Sunday, August 14, 2011

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် တိုက်ရိုက် တင်ဆက်မှု

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၀၉ နာရီ ၂၀ မိနစ


ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဗီဒီယို မှတ်တမ်း


ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဗီဒီယို မှတ်တမ်း

 

ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဗီဒီယို မှတ်တမ်း

 


ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဗီဒီယို မှတ်တမ်း

 


ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅) ဗီဒီယို မှတ်တမ်း

 


ဆီးကြို နှုတ်ဆက်ကြသည့် ပြည်သူလူထုများ

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၂၉ မိနစ်

သနပ်ပင်မြို့မှ ပဲခူးမြို့သို့ ပြန်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြိုနှုတ်ဆက်ကြသည့် ပြည်သူလူထုများကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

"အောင်ဆန်းဂျာမွန်း စာကြည့်တိုက်တွင် မိန့်ခွန်းပြောကြား"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၂၉ မိနစ်

အာင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား
      (ဓါတ်ပုံ မဇ္ဈိမ)
အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား
  (ဓါတ်ပုံ မဇ္ဈိမ)


ပဲခူးမြို့ ရွှေမော်ဓော ဘုရားသို့ ဦးစွာ ဝင်ရောက်ဖူးမြော်သည် (ဓါတ်ပုံ မဇ္ဈိမ)


ရန်ကုန်ပြန်ပြီ

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၄၇ မိနစ်

ဒေါ်အောင်ဆန်းစုကြည်က ရေဘေး ဒုက္ခသည်များကို အားပေးစကား ပြောကြားပြီးနောက် မြန်မာစံတော်ချိန် ၃ နာရီ၌ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်သွားပြီ ဖြစ်သည်။

“ဒုက္ခသည်တွေက တက်တက်ကြွကြွ ကြိုဆိုကြတာပေါ့။ ဒုက္ခသည်တွေရော၊ အဲဒီရပ်ကွက်က လူတွေကော အားလုံးပေါင်း ၂,၀၀၀ လောက်က ပြွတ်သိပ်ကျပ်နေတာဘဲ။ အခုတော့ ဘုန်းကြီးကျောင်း ကနေ ရန်ကုန်ကို ပြန်နေပါပြီ။ အခုက လမ်းပေါ်မှာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

"အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖဲကြိုးဖြတ် ဖွင့်လှစ်"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၂၆ မိနစ်

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အတွက် ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ-Aung Myo Htun

"အောင်ဆန်းဂျာမွန်း"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့ ပဲခူးတိုင်း
နိုင်ငံရေး ခရီးစဉ်အတွင်း အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းတို့တွင် တည်ရှိသည့် ထိုအောင်ဆန်းဂျာမွန်း စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၄,ဝဝဝ ကျော် ရှိသည်ဟုသိရသည်။ ထိုစာကြည့်တိုက်နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းနှင့် ဒေသခံ ပြည်သူများ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၀ သိန်းကျော် ဖြစ်သည်။


"ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံ"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၄၉ မိနစ်

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်းတိုက်ရှိ
ရေဘေးဒုက္ခသည်များကို ဒေသစံတော်ချိန် ၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။

“အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။

ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။


"ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များ"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၅၁ မိနစ်

- ၁၉၈၉ ဇန်နဝါရီ ၁၄ - ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အဖြစ် မအူပင်သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့သည်။ မအူပင် မဝတမြို့နယ်ကောင်စီမှ ပြည်သူလူထုအား “မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်း မဆက်ရ၊ လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ” ဟူ၍ ကန့်သတ်ခဲ့သည်။

- ၁၉၈၉ ဖေဖော်ဝါရီ ၁၁ - ရှမ်းပြည်နယ် ပင်လုံသို့ နိုင်ငံရေးခရီးစဉ်ထွက်ခဲ့ကာ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့သည်။ ပင်လုံကျောက်တိုင်ရှေ့ ပြည်ထောင်စုရင်ပြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ သဘောထားနှင့် ယေဘုယျ လုပ်ငန်းစဉ်များအား ရေးသား ဖော်ပြထားသည့် “ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်း” ကို ဖတ်ကြားခဲ့သည်။

- ၁၉၈၉ ဧပြီ ၅ – NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူမြို့တွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်ခဲ့သည်။

- ၁၉၈၉ ဧပြီ ၂၇ - ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြစ်ကြီးနား အဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည့်အပြင် ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းနောက် ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက် KNDC ရုံးသို့သွား၍ တိုင်းရင်းသား
ခေါင်းဆောင်များနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အမြင်ဖလှယ်၊ တွေ့ဆုံဆွေးနွေးခဲ့သည်။

- ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

- ၁၉၉၆ မတ် ၁၃ – မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့သည်။

- ၁၉၉၈ ဇူလိုင် ၂၃ – ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရသည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့ အနီး ၁၃ ရက်ကြာ ပိတ်ဆို့ ခံရသည်။

- ၂ဝဝဝ သြဂုတ် ၂၄ – ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံခဲ့ရသည်။ ယင်းနောက် ခေတ္တ ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂ ရက်နေ့ကျမှသာ နေအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

- ၂ဝဝဝ စက်တင်ဘာ ၂၁ – မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရပြီး
နေအိမ်သို့ ပို့ဆောင်ခံရကာ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရသည်။

- ၂ဝဝ၃ ဧပြီ ၁ဝ - အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် ချင်းပြည်နယ် မတူပီသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အောင်မြင်ခဲ့သော်လည်း ခရီးစဉ် အဆင်ပြေချောမွေ့ရေးနှင့် လုံခြုံရေး အထူးတာဝန်ယူထားသူ ဆလိုင်း လှမိုး အပါအဝင် မတူပီမြို့နယ် အတွင်းရေးမှူး ဆလိုင်းအောင်ထန်း၊ လူငယ်ရေးရာတာဝန်ခံ ဆလိုင်းပါထိန်းကို ခရီးစဉ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

- ၂ဝဝ၃ မေ ၃ဝ – အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရသည်။ ယာဉ်မောင်းဖြစ်သူ ကိုကျော်စိုးလင်းမှ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ ထိုမှတဆင့် နေအိမ် အကျယ်ချုပ်ကျခံရသည်။


"ခရီးစဉ်အပေါ် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု- FDB မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်၏ အမြင်။"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၃၉ မိနစ်

“ပထမတခုအနေနဲ့ကတော့ လူထုခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်အောက်ခြေပါတီ အဖွဲ့အစည်းဝင်တွေနဲ့ လူထုနဲ့ သွားတွေ့တာ ကောင်းပါတယ်။ ဒီခရီးစဉ်ကြည့်ရတာ ဒုတိယအကြိမ် တွေ့ဆုံပြီးတော့ သွားတယ်ဆိုတော့ ဘာပဲပြောပြော ညှိညှိနှိုင်းနှိုင်းလုပ်ကြတဲ့ပုံပေါ့လေ။ ဆိုတော့ ဒီခရီးထဲမှာ စာကြည့်တိုက်ဖွင့်မှာတို့၊ ကိုယ့်အဖွဲ့ဝင် လူငယ်တွေနဲ့တွေ့မှာတို့အပြင် တခြားလူထုတွေကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်တွေ့မလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ လူထုတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့တယ်ဆိုလို့ရှိရင်တော့ ဆွေးနွေးပွဲရဲ့ ပူးပေါင်းဆောင်ရွက်မှုက တခုမြင့်လာတယ်လို့ ပြောရမယ်။ ဒါပေမဲ့လို့ စာကြည့်တိုက်ဖွင့်ရုံပဲ သွားတယ်ဆိုရင်တော့ တဘက်နဲ့ တဘက် အပြန်အလှန် မထိခိုက်ရေး အောက်မှာပဲ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နေကြသလားဆိုပြီးတော့ ယူဆရမှာပေါ့။

“တခုရှိတာကတော့ အခုလို ဆွေးနွေး ညှိနှိုင်းနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဆွေးနွေးနေရတဲ့ အသေးစိတ်နဲ့ မဟာဗျူဟာတွေကို သူ ရှင်းပြချင်မှ ရှင်းပြနိုင်မှာပါ။ ဒါပေမဲ့လို့ အခုလိုမျိုး လူထုကို တွေ့တဲ့ အချိန်မျိုးမှာတော့ဖြင့် သူ့အနေနဲ့တော့ ကျနော်တို့ ပြည်သူတွေ အားလုံးလိုချင်တဲ့
ပြောင်းလဲမှုကို ရဖို့ ဘယ်လိုမျိုး စဉ်းစားချက်တွေ လုပ်ဆောင်သွားမယ်။ ဘယ်လိုမျိုး အခြေခံတွေ ကိုတော့ဖြင့် ဘယ်လိုမျိုး ကိုင်ဆောင်သွားမှာ ဖြစ်တယ်။ နောက် ဒီလူထုအပိုင်းကလည်း ဘယ်လောက် တိတိကျကျ ပါဝင်ရမယ်ဆိုတဲ့အပိုင်းတွေကို သေသေချာချာ ပြောဖို့ လိုတယ်ထင်တယ်”

“ဆိုလိုတာက ကျမတို့ပဲ လုပ်လို့မရဘူး။ လူတွေလည်း လုပ်ဖို့ လိုတယ်ဆိုတာ။ ဒါပေမဲ့ ဘာလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အထူးသဖြင့် ကျနော်မြင်တာက လူငယ်တွေနဲ့ တွေ့တဲ့အပိုင်းမှာ ဒီလူမှုရေးကွန်ယက်တွေ ဖွဲ့ကြပါ။ လူတွေထဲမှာ နိုင်ငံရေး ချကြပါဆိုပေမယ့်လို့ အဲဒီလို နိုင်ငံရေးချတဲ့ အလုပ်တွေက ဘယ်လို ပုံစံမျိုးနဲ့ ချမှာလဲ။ လူမှုရေးလုပ်ငန်းဖြစ်တဲ့ NGO ကို လုပ်ငန်းသက်သက်လား။ နိုင်ငံရေး ပညာပေးရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ ဘယ်လောက် ပါမှာလဲ။ အဲဒီလို လုပ်ငန်းတွေကို NLD က ဘယ်လို ကူညီပေးမှာလဲ။ အရည်အသွေးဖြည့်ပေးမှာလဲ။ အဲဒါတွေ ဆက်စပ်အောင် ဘယ်လိုလုပ်မှာလဲ။ လက်တွေ့ လုပ်ငန်းသဘောပါတဲ့ ဆွေးနွေးမှုမျိုးတွေ ပို လုပ်ပေးနိုင်ရင် လူငယ်တွေလည်း ပိုပြီး အားရှိမယ်။ အမြင်လည်း ပိုတွေ့မယ်။ လုပ်ငန်းလည်း ပိုကောင်းလာတယ်ပေါ့”
“၁၁ နှစ်ကြာမှ တခါလာတာ”

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၁၇ မိနစ်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နှုတ်ချက် (၁)

(ပဲခူးမြို့ရှိ ဦးမြတ်လှ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားခဲ့သော မိန့်ခွန်းကို ကောက်နှုတ် ဖော်ပြ ထားခြင်း ဖြစ်သည်။)

“ ကျမ ပဲခူးကို တခေါက်လာတုန်းက အဲဒီတုန်းက ကမ္ဘာ့ဘောလုံးပဲ နောက်ဆုံးနေ့ ဖြစ်တယ် အဲဒီနေ့မှာတောင်မှ ပဲခူးက မြို့သူမြို့သားတွေက ထွက်ပြီးတော့ ကြိုကြတာ၊ အဲဒီတုန်းက ဘဘ ဦးတင်ဦးက မေးတယ် ဘောလုံးပွဲ မကြည့်ဘူးလားလို့ မေးတယ် ဆိုတော့ ပြန်ဖြေတာက ဘောလုံးပွဲကတဲ့ ၄ နှစ်တခါ ကြည့်ရတယ်တဲ့ ကျမလာတာက ၁၁ နှစ်မှ တခါလာတာတဲ့”

“အဲဒီတော့ ဒီလိုထောက်ခံမှုတွေ ရှိလာတော့ ကျမတို့မှာ တာဝန်ရှိလာပါတယ်၊ လူထုက ထောက်ခံတယ် ဆိုတာ ဟာ မျှော်လင့်ချက်နဲ့ ထောက်ခံတာပါ၊ ဒါလည်း ဖြစ်သင့်ပါတယ် ပြည်သူလူထုဘက်ကလည်း ကိုယ်မျှော်လင့်နိုင် သလောက် ထောက်ခံရမှာပေါ့၊ မဟုတ်လို့ရှိရင် ဘာလို့ ထောက်ခံမလဲ မောတယ်၊ တယောက်ယောက်ကို မျှော်လင့်ချက်နဲ့ ထောက်ခံတယ် ဆိုတော့ ကျမတို့ကလည်း ကိုယ့်တာဝန် ကိုယ်ကျေရမယ် ဆိုတာ ကျမတို့ အများကြီး နားလည်ပါတယ်"

“နိုင်ငံရေးဆိုတာဘာလဲဆိုတော့ ကိုယ့်နိုင်ငံကို တိုးတက်အောင် အေးချမ်းအောင်လို့ တည်ငြိမ်အောင်လို့ ညီညွတ်အောင်လို့ ဒါမှသာ နိုင်ငံရေးခေါ်တယ် အဲဒီတော့ နိုင်ငံရေးဟာ နိုင်ငံရေးပဲ နိုင်ငံရေးကို
ရှေ့ထားပြီးတော့ ကျမတို့ လုပ်နိုင်ရမယ်၊ အမှန်ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ချင်း တယောက်ချင်းစီမှာ ဇောက်ချ ပြီးတော့ ဘဝပေးပြီးတော့ နိုင်ငံရေးမှာ လုပ်နိုင်ရမယ်”

“ကျမတို့နိုင်ငံမှာ ပြောပြောနေတယ် ဝန်ထမ်းတွေလိုတယ်၊ ကျောင်းဆရာ ဆရာမတွေလိုတယ်၊ ဆရာဝန်တွေလိုတယ် အမျိုးမျိုးပေါ့၊ အဲဒီတော့ လိုအပ်ချက်တွေက အများကြီးရှိတဲ့အခါကျတော့ လူတိုင်းလူတိုင်းက အချိန်ပြည့် နိုင်ငံရေး လုပ်ရမယ်လို့ မဆိုလိုဘူး”

“နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကိုယ်စားပြုတဲ့
ပည်သူလူထု မျှော်လင့်ချက်တွေကို အကောင်အထည် ဖေါ်ဖို့ လိုပါတယ် အဲဒီတော့ နိုင်ငံရေး လုပ်တယ် ဆိုတာဟာ အလုပ်နဲ့ တာဝန်နဲ့လည်း တွဲရမယ်၊ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူတွေ တာဝန်သိမှ ကိုယ်လိုချင်တဲ့ ကိစ္စတခုကို ပုံစံဖေါ်နိုင်မှာ၊ ကိုယ်က တာဝန်မယူဘဲနဲ့ ငါတို့လုပ်ချင်တဲ့ ပုံစံမဖြစ်ဘူး အဲဒီလို ပြောလို့ မရဘူး၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရအောင်လို့ ကျမတိုက်တွန်းချင်တယ်”
"စိတ်ဓာတ် ကြံ့ခိုင်ဖို့လို"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်

(မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)

ဒေါ်အောင်ဆန်းစုကြည်၏ ၁၅ မိနစ်ကြာ မိန့်ခွန်းတွင် သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပေါ် မကြာမီ လူထုကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်ရန် ပြောဆိုသွားသည်ဟု ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

“သူက လူတွေ ညီညီညွတ်ညွတ်ရှိဖို့ ပြောတယ်။ နောက်တခုက ဦးအောင်ကြည်နဲ့ သူနဲ့ တွေ့တဲ့ ကိစ္စကို သိပ်သိချင်ကြမယ်။ အခုလည်း ပြောသင့်သလောက်တော့ ပြောပြီးပါပြီ။ နောက်သေချာတဲ့ အချိန်ကြရင် လူထုကို ထုတ်ပြီး ပြောပါ့မယ်တဲ့။ တခြားက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရမ်း အရေးသိပ်ကြီးတယ်ပေါ့။ စိတ်ဓါတ်ကြံ့ခိုင်မှ ရှေ့ဆက် အလုပ်လုပ်လို့ ရမယ်ပေါ့။ အဲဒါတွေပြောတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းမှ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ၅ သိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

“အခု ရေဘေးဒုက္ခသည်တွေကို လှူဖို့ ကျနော့်ကို လွှဲပေးနေတယ်။ ထမင်းစားပြီးရင်တော့ ပဲခူးတိုင်းက ရှေ့နေ ကွန်ယက်တွေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ အခုက ထမင်းစားနေတုန်းဆိုတော့ မပြောရသေးဘူး”ဟု သူက ဆက်ပြောသည်။

"စာကြည့်တိုက်ဖွင့်ပြီး"

 သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ နံနက် ၉း၃ဝ က ပဲခူတိုင်း သနပ်ပင်မြို့နယ်ရှိ
အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

စာကြည့်တိုက်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ သနပ်ပင်မြို့နယ် ရပ်မိ၊ ရပ်ဖ တဦးချင်းစီတို့မှ မိန့်ခွန်း
ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အဓိကအားဖြင့် ပညာရေးနှင့်ပတ်သက်၍ အထိကထား ပြောကြားပြီး လူငယ်များ စာဖတ်ကြရန်လည်း တိုက်တွန်းပြောဆိုသွားသည်။

သနပ်ပင်မြို့မှ ပဲခူးမြို့သို့ နာရီဝက် ခရီးစဉ်အတွင်း လမ်းတလျောက်ရှိ ဒေသခံ ပြည်သူများမှလည်း ၅ ယောက် အုပ်စု၊ ၄ ယောက်အုပ်စု၊ ၃ ယောက်အုပ်စု၊ စသည်ဖြင့် အုပ်စုငယ်ကလေးများဖြင့်
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ကြကြောင်း ထိနေရာတွင် ရောက်နေသည့် သတင်းထောက်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည်ပိုင်းအတွင် ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှ အိမ်တွင်ထားရှိသည့် စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးဦးမည်ဖြစ်သည်။
"ဒေါ်စု ပဲခူးရောက်ပြီ ဒေသခံ ၃,ဝဝဝ ကျော်ကြိုဆို"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၉ နာရီ ၂၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။          ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူးတိုင်းအတွင်းရှိ စာကြည့်တိုက်များ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ရာ၊ ဒေသ စံတော်ချိန် ၉ နာရီခန့်က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ ပဲခူးတိုင်း သနပ်ပင်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ၏ ဒုဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါဝင်ကာ
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုမူ NLD ဗဟိုလုံခြုံရေးလူငယ်အဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းသို့ ဒေါ်အောင်ဆန်းစုကြည်
ရောက်ရှိလာရာ ဒေသခံ ၃,ဝဝဝ ခန့် ကြိုဆိုနှုတ်ဆက်ကြသည်ဟုလည်း NLD ၏ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

"ပရိသတ်က ကြိုဆိုနှုတ်ဆက်နေတယ် မေမေစုကို ချစ်တယ် ဆိုတဲ့ စာတမ်းလေးတွေကို ဝှေ့ရမ်းပြီးတော့ ပရိသတ်က ကြိုဆိုနေတယ်၊ လူထုက ကြိုဆိုနေတုန်းပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ လူခန္ဓာကိုယ်ထက်ကြီးတဲ့ ပိုစတာကြီးတွေ အဲဒါတွေနဲ့ ကြိုဆိုကြတယ်"

သတင်းပေးပို့ချိန်တွင် ပရိသတ်မှ ဒေါ်စုကို မိန့်ခွန်းပြောရန် တောင်းဆိုနေပြီး ဒေါ်စုမှလည်း မိန့်ခွန်းပြောရန် အစီအစဉ်ရှိသည်ဟု ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ NLD ၏ ဗဟိုလုံခြုံရေး အဖွဲ့ဝင်များသည် ရန်ကုန်မှ တနင်္ဂနွေနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပဲခူးမြို့ ရွှေမောဓော စေတီကို နံနက် ၇း၎ဝ တွင် ဝင်ရောက်ဖူးမျှော်ကြပြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်း ဆရာတော်ကိုလည်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့သေးသည်။

မိုးရွာပြီးရေကြီးနေသည့် ပဲခူးတွင် ရေပြန်ကျသွားပြီဖြစ်ကာ ရာသီဥတုလည်း သာယာကြောင်း NLD ၏ ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

"မိုးလေဝသက တော်တော်ကောင်းတယ် မနေ့ကညက နေသာနေတယ်၊ အခုလည်း နေသာတယ်"

ရန်ကုန်မှ သတင်းထောက် အများအပြား လိုက်ပါသွားရာ ယာဉ်တန်းတွင် ကားအစီးပေါင်း ၂ဝ ခန့် ပါဝင်သည်။
"ပဲခူး ရွှေမော်ဓောမှာ"

ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ချိန်တွင် ကြည်ပြာရောင် ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ပါလာသော ကားအစီးပေါင်း ၃ဝ ကျော်သည် ပဲခူးမြို့သို့ ရောက်ရှိလာပြီး ရွှေမော်ဓောဘုရားကို ပထမဆုံး ဝင်ရောက် ဖူးမျှော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါလာသော လုံခြုံရေး လူငယ်အဖွဲ့က ရွှေမော်ဓော အနောက်ဘက် မုဒ်တွင် ရောက်ရှိလာပြီး ပဲခူးမြို့မှ လုံခြုံရေး အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး အပြည့်ဖြင့် ရွှေမော်ဓော အနောက်ဘက်မုဒ်မှ တပတ်ပတ်ကာ ဖူးမျှော်ခဲ့သည်။

ဘုရားအရှေ့မြောက်ထောင့်ရှိ ပဲခူးမြို့တွင် ယခင် နှစ်ပေါင်း ၇၅ နှစ်ကျော်က ငလျင်ကြောင့် ငှက်ပျောဖူးမှ ပြိုကျခဲ့သော ဘုရားကို စိတ်ဝင်တစား ကြည့်ရှုသည်ဟု မျက်မြင်ဒေသခံ တဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ပဲခူးမှာ ငလျင်လှုပ်ခဲ့တယ်။ ရွှေမော်ဓော ဘုရားကြီးက ထီးတော် ငှက်ပျောဖူးကနေ စပြီးတော့ ပြိုကျခဲ့တာ ရှိတယ်။ အဲဒီ ပြိုကျခဲ့တဲ့ ငှက်ပျောဖူးကလည်း ဘုရားရဲ့ အရှေ့မြောက်ထောင့်မှာ ယနေ့အချိန်ထိ ရှိနေတယ်။ အဲဒီနားမှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းတာတွေ ကျနော်တွေ့တယ်။ ကျနော်က နည်းနည်းလှမ်းတော့ သူက ဘုရားကျောက်စာတွေ ကြည့်ပြီးတော့ မေးတာတွေ တွေ့ရတယ်”

ဒေါ်အောင်ဆန်းစုကြည်က ရွှေမော်ဓောဘုရား အင်္ဂါထောင့်တွင် ပန်းကပ်ဆုတောင်းခဲ့ပြီးနောက်
တောင်ဘက်မုဒ်မှ ဆင်းကာ သာသနာ့မာန်တိုင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၈ နာရီ ၅ မိနစ်ဖြစ်သည်ဟု ယင်းဒေသခံက ပြောသည်။

ဘုရားဖူးနေချိန်အတွင်း လူရာဂဏန်းရှိ ပြည်သူထူထုက ဘုရားပေါ်တွင် ပြည့်သွားခဲ့သည်ဟု လည်းသိရသည်။

“လူတွေက အရမ်းအားတက်ပြီးတော့ ပျော်မြူးပြီးတော့ စိတ်ထဲမှာ ကျနော် တော်တော်ခံစားရတယ်။ လူတွေက အရမ်း အားကိုးတယ်။ အရမ်းလေးစားတယ်။ အရမ်း တန်ဖိုးထားတယ်။ အဲဒီလို ဖြစ်နေတယ်။ လူထုရဲ့ အနေအထားကို ကြည့်ပြီးတော့ ဗိုလ်ချုပ်က တခွန်းပြောလိုက်ရင်ပြည်သူ လူထုတရပ်လုံးက ဗိုလ်ချုပ်ပြောတဲ့ အတိုင်း လိုက်ပြီးတော့ ပါသလိုမျိုး မြန်မာပြည်မှာ ရောက်လာဖို့ သိပ်မကြာတော့ဘူးလို့ဘဲ ကျနော် သုံးသပ်ချင် တယ်”ဟု သူက ဆက်ပြောသည်။

“ကျနော်က လူသားတွေအတွက် သူရဲကောင်း တယောက်လို လက်ခံ အသိအမှတ်ပြုပြီးတော့
လေးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အတွက် ကျနော်က လူဖြစ်ရကျိုး နပ်သွားပြီလို့ နည်းနည်း ပြောချင်ပါတယ် ခင်ဗျာ” ပဲခူးမြို့သား တဦးက ပြောသည်။

ထိုမှတဆင့် သနပ်ပင်မြို့နယ် စာကြည့်တိုက်ဖွင့်ပွဲသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား သံရုံးကားများလည်း တွေ့ရသည်ဟု ဒေသခံ တဦးက ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် မှတ်တမ်း ဓါတ်ပုံများ"

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်

 

 ပဲခူး ရွှေမော်ဓောဘုရားသို့ ရောက်ရှိလာစဉ် အနောက်ဘက်စောင်းတန်း သို့ မြန်မာစံတော်ချိန် ၇ နာရီ ၄၀ တွင်ရောက်ရှိ  ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်တွင် ရွှေမော်ဓောဘုရား အင်္ဂါထောင့်တွင် ဘုရားဝတ်ပြုကန်တော့စဉ် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်မှ ပြန်ဆင်းလာစဉ် တောင်ဘက်စောင်းတန်း ရွှေမော်ဓောဘုရားအဆင်း စောင့်ကြိုနေသည့် ပြည်သူလူထုအား လက်ပြနှုတ်ဆက် ရွှေမော်ဓောဘုရားပေါ်တွင် ဦးတင်ဦးနှင့် အတ သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်တွင် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ  သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်မှ ပြန်အထွက် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်အနီးရှိ မြို့ခံများမှ နှုတ်ဆက် သနပ်ပင် အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲသို့အရောက် စာဖတ်ခန်းအတွင်း လှည့်လည်ကြည့်ရှု ဖွင့်ပွဲလာ သနပ်ပင်မြို့သူမြို့သားများ စာဖတ်ခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် ကလေးငယ်များ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုသည်ကို နားထောင်နေသည့် သနပ်ပင်ပြည်သူများ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေသည်ကို နားထောင်နေသည့် သနပ်ပင်မြို့မှ ကလေးငယ်တဦး။ သနပ်ပင်မြို့မှ ဒေါ်အောင်ဆန်းစုကြည်စီးနှင်းလိုက်ပါလာသည့်ယာဉ် ပြန်လည်ထွက်ခွာစဉ်။ သနပ်ပင်မြို့မှ ပြန်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့် အတူလိုက်ပါလာသည့် ယာဉ်တန်း ပဲခူးမြို့သို့အဝင်ရောက်လာစဉ်။ တနင်္ဂနွေနေ့၊ နံနက် ၁၁ နာရီ ၀၄ မိနစ် အချိန်တွင် ပဲခူးမြို့အတွင်း ဝင်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ယာဉ်တန်းနှင့် လမ်းရှင်းပေးနေသည့် ယာဉ်ထိန်းတဦးတို့ မြင်တွေ့ရစဉ်။  ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်လှစ်ထားသည့် ဦးမြတ်လှနေအိမ်ရှေ့တွင် စောင့်ဆိုင်းနေသည့် မြို့ခံပြည်သူများ။ ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းအား နံနက် ၁၁ နာရီ ၂၁ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်စောင့်ဆိုင်းနေသည့် မြို့ခံများ။ ဦးမြတ်လှ နေအိမ်အပေါ်ထပ်မှ ပရိသတ်အား နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။ ပဲခူးမြို့ ဦးမြတ်လှနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေသည်ကို နားထောင်နေသည့် မြို့ခံအမျိုးသမီးနှစ်ဦး။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုအပြီး ပြန်လည်ထွက်ခွာသည့် လူထုကြီးကို တွေ့မြင်ရစဉ်။ အနောက်ရွှေနံသာ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် ဝိုင်းအုံနေသည့် ပြည်သူလူထု။ အနောက်ရွှေနံသာ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် ဝိုင်းအုံနေသည့် ပြည်သူလူထု။ ရေနံသာဘုန်းတော်ကြီးကျောင်းဝင်းရှိ ရေဘေးဒုက္ခသည်များနှင့် လာရောက်စောင့်ဆိုင်းနေသည့် ပဲခူးမြို့ခံများကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates