Monday, August 1, 2011

ဝမ်ဟိုင်းကို ဝိုင်းထားသောတပ် ထက်ဝက်ပြန်ဆုတ်

ကွန်းချမ်း| တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရှမ်းပြည် တိုးတက်ရေး ပါတီ၏ ဝမ်ဟိုင်းဌာနချုပ်ကို ရက်သတ္တ နှစ်ပတ်ခန့် ပိတ်ဆို့ ဝန်းရံထားသည့် အစိုးရ တပ်ရင်း ထက်ဝက်မှာ ပြန်လည် ဆုတ်ခွာသွားကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက  ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ တပ်ရင်း ၁၄ ရင်းအနက် တပ်ရင်း ၇ ခုမှာ တသုတ်ပြီး တသုတ် ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ကာ ဝမ်ဟိုင်းဌာနချုပ်နှင့် ၁၈ မိုင် ကွာဝေးသည့် ကျေးသီးမြို့နယ်တွင် အခြေချပြီး ကွပ်ကဲနေသည့် စစ်ဗျူဟာမှူးလည်း တိုင်းစစ်ဌာနချုပ်ကို ပြန်သွားခဲ့ပြီဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗိုလ်မှူးစိုင်းလှက ပြောသည်။

လက်ရှိတွင် အစိုးရတပ် ၇ ရင်းမှာ ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် တပ်စွဲထားသည်ဟု ဆိုသည်။

မည်သည့် အတွက်ကြောင့် ဆုတ်ခွာခြင်း ပြုသည်ကို မသိရသော်လည်း ဒဏ်ရာရ တပ်သားများကို ပြန်ဖို့ရန်အတွက် ခေတ္တဆုတ်ခွာခြင်းသာ ဖြစ်ကာ အခြားတပ်များဖြင့် အင်အားဖြည့်ကာ အစားထိုးလိမ့်မည်ဟု SSPP က မှန်းဆ ထားသည်။

သီးခြား အတည်ပြုချက် မရနိုင်ဘဲ SSPP ဘက်အဆိုအရ  ဇူလိုင်လ ၁၁ ရက်မှစတင်သော ၁၈ ရက်ကြာ အစိုးရတပ် ထိုးစစ်ဆင်မှုတွင်  အစိုးရတပ်ဘက်မှ ၁၀၀ ခန့် ကျဆုံးပြီး ၂၀၀ ခန့် ဒဏ်ရာရကာ ၅၀ ကျော် ထွက်ပြေးသွားသည်ဟု ဆိုသည်။

စစ်ပွဲကြောင့် ဒေသအတွင်းရှိ ရွာပေါင်း ၂၀ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတ တကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ကျောင်းမတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကိုလည်း ယနေ့တိုင် ပိတ်ထားရသည်။

ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရတပ်က ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်း လာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်ဟုဆိုကာ SSPP က  ပယ်ချခဲ့သည်။

SSPP ကလည်း အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော အခြားသော အဖွဲ့တခုဖြစ်သည့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ကဲ့သို့ပင် တဖွဲ့ချင်း သဘောတူညီချက် မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာအထိ ပြည်တွင်းစစ် ရပ်စဲရန် လိုလားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates