Thursday, August 11, 2011

မြန်မာစစ်တပ်ကို အမေရိကန် အမျိုးသမီးအမတ်များ ဝေဖန်


မဇ္ဈိမသတင်းဌာန| ကြာသပတေးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် အမျိုးသမီး ဆီးနိတ်လွှတ်တော် အမတ် ၁၃ ဦးက မြန်မာ အစိုးရတပ်က
ပြုလုပ်နေသည့် မုဒိမ်းကျင့်နေမှုများနှင့် ပတ်သတ်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံအား အရေးယူ ဆောင်ရွက်ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ စာတစောင် ရေးသားပေးပို့ကာ တောင်းဆိုလိုက်သည်။

အမေရိကန် အခြေစိုက် U.S Campaign for Burma မှ တဆင့် မဇ္ဈိမမှ လက်ခံရရှိထားသည့် သြဂုတ်လ ၁ဝ ရက်နေ့ နေ့စွဲပါ ဆီးနိတ်လွှတ်တော် အမျိုးသမီး အမတ်များ၏ နိုင်ငံခြားရေး ဝန်ကြီးကလင်တန်ထံ ပေးစာထဲတွင် “မုဒိမ်းကျင့်ခြင်းအား မြန်မာစစ်တပ်က လက်နက်တခုသဖွယ် အသုံးပြုနေခြင်းကို ရပ်တန့်ရန်အတွက် အမေရိကန်မှ ဖိအားပေး တိုက်တွန်းရန်နှင့်  မြန်မာနိုင်ငံအတွင်း လူသားခြင်း စာနာမှုကို ဆန့်ကျင်၍ ပြုလုပ်သော ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စုံစမ်းရေး အတွက် ဆက်လက်လုပ်ဆောင်ရန်” ဟူ၍ တိုက်တွန်းတောင်းဆိုထားသည်။

ပေးစားအား လက်မှတ်ရေးထိုးခဲ့ကြသည့် ဆီးနိတ်လွှတ်တော် အမတ် ၁၃ ဦးထဲတွင် ကာလီဖိုးနီးယား ဒီမိုကရက်တစ် ဆီးနိတ်လွှတ်တော် အမတ် Diane Feinstein နှင့် တက်ဆက်စ် ရီပတ်ဘလီကန် အမတ် Kay Bailey Hutchison တို့လည်း ပါဝင်သည်။

မြန်မာစစ်တပ်သည် တိုင်းရင်းသား လူနည်းစုများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် နယ်စပ်တလျှောက်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများအား စစ်လက်နက်သဖွယ် အသုံးပြုနေသည်ဟု ဆီးနိတ်လွှတ်တော် အမတ်များက မကြာသေးခင်
က ထွက်ရှိခဲ့သည့် အစီရင်ခံစာများကို ကိုးကား၍ ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ စတင်ခဲ့သည့် ဇွန်လမှစ၍ ဒါဇင်ပေါင်း များစွာသော အမျိုးသမီးများ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံခဲ့ရသည်ဟုလည်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး၏ အစီရင်ခံစာထဲတွင် ဖော်ပြထားကာ “မြန်မာစစ်သားများသည် အမျိုးသမီးများအား မုဒိမ်းကျင့်ရန် အမိန့်ရရှိကြသည်”ဟူသည့် အဆိုတခုကို ကိုးကားဖော်ပြထားသည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်ကလည်း ၂၂ နှစ်ကြာ အပစ်အခပ်ရပ်စဲရေး ကျိုးပျက်အပြီး မြန်မာစစ်တပ်
၏ မကြာသေးခင်က ရှမ်းပြည်တပ်မတော် (SSA) အပေါ် ထိုးစစ်ဆင်စဉ် ကာလအတွင်း ဖြစ်ပွါးခဲ့သည့် မုဒိမ်းကျင့်မှု သတင်း အချက်အလက်များအား စုဆောင်းနေပြီး မြန်မာစစ်တပ်အား အမျိုးသမီးများနှင့် ကလေးများ အပေါ် မုဒိမ်းကျင့်ရန် ခွင့်ပြုထားသည်ဟု တင်ပြထားသည်။

ဂျာမဏီ အခြေစိုက် ခြိမ်းခြောက်ခံ လူသားများအတွက် အဖွဲ့အစည်း - STP ကလည်း တနလာင်္နေ့က ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပြီး ဂျာမန်အစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားခြင်း စာနာမှုကင်းမဲ့သော ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများအား စုံစမ်းရေးတွင် တားဆီး ပိတ်ပင်နေသည်ဟု စွပ်စွဲခဲ့သည်။

STP အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ ဒေသများတွင် ဖြစ်ပွားနေသည့် စနစ်တကျ အကွက်ချ မုဒိမ်းကျင့်မှုများ၊ အတင်းအကြပ် လုပ်အားပေး ခိုင်းစေမှုများ၊ မတရား ဖမ်းဆီးမှုများ၊ မတရားစီရင်မှုများ၊ နှိပ်စက်မှုများ၊ အတင်းအဓမ္မ နေရာပြောင်းရွှေ့ခိုင်းမှုများနှင့် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများနှင့် ပတ်သတ်သည့် သတင်းပေးပို့မှုများ ပုံမှန် ရှိနေသည်ဟု သိရသည်။

စုစုပေါင်း လူဦးရေ ခုနစ်သိန်းခန့်သည် ထိုအကြမ်းဖက်မှုများကို ကြောက်လန့်သဖြင့် ထွက်ပြေးနေရ သည်ဟုလည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates