Tuesday, August 16, 2011

လမ်းဘေးဈေးသည်ကို စည်ပင်က ဖမ်းဆီးမှု မရှိသေးဟုဆို

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့တွင်း ၃ မြို့နယ်တွင် လမ်းဘေးဈေး ရောင်းချခွင့် လုံးဝခွင့်မပြုကြောင်း သတ်မှတ် ထားသော်လည်း လူကို ဖမ်းဆီး အရေးယူခဲ့ရသော အမှု လုံးဝမရှိဟု စည်ပင်သာယာ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဌာနက ပြောသည်။

ကျောက်တံတား၊ ပန်းပဲတန်းနှင့် လသာတို့၏ လမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းတို့တွင် လုံးဝ ဈေးမရောင်းရန်နှင့် ဈေးရောင်းလျှင် စည်ပင် ဥပဒေ ပုဒ်မ ၂၈ အရ အရေးယူမည်ဟု သြဂုတ် ၁၂ ရက်နေ့တွင် ဈေးသည်များကို ဖြန့်ဝေခဲ့သည်။

လမ်းဘေးတွင် ဈေးရောင်းချနေသော ဈေးသည်များကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

“ ပစ္စည်းတွေကို သိမ်းတာပေါ့။ ကျန်တဲ့ ပြစ်မှု မလုပ်ပါဘူး ” ဟု လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဌာန အရာထမ်းတဦးက လူကို ဖမ်းဆီးခြင်း မရှိပါကြောင်း ဖြေကြားသည်။

ကန့်သတ်နေရာများမှ အပ ပုံစံ (၁၀)တွင် ဖော်ပြထားသော မိမိ အခြေချနေထိုင်ရာ မြို့နယ်တွင်းတွင် ဈေးရောင်းခွင့်
ပြုခံထားရသူများလည်း မှတ်ပုံတင် လက်ဝယ်ရှိရန် လိုအပ်သည်။

ဈေးရောင်းခွင့် ရှိသူများအား ဆိုင်ရှိလျှင် အမှိုက်ပုံးရှိရမည်။ ခေါင်းရွက်ဗျက်ထိုး ဖြစ်လျှင် အမှိုက်အိတ်ပါရမည်။ ညနေ
၆ နာရီမှ ၈ နာရီထိ ရောင်းချနိုင်သည်။ ကျန်းမာရေး စစ်ဆေးလျှင် စစ်ဆေးမှုခံရမည် ဟူသော ကန့်သတ်ချက်များ ထားရှိသည်။

လုံခြုံရေးအတွက် မှတ်ပုံတင်ကို စစ်မှာ ဖြစ်သည့်အတွက် ယူဆောင်ခိုင်းခြင်း ဖြစ်သည်ဟုဆိုကာ ဖြစ်ပွားသွားခဲ့ဖူး
သော ဗုံးပေါက်ကွဲမှုများကို ညွှန်းဆိုရင်း ပြောကြားသည်။

ဈေးရောင်းခွင့် ပြုထားသည့် မြို့တွင်း ၃ မြို့နယ်တွင် ဈေးသည်ပေါင်း ၃,၃၀၀ ရှိနေပြီး ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဈေးသည်ပေါင်း ၄၉,၀၀၀ ကျော်ရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates