Sunday, August 14, 2011

အောင်ဆန်းဂျာမွန်း

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၇ မိနစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့ ပဲခူးတိုင်း
နိုင်ငံရေး ခရီးစဉ်အတွင်း အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းတို့တွင် တည်ရှိသည့် ထိုအောင်ဆန်းဂျာမွန်း စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၇,ဝဝဝ ကျော် ရှိသည်ဟုသိရသည်။ ထိုစာကြည့်တိုက်နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းနှင့် ဒေသခံ ပြည်သူများ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၅ သိန်းခန့် ဖြစ်သည်။

စာကြည်တိုက်ရှိ စာအုပ်များတွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့
လူ့ငရဲ”၊ ဒေါ်အောင်ဆန်းစုကြည်၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ကဲ့သို့သော စာအုပ်များ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိသည်။ 

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အတွက် ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဤစာကြည်တိုက်နာမည်ဖြစ်သည့် အောင်ဆန်းဂျာမွန်း အစပြုလာပုံမှာ

၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇-ရက် နေ့။ နေရာက မြစ်ကြီးနားမြို့။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်အတွင်းဖြစ်သည်။ ရန်ကုန်အပြင်ဘက် တခြားတိုင်းနှင့် ပြည်နယ်များ
ပထမဆုံး နိုင်ငံရေးခရီးစဉ် ကာလ ဖြစ်သည်။

ထိုကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ကချင်လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အား ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ အမည်ပေး ကမ္ဗည်းထိုးကြ၏။ ‘ဂျာမွန်း’ ဟူသည်က ကချင်ဘာသာနှင့် ‘ရွှေဝတ်မှုန်’ ဟူ၍ ဖြစ်သည်။

‘အောင်ဆန်းဂျာမွန်း’ က …. ‘အောင်ဆန်း ရွှေဝတ်မှုန်’။

ထို ၁၉၈၉  ကချင်ပြည်နယ်ခရီးစဉ်က၊ ပြည်သူတွေနှင့် ထိတွေ့သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က အဓိက ၂ ခုပြောခဲ့သည်။  ပြည်သူတွေ စိတ်ဓါတ်လုံခြုံရန်နှင့် လူငယ်များသည် အနာဂတ်ပြည်ထောင်စုအတွက် အရေးကြီး
သည် ဆိုသည်များ။

“ကျမတို့အားလုံးဟာ စိတ်ဓာတ် လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်။ စိတ်ဓာတ် လုံခြုံမှုရမှပဲ
စီးပွားရေး လုံခြုံမှုကို ကျမတို့ ရနိုင်မှာပါ။ ဝိုင်းပြီးတော့ နိုင်ငံရေးအရ ကြိုးစားကြပါ၊ ပံ့ပိုးကြပါ၊ ထောက်ခံကြပါ။ ကျမတို့ ပြည်ထောင်စုသစ်ကြီး ထူထောင်ဖို့ဆိုတာဟာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြပါ” ဟု ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ကရက်
KNDC ရုံးတွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။

ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖွင့်ပွဲ သနပ်ပင်မြို့သူမြို့သားများတက်ရောက်နေပုံ။ (ဓါတ်ပုံ - မဇ္ဈိမ)

၁၉၈၉  ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံပြည်ထောင်စုသစ် လမ်းပြမြေပုံ ရေးဆွဲခဲ့သည့် ဒူးဝါးဇော်ရစ်နှင့် တွေ့ဆုံခဲ့ကာ ပင်လုံလမ်းပြမြေပုံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ဒီနေ့ ၂ဝ၁၁ သြဂုတ် ၁၄ ရက် ပဲခူးခရီးစဉ်တွင် ပြည်သူတွေ စိတ်ဓါတ် ခိုင်မာရန်နှင့် လူငယ်များ စာဖတ်ကြဖို့
ပြောသွားသည်။ ပဲခူးခရီးစဉ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အကျယ်ချုပ်မှ လွတ်လာပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ ပထမဆုံး နိုင်ငံရေးခရီးစဉ်ဖြစ်သည်။ ၂၂ နှစ်အတွင်း ဒုတိယအကြိမ် ပဲခူးရောက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ်သည်၊ မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေ
သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဇွန်လ ကတည်းက စဖြစ်ခဲ့သည့် ထိုတိုက်ပွဲများသည်၊ တိုင်းရင်းသား ချစ်ကြည်ရေးနှင့် ပြည်ထောင်စု စိတ်ဓါတ်ကို ထိခိုက်နေပြီး၊ တိုင်းရင်းသား လူနည်းစု နေရာအနှံ့တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့မည် ဆိုသည်ကို စိုးရိမ်နေကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့် အိပ်ဖွင့်ပေးစာထဲတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် သူပံ့ပိုးပေးဖို့ အဆင့်သင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။


“အောင်ဆန်းဂျာမွန်း” စာကြည့်တိုက်


အဓိပ္ဗာယ်

“အောင်ဆန်းဂျာမွန်း” ဆိုသောအဓိပ္ပာယ်မှာ “ဂျာမွန်း”ဆိုသည်က ကချင်ဘာသာနှင့် “ရွှေဝတ်မှုန်”လို့ အဓိပ္ပာယ် ရသည်။ “အောင်ဆန်းဂျာမွန်း” ဆိုသည့်အတွက် “အောင်ဆန်းရွှေဝတ်မှုန်” ။

ရည်ရွယ်ချက်

၁။ လူငယ်များ အနေဖြင့် ဘီယာဆိုင်၊ ဘိလိယက်ခုံ၊ ဂိမ်းဆိုင်နှင့် ဘောလုံးပွဲများတွင် အချိန်ကုန်မည့် အစား စာဖတ်ခန်းတွင်း အချိန်ကုန်စေခြင်းဖြင့် တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်။
၂။ မိမိဘဝကို မိမိဘာသာ တည်ဆောက်နိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရန်။
၃။ စာအုပ်စာပေသည် ပညာရှင်များမှ နှစ်ပေါင်းများစွာ သုတေသန ပြုခဲ့သည့် အတွက် လူငယ်များ အနေဖြင့် အလွယ်တကူ လေ့လာနိုင်စေရန်။

တည်နေရာ

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) - အမှတ် ၉၄၊ ပန်းလှိုင် ၂၃ လမ်း၊ ပဲခူးမြို့၊ ပဲခူးတိုင်း (ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရှေ့နေ ဦးမြတ်လှ နေအိမ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်)
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - အမှတ် ၁၂၈၊ နဝရတ်ကိုးသွယ်လမ်း၊ ဈေးပိုင်းရပ်ကွက်၊
သနပ်ပင်မြို့၊ ပဲခူးတိုင်း။

အကျယ်အဝန်း

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) – လူဦးရေ ၂၀ ကျော်ဆံ့
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - ၁၂ x ၁၆ ပေကျယ်ဝန်းကာ စာဖတ်သူ ၁၄-၁၅ ဦး ဆံ့နိုင်။

ထားရှိသည့် စာအုပ် အမျိုးအစား

အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်း၊ ဝတ္ထု၊ ကာတွန်း၊ ကဗျာ၊ အတ္ထုပ္ဗတ္တိ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ TOFEL, IELTS, FAT  ကဲ့သို့သော အင်္ဂလိပ်စာ အထောက်အကူပြု စာအုပ်စာတမ်းများ။

စာအုပ်ရေ

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) – အမျိုးအစားစုံ အုပ်ရေ ၄,ဝဝဝ ခန့်ရှိ
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - အမျိုးအစားစုံ အုပ်ရေ ၃,ဝဝဝ ကျော်ရှိ
(စာအုပ်အားလုံးအား စေတနာရှင်များ လှူဒါန်းထားခြင်း ဖြစ်သည်)

စာဖတ်ခန်း တည်ဆောက်မှုကုန်ကျစရိတ်

စာဖတ်ခန်းတခုလျှင် ကျပ်ငွေ ၁၅ သိန်းခန့် ကုန်ကျ

စာကြည့်တိုက် ဝန်ထမ်း

စာကြည့်တိုက်မှူးနှင့် လက်ထောက် စာကြည့်တိုက်မှူး နှစ်ဦးထားရှိမည် ဖြစ်ကာ စေတနာရှင် လုပ်အားပေးများ ရှိမည် ဖြစ်သည်။

စာဖတ်ခန်းတွင် ကျင့်သုံးမည့်စနစ်

“စာချစ်သူများ” အမည်ဖြင့် စာဖတ်ခန်းကဒ်ပြုလုပ်ကာ ကဒ်တခုလျှင် ၅ဝဝ ကျပ်၊ သက်တမ်း ၆ လ ထားရှိကာ ယင်းကတ်ဖြင့် တပတ်လျှင် စာအုပ် ၂ အုပ် ငှားရမ်းနိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်း တက်ရောက်နေ
သည့် လူငယ်များအတွက်မူ သီးသန့်ကဒ် ထားရှိကာ အခမဲ့ ငှားရမ်းနိုင်မည် ဖြစ်သည်။

ဘာသာရေးနှင့် သက်ဆိုင်သည့် စာအုပ်စာတမ်း ငှားရမ်းလိုသူ ရဟန်းသံဃာတော်များနှင့် အပတ်စဉ် ဂျာနယ်များ ငှားရမ်းလိုသူများအတွက် ကဒ်မလိုအပ်ဘဲ ငှားရမ်းနိုင်ရန် စီစဉ်ထားသည်။

အခြားအစီအစဉ်များ

အခါအားလျော်စွာ စာပေပညာရှင်များအား ဖိတ်ခေါ်၍ ဟောပြောပွဲ ကျင်းပခြင်း ပြုလုပ်သွားမည်။

စတင်လုပ်ဆောင်ခဲ့သည့်အချိန်

၂၀၁၀ နိုဝင်ဘာလ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ကွန်ယက်များ ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ပဲခူးမြို့တွင်လည်း ပညာရေးကွန်ယက်ဖွဲ့စည်းခဲ့ကာ အများသဘောတူညီမှုဖြင့် စာဖတ်ခန်းဖွင့်ရန် ၂၀၁၁ ဇန်န၀ါရီလတွင် စတင်ခဲ့သည်။

စာဖတ်ခန်းဖွင့်ရန် လိုအပ်နေမှုအခြေအနေကိုစာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမြင့်ဦးပြော

“ကျနော်တို့ ငယ်ငယ်တုန်းက ကျနော်တို့ မိဘတွေကော ကျနော်တို့တွေကောက စာအုပ်တွေကို ကိုယ်ပိုင် ၀ယ်ဖတ်ကြတယ်။ ၀ယ်ဖတ်နိုင်တယ်။ ကိုယ့်အိမ်မှာလည်း စာဖတ်ခန်းလို၊ စာကြည့်တိုက်လိုတွေ ရှိတယ်။ Home Library ဆိုတာ အိမ်တော်တော်များများမှာ ရှိတယ်။ ဒါပေမဲ့ အခုခေတ်က စာအုပ်တွေက ဈေးကြီးတယ်။ ဂျာနယ်တောင် ၆၀၀၊ ၇၀၀ ရှိတယ်။ မဂ္ဂဇင်းစာအုပ်က ၂၀၀၀၊ ၃၀၀၀ ရှိတယ်။ စာအုပ်တွေက လည်း ခပ်ပါးပါးတွေပဲ ထွက်တော့တယ်။ အရင်ကလို အထူကြီးတွေ မထွက်တော့ဘူး။ အဲဒါတွေကလည်း ၂၀၀၀ ရဲ့အထက်မှာပဲ ရှိတယ်။ ၄၀၀၀၊ ၅၀၀၀”

“ကျနော်တို့က စားဝတ်နေရေးတောင် မနည်းလုံးပန်းနေရတဲ့လူတွေက ဘယ်ဝတ်ဖတ်နိုင်မလဲ။ ၀ယ်မဖတ်နိုင် တဲ့အခါကျတော့ စာနဲ့ပေနဲ့ ကျနော်တို့လူတွေက ပိုပိုပြီးတော့ ဝေးလာတယ်ဗျ။ ဒီစာပေနဲ့ ကျနော်တို့ လူတွေ ဝေးလာတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းတယ်။ ကျနော်တို့အတွက်၊ အနာဂတ်အတွက်။ မျက်စိ၊ နား ပိတ်ခံရတာနဲ့ အတူတူပဲဗျ။ အသိဉာဏ်ဖွံ့ဖြိုးမှုကို တုံ့ဆိုင်းသွား၊ ယုတ်လျော့သွားတဲ့ဟာမျိုးပဲ။ စာက ဝေးရင်း ဝေးရင်းနဲ့ စာဖတ်နဲ့ အလေ့အကျင့်တွေ၊ အလေ့အထုံတွေလည်း နောက်တော့ နည်းသွားနိုင်တယ်ဗျ။ အထူးသဖြင့် လူငယ်တွေကို စာဖတ်စေချင်တယ်။ ဒီဒေသတွေက အင်တာနက်တွေ ဘာတွေ သိပ်ရှိတာ မဟုတ်ဘူး။ အဲဒီတော့ စာဖတ်ခန်းကို လာရင် သူတို့ ပိုပြီးတော့ အကျိုးရှိတယ်။ အဲဒါကြောင့် အဲဒီကွက်လပ်ကို ၀င်ဖြည့်တာ”

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates