Thursday, August 4, 2011

ဒေါ်စု၏ ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ ဇိုမီး သွေးစည်းညီညွတ်ရေး အဖွဲ့ ထောက်ခံ

ဇွဲခန့် | ကြာသပတေးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၁ မိနစ် 

နယူးဒေလီ (မဇ္စျိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာပေါ် ဇိုမီး ပြန်လည် သွေးစည်းညီညွတ်ရေး အဖွဲ့မှ အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်သည့် အတွက် ကြိုဆိုကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ကြေငြာချက်ထဲတွင် “ မိမိတို့ ဇိုမီး သွေးစည်းညီညွတ်ရေး အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် အပြုသဘောဆောင်သည့် ချဉ်းကပ် ဆောင်ရွက်မှုတခု အဖြစ် ကြိုဆိုထောက်ခံခြင်း ဖြစ်ကြောင်း ” ပါရှိသည်။

“ကျနော်တို့ကလဲ အတူငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ပထမဆုံး ချဉ်းကပ် ဆောင်ရွက်မှု အပေါ်မှာ အခြေပြုပြီးတော့ ထုတ်ပြန်ရခြင်း ဖြစ်တယ်” ဟု ဇိုမီး သွေးစည်း ညီညွတ်ရေးအဖွဲ့ တာဝန်ခံ ကိုမင်းထန်က မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာတွင် ပြည်ထောင်စု
မြန်မာနိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးအားလုံး၏ အကျိုးစီးပွားများကို ရှေ့ရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန်ဟု ပန်ကြားထားသည်။

“ အမှန်ဆိုရင်တော့ ဒီစစ်မီးတွေနဲ့ ပတ်သတ်ပြီး အဓိက တာဝန်ရှိတာကတော့ အစိုးရပဲလေ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်ဖွံ့ဖြိုးရေးမှ လုပ်လို့လဲ မရဘူး။ ဒါတွေဟာ အစိုးရသစ် အနေနဲ့ ပထမဆုံး လုပ်ရမဲ့ ခြေလှမ်းတွေပဲ ” ဟု ချင်းအမျိုးသား ကောင်စီ အထွေထွေ အတွင်းရေးမှူး ပူးလ်ရာလ်ဟင့် (Pu Ral Hnin) ကပြောသည်။

သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာခြင်းက သာလျှင် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း
ဖြစ်ကြောင်းနှင့် တန်းတူ ညီမျှမှု ရှိလာနိုင်ပြီး လူအခွင့်အရေးများလည်း ရရှိလာနိုင်သည်ဟု ဆိုသည်။

“ အဓိက သော့ကိုင်တာကတော့ သူပဲ၊ အစိုးရပေါ့။ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို
ရှေ့ရှုပြီးတော့ အပစ်အခတ် ရပ်စဲရေးတွေ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ပေါ့နော်။ ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ဘာတွေလုပ်ဖို့ ဒါကတော့ တော်တော်လဲ လိုမယ်လို့တော့ ကျနော်တို့ယူဆတယ်” ဟု သူက ဆက်ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates