”

နိုင်ငံရေးအရ ထူးခြားတဲ့ ဆွေးနွေးမှုကော ဆွေးနွေးတာ ရှိလားခင်ဗျာ့။

“မဆွေးနွေးခင် ကျနော်တို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီ ၉ ပါတီကနေပြီးတော့ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ ဟာလေးတွေကို ကျနော်တို့ ပြောပြတယ်ပေါ့ဗျာ။ ကျနော်တို့ ပြည်တွင်း စစ်ရပ်ရေးနဲ့ ပတ်သက်တာ၊ အကျဉ်းသား လွတ်မြောက်ရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဟာ၊ Sanction ရုပ်သိမ်းရေး ပြဿနာတွေ၊ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်ကို ကျနော်တို့ ပါတီက Paper တခု လုပ်ထားတယ်ဗျာ။ အဲဒီ Paper ကို ဦးမျိုးညွန့်ပေါ့ဗျာ ဒီငြိမ်းပါတီကနေပြီးတော့ ရှင်းပြတယ်။ အဲဒီအပေါ်မှာ သူက တချို့ဟာတွေကို လိုက်မေးတယ်။ လက်ရှိ ဗမာပြည်ရဲ့ နိုင်ငံရေး အနေအထားပေါ်မှာ ကျနော်တို့ ဘယ်လိုမြင်တယ် အဲဒါတွေကို မေးပါတယ်”



“အဲဒီတော့ ကျနော်ပေါ့လေ ကျနော် ရခိုင်ပါတီကဆိုတော့ တိုင်းရင်းသား ကိစ္စတွေလည်း မေးပါတယ်။ ကျနော့ ခံစားချက် တခုကိုတော့ ကျနော် ပြောလိုက်တယ်နော်။ ကျနော်က သူတို့ကို ဘာပြောလိုက်လဲ ဆိုတော့ ကျနော်တို့ ဒီမိုကရက်တစ် ပါတီတွေနဲ့ အမေရိကားက သံတမန် အရာရှိတွေပေါ့ဗျာ။ Diplomatic Official တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမေရိကားက အဲဒီ Diplomatic တွေဟာ ကျနော်တို့အပေါ်မှာ သိပ်နွေးနွေးထွေးထွေး မရှိဘူးလို့၊ ပြောလိုက်တယ်”

“အဲဒီ ဘာကြောင့်လည်းလို့ ဆိုတော့ ကျနော်တို့ဟာ ဒီ ၂၀၀၈ ဖွဲပစည်းပုံ အောက်မှာ ရွေးကောက်ပွဲ ဝင်ခဲ့တယ် ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်က ကျနော်တို့ကို စစ်တပ်ထင်လို့ ထွေးထွေး မရှိတာလား။ ကျနော်တို့ကို ဒီမိုကရေစီ နိုင်ငံရေးပါတီတွေလို့ ခင်ဗျားတို့ မသတ်မှတ်ချင်တာလား။ ကျနော်တို့ ပါတီထောင်ရတဲ့ ကိစ္စဟာ ကိုယ်ပိုင်သီးခြား ပြဿနာတွေရှိတယ် အထူးသဖြင့် တိုင်းရင်းသား ဆိုတာက လောလောဆယ်ပေါ့ဗျာ စီးပွားရေးအရ နိုင်ငံရေးအရ အင်မတန် ဆင်းဆင်းရဲရဲ ဒုက္ခရောက်ပြီး အဖိနှိပ်ခံရတဲ့ လူမျိုးစု အုပ်စုတွေနော်၊ ဖွံ့ဖြိုးမှု level နိမ့်ကျတယ်။ အဲဒီအတွက် ကျနော်တို့ဟာကိုယ့်ရဲ့ Identity အတွက် ပါတီတွေ ထောင်ကြတယ်၊ Plat found တွေယူကြတယ်။ ကျနော်တို့ရဲ့ အသံကို နိုင်ငံတကာ သိအောင် ပြည်တွင်းမှာ သိအောင် လူထုကို စည်းရုံး လုပ်ဆောင်ခဲ့ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့က အဲဒီလို ကျနော်တို့ကို ဒီမိုကရက်တစ်ပါတီတွေလို့ မသတ်မှတ်ဘူးဆိုရင်တော့ ခင်ဗျားတို့မှားတာပဲလို့ ကျနော်ပြောတယ်ဗျ။ ပွင့်ပွင့်လင်းလင်း ပြောတယ်”

“သူကပြောတာက သတ်မှတ်ပါတယ်တဲ့ သတ်မှတ်လို့လည်း ခင်ဗျားတို့ကို ဒီမှာခေါ်ပြီး ဆွေးနွေးတာပဲ အဲဒီလို ပြောတယ်။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်ပြီးတော့ ဒီအမေရိကန် အစိုးရ Sympathy
တွေဘာမှ တခုမှ လက္ခဏာ မပြည့်ဘူး။ ကျနော်တို့ကို စိတ်ဓာတ်ရေးရာ အရသော်လည်းကောင်း၊ တခြား Sympathy တွေ ဘာမှ အပြုသဘောတွေ ဆောင်တာတွေ မတွေ့ရဘူး ဆိုတဲ့အကြောင်း ကျနော်ပြောတယ်။ ကျနော် ဥပမာ တခု ပြောလိုက်သေးတယ်။ ဒီမိုကရက်တစ် ဂျာနယ်ဆိုတဲ့ စာအုပ်ကလေးတခု အကူအညီပေးဖို့ဟာကို အမေရိကန်သံရုံးတို့ အမေရိကန်က တာဝန်ရှိသူတွေက အင်တင်တင် လုပ်နေတယ် တော်တော် ခက်ခဲခဲ ကြိုးစားနေရတယ်။ အဲတွေ ကျနော် ပြောပြလိုက်တယ်။ သူကတော့ နောက်ထပ် ဘာတွေ ကူညီရမလဲ Capacity building ဘာတွေ ညာတွေပြောတာပေါ့ဗျာ”

“လောလောဆယ် လက်ရှိ ဗမာပြည်နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မေးကြတယ်ဖြေကြတယ် ပေါ့ဗျာ။
အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာပေါ့ဗျာ ကျနော်တို့ သဘောထားတွေ ပါတယ်။ ကျနော်တို့ အများစုအဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူကြပါတယ်။ အတူတူပါပဲ။ ကျနော်တို့က လက်ရှိ အခြေအနေဟာ သိပ်အကောင်းကြီးလည်း မဟုတ်ဘူး။ တချို့ဟာတွေ တော်တော်စိတ်ပျက်စရာ ကောင်းတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ လက္ခဏာတွေ တွေ့ရတယ် ပေါ့ဗျာ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာကို ကျနော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်။ ယေဘုယျ ပြောမယ်ဆိုရင် သိပ်အကောင်းကြီး အမြင်လည်း မဟုတ်ဘူး။ ဒါပေမယ့် အဆိုးမြင်လည်းမဟုတ်ဘူး။ နည်းနည်း မျှော်လင့်တာပေါ့ဗျာ။ အဲဒါတွေပြောတာ”

စိတ်ပျက်စရာ ကောင်းတယ်ဆိုတာ ဘယ်အချက်တွေကို ဆိုလိုချင်တာလဲ ခင်ဗျာ့။

“နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စ အကုန်လုံး ဝါးသွားတယ်ဗျာ။ ပြည်တွင်းလည်း အများပြည်သူရဲ့ ဘဝမှာ ဘာမှ ပျှော်ရွင်ကြည်နှုးရမယ့် ကိစ္စရှိတယ်လို့ အလှည့်အပြောင်းရယ်လို့ ဘာမှ မခံစားရဘူးဗျာ။ အချိန်ယူရမယ် ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် လက်ငင်းလက်တွေ့မှာ လုပ်ပြစရာတွေ တပုံတပင်ကြီး ရှိတယ်ဗျာ။ အဲဒါတွေကို ဒိုင်းဒိုင်းဒိုင်းဒိုင်း လုပ်ပြလို့ရတယ်ဗျာ။ စိတ်ပျက်ဖို့ ကောင်းတာပေါ့။ ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း မဆလ
ခေတ်တုန်းကလိုပေါ့ဗျာ နှက်ကြတယ် ပြုကြတယ်။ သက်ဆိုင်ရာကို ညွှန်ကြား ကြတယ်။ အခု
လောလောဆယ် မြန်မာပြည်မှာ တာဝန်ရှိတယ်ဆိုတဲ့ ဝန်ကြီးတွေ ကိုယ်တိုင်က မဆလ နောက်ပိုင်း လုပ်နည်းလုပ်ဟန်တွေက ဘာမှ ကွဲကွဲပြားပြားမတွေ့ရဘူး။ အဲဒါတွေ အင်မတန် စိတ်ပျက်ဖို့ကောင်းတယ်”

“မီဒီယာတွေလည်း ဒီလိုပဲ မဆလခေတ်တုန်းက သတင်းမီဒီယာတွေ သတင်းစာတွေပေါ့ဗျာ၊ အခု လောလောဆယ် မဆလခေတ် နောက်ပိုင်း နောက်ပြီးတော့ ၈၈ နဲ့ ၂ဝ၁ဝ ကြားမှာရှိတဲ့ သတင်းစာ တွေရဲ့ပုံစံနဲ့ ဘာမှ အပြောင်းအလဲ မရှိဘူးဗျ။ စိတ်ပျက်ဖို့ ကောင်းတာပေါ့ဗျ။ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသား နယ်မြေတွေပေါ့ဗျာ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း သစည်ဖြင့် အင်မတန် ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ ဘာမှ ထိထိရောက်ရောက် ဖွံ့ဖြိုး တိုးတက်မှု တွေ ဘာမှမတွေ့ရဘူး။ အဲဒါတွေကို ဂရုတစိုက်လုပ်မယ်ဆိုတာလည်း ကျနော်တို့ မကြားရဘူးဗျာ။ အဲဒါတွေ အင်မတန်စိတ်ပျက်ဖို့ ကောင်းတာပေါ့ဗျာ”

လက်ငင်းလုပ်ပြစရာရှိတယ်ဆိုရင် ဘာတွေကို လုပ်ပြစေချင်လဲခင်ဗျာ့။

“လက်ငင်း လုပ်ပြစရာဗျာ နံပတ်တစ် မြန်မာပြည်မှာ လက်ငင်းလုပ်ပြစရာ အင်မတန်လွယ်တဲ့ ကိစ္စပဲ။ နိုင်ငံရေး အကျဉ်းသားတွေကို ကျနော်တို့ ဒီမိုကရေစီကို မြတ်နိုးပြီးတော့ တိုင်းပြည်ကို ချစ်တဲ့အတွက် ထောင်ထဲ ရောက်နေ သူတွေ ရှိတယ်ဗျာ။ မြန်မာပြည် လူ့အဖွဲ့အစည်းကို ဘာမှ ဆိုးဆိုးရွားရွား လုပ်ခဲ့သူတွေလည်း မဟုတ်ဘူး။ ကျောင်းသားတွေ ရှိတယ်နော်။ အဲဒီတော့ နိုင်ငံရေးနဲ့ မိမိယုံကြည် ချက်ကြောင့် ထောင်ထဲရောက်နေတဲ့လူတွေ လွှတ်ပေးလိုက်ပေါ့ဗျာ။ ဘာခက်ခဲတဲ့ ကိစ္စလည်း။ အဲဒါမျိုးလိုပေါ့ဗျာ”

“နောက်တခုက ကျနော်တိုင်းရင်းသားတယောက်အနေနဲ့ ပြောတယ်။ တိုင်းရင်းသားဒေသတွေဟာ အင်မတန် ဖွံ့ဖြိုးမှု နောက်ကျတယ်။ ရခိုင်ပြည်မှာဗျာ သဘာဝဓာတ်ငွေ့တွေ အများကြီးထွက်တယ်။ သဘာဝဓာတ်ငွေ့တွေရောင်းပြီး သူတို့ ပိုက်ဆံတွေအများကြီးရတယ်။ လျှပ်စစ်မီးရအောင်လုပ်ပေးဖို့ ဘာခက်သလဲဗျ။ တာဘိုင် တလုံးနှစ်လုံး တည်ပြီးတော့လုပ်လိုက်ရင်ရတာပဲ။ ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်စရာမလိုဘူး။ လျှပ်စစ်မီးရရင် တိုင်းရင်းသားဒေသတွေဟာ အများကြီး ဖွံ့ဖြိုး တိုးတက်လာမယ်။ ဒါလက်ငင်း လုပ်လို့ရတဲ့ကိစ္စတွေပဲ။ နောက် ပညာရေး Reform တွေအများကြီး လက်ငင်းလုပ်လို့ရတဲ့ကိစ္စတွေ ရှိတယ်။ ရှည်ရှည်ဝေးဝေးတွေ အဲဒီ ကတိကဝတ်တွေက (တောင်းဆိုမယ့်) ကတိကဝတ်တွေ ထက် လက်ငင်းလုပ်ပြလို့ရတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါ ဥပမာအားဖြင့်
ပြောတာပါ။”

“ကျနော်ဆိုလိုတဲ့သဘောကတော့ ကျနော်တို့ အပြုသဘောဆောင်တဲ့ အချက်အလက်ကလေးတွေ
တွေ့ရသလို အင်မတန်စိတ်ပျက်စရာကောင်းတဲ့ နှောင့်နှေးမှုတွေ တွေ့ရတယ်။ အဲဒါကိုပြောတာပါ။
နောက်တခုက ပြည်တွင်း စစ်ရပ်တယ်ဆိုတာ ကျနော်တို့ အပစ်အခတ်ရပ်ပါ တယ်ပေါ့ဗျာ။ ကျနော်တို့ ထိုးစစ်တွေရပ်လိုက်ပါတယ်။ ဘာခက်တာမှတ်လို့ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ တိုင်းရင်းသား ညီနောင်သားချင်းတွေအနေနဲ့ ကျနော်တို့ စစ်ပွဲတွေကို မလိုချင်ဘူး ဒါကြောင့် ပြည်တွင်းစစ် ထိုးစစ်တွေကို ရပ်လိုက်ပါတယ်။ ကျနော်တို့ စစ်ဆင်ရေးတွေကို ရပ်လိုက် ပါတယ်ပေါ့ဗျာ။ အပစ်အခတ်ရပ်ရေးအလုပ် ကျနော်တို့ ကြိုဆိုပါတယ် ဒါ ဘာခက်တာ မှတ်လို့ ဗျာ ဒါရှင်းရှင်းလေးပဲ”

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော။

“လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောပါမယ်နော်။ ကျနော်မနေ့ကလည်း
ပြောလိုက်ပါတယ်။ အဲဒီအမေရိကန်အဖွဲ့တွေကို။ အင်မတန်လည်း စိတ်ပျက်ဖို့ကောင်းတယ် ပေါ့ဗျာ။ ဒါပေမယ့် အပြု သဘောဆောင်တယ်လို့ ထင်ရတဲ့ အချက်အလက်လည်း မြင်ရတယ်။ အဲဒီလိုတော်တော်ကို ဖြစ်နေတယ်ဗျ။ ရိုးသားပွင့်လင်းမှုတွေနဲ့ တကယ့်လက်တွေ့ကျတဲ့ အလုပ်တွေကို မြင်ချင်တယ်ပေါ့ဗျာ။ အခုဆိုရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကို (ပါတီတခုက ၃ ယောက်) နေပြည်တော်မှာ work shop တခုခေါ်ထားတယ်ပေါ့ဗျာ။ အဲဒီ work shop တွေကလည်း ဘယ်လောက် လက်တွေ့ကျကျ အလုပ်လုပ်မလည်းဆိုတာ ဗမာပြည်ကတော့ အဲဒီလို တော့်တော့ကို ခတ်ရှုတ်ရှုတ်ပေါ့ဗျာ ဖြစ်နေတယ်။”

“အဲဒီတော့ ကစားနေကြတာလား ဆိုတာလည်း ကျနော်တို့ တိုင်းရင်းသားအနေနဲ့ အင်မတန် အားနည်းတဲ့ နိုင်ငံရေး ပါတီတခုအနေနဲ့ စဉ်းစားစရာပဲပေါ့ဗျာ။ အခု အာဆီယံရဲ့ ဥက္ကဋ္ဌ ကိစ္စနေရာတွေရော ပြည်တွင်းစစ်ကိစ္စတွေရော ဆင်းရဲမှု တိုက်ဖျက်ရေးတွေရော မနေ့တနေ့ကပြောခဲ့တဲ့ ဦးသိန်းစိန်မိန့်ခွန်းထဲမှာတော့ ကောင်းတာတွေလည်း ပါသလို စိတ်ညစ်စရာတွေလည်း တွေ့ရတယ်ပေါ့ဗျာ။ အဲဒီလို အင်မတန် စိတ်ပျက်စရာတွေလိုလို လင်းရောင်ခြည် သန်းလာ သလိုလို တော်တော် ရှုတ်ထွေး
နေတယ်ဗျ။ ကျနော်တို့ကတော့ အရှိတရားကို ပွင့်ပွင့်လင်းလင်းပဲ ချပြပြီးတော့ လမ်းကြောင်းသစ်တွေကို ပြတ်ပြတ်သားသားလျှောက်ရအောင် ဆိုတာမျိုးပဲ ကြားချင်ပါတယ်”

“အခုဟာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ တသက်လုံးပေါ့ဗျာ ဟို အဆင်မပြေဖြစ်ခဲ့တဲ့ အစိုးရနဲ့ တစုံတရာနားလည်မှုရပြီးတော့ အပြုသဘော အကောင်းသဘော တိုင်းပြည်အတွက် လုပ်ကြမယ် ဆိုတော့ ကျနော်တို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ကြမလဲ။ အဲဒီတော့ တော်တော်ရှုတ်ထွေးတယ်ဗျ။ ကျနော်တို့က အရင်တုန်းကဆိုရင် ကျနော်တို့က အန်အယ်ဒီကတော့ မဝင်ဘူး။ တလျှောက်လုံး လူတွေကို တိုက်လာတယ်။ တိုက်လာတဲ့လူတွေက အခု အစိုးရနဲ့ ပူးပေါင်းလုပ်မယ်။ နောက်တခါ ပြည်တွင်းစစ်ကြီးကလည်း မီးတောက်လာတယ်။ ဒီပြဿနာတွေ အကုန်လုံး ရှုတ်ရှုတ်ထွေးထွေးက ကျနော်တို့ကတော့ အပြုသဘောမြင်ပါတယ်။ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ အဲဒါ ရှုတ်ထွေးတာတော့ တော်တော် ရှုတ်ထွေးနေတာ။ ပွင့်လင်းမှုတွေလည်း သိပ်မတွေ့ရဘူး”
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates