Tuesday, August 2, 2011

ရေးမြို့ ရေကြီး ကျောင်းဈေးများ ပိတ်

ကွန်းချမ်း| အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ မွန်ပြည်နယ် ရေးမြို့တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မွန်ပြည်သစ်
ပါတီ ဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသမှ ချောင်းရေများ လှိမ့်ဆင်းလာခြင်းကြောင့် မြို့ပေါ် ၃ ရပ်ကွက် ရေမြုပ်ခဲ့ပြီး စာသင်ကျောင်း ၄ ကျောင်းနှင့် ဈေး ၂ ဈေး ပိတ်ထားရသည်။

ဇူလိုင်လ ၃ဝ ရက်နေ့မှ စတင်ကာ ရွာသွန်းသည့် မိုးကြောင့် အောင်မင်္ဂလာ၊ အောင်သုခ၊ အောင်မေတ္တာ (အောင်သုံးအောင်) ရပ်ကွက်များရှိ အထက်တန်းကျောင်း တကျောင်း၊ မူလတန်း ၃ ကျောင်း၊ အောင်သီတာဈေးနှင့် ရန်ကြီးအောင် ရပ်ကွက်ရှိ မြသီတာဈေးတို့ကို ဇူလိုင်လ ၃၁ ရက်နေ့မှ စပြီး အင်္ဂါနေ့ထိ ပိတ်ထားခဲ့ရသည်။

အခြားရပ်ကွက်များ ဖြစ်သည့် သီရိနန္ဒာနှင့် ရန်ကြီးအောင်ရပ်ကွက် အချို့တွင်လည်း ရေများ နစ်မြုပ်ခဲ့ကာ
 ရေနစ်မြုပ်သည့် အိမ်ခြေပေါင်း ၂၀၀၀ ခန့် ရှိမည်ဟု ရန်ကြီးအောင်ရပ်ကွက်သူ တဦးက ခန့်မှန်းသည်။

အခြားရပ်ကွက်များမှ ရေနစ်မြုပ်ရာ ရပ်ကွက်များသို့ လှေဖြင့် ထမင်းထုပ်ကို လိုက်လံ ဝေငှပေးနေသည်ဟုလည်း သူမက ပြောသည်။

ရေကြီးမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအချို့မှာ ရေဘေးလွတ်သည့် အခြားရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ကြပြီး အချို့မှာ နေအိမ် အပေါ်ထပ်တွင် ဆက်လက် နေထိုင်လျက် ရှိသည်။

ရေတဖြေးဖြေး တက်စဉ် ဈေးသည်များက ကုန်ပစ္စည်းများကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိကြောင်း မြသီတာဈေးမှ ဈေးသည်တဦးက ပြောသည်။

ဇူလိုင်လ ၃၁ ရက် တိုင်းထွာချက်အရ မွန်ပြည်နယ် ရေးမြို့၌ မိုးရေချိန် ၁၂ ဒဿမ ၆၀ လက်မ ရွာသွန်းခဲ့သည်ဟု
 နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates