Sunday, August 14, 2011

ခရီးစဉ်များနှင့် တုံ့ပြန်မှု

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ခရီးစဉ်များ

- ၁၉၈၉ ဇန်နဝါရီ ၁၄ - ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အဖြစ် မအူပင်သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့သည်။ မအူပင် မဝတမြို့နယ်ကောင်စီမှ ပြည်သူလူထုအား “မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်း မဆက်ရ၊ လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ” ဟူ၍ ကန့်သတ်ခဲ့သည်။

- ၁၉၈၉ ဖေဖော်ဝါရီ ၁၁ - ရှမ်းပြည်နယ် ပင်လုံသို့ နိုင်ငံရေးခရီးစဉ်ထွက်ခဲ့ကာ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့သည်။ ပင်လုံကျောက်တိုင်ရှေ့ ပြည်ထောင်စုရင်ပြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ သဘောထားနှင့် ယေဘုယျ လုပ်ငန်းစဉ်များအား ရေးသား ဖော်ပြထားသည့် “ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်း” ကို ဖတ်ကြားခဲ့သည်။

- ၁၉၈၉ ဧပြီ ၅ – NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူမြို့တွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်ခဲ့သည်။

- ၁၉၈၉ ဧပြီ ၂၇ - ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြစ်ကြီးနား အဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည့်အပြင် ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းနောက် ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက် KNDC ရုံးသို့သွား၍ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အမြင်ဖလှယ်၊ တွေ့ဆုံဆွေးနွေးခဲ့သည်။

- ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

- ၁၉၉၆ မတ် ၁၃ – မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့သည်။

- ၁၉၉၈ ဇူလိုင် ၂၃ – ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရသည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့ အနီး ၁၃ ရက်ကြာ ပိတ်ဆို့ ခံရသည်။

- ၂ဝဝဝ သြဂုတ် ၂၄ – ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံခဲ့ရသည်။ ယင်းနောက် ခေတ္တ ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂ ရက်နေ့ကျမှသာ နေအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

- ၂ဝဝဝ စက်တင်ဘာ ၂၁ – မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရပြီး နေအိမ်သို့ ပို့ဆောင်ခံရကာ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရသည်။

- ၂ဝဝ၃ ဧပြီ ၁ဝ - အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် ချင်းပြည်နယ် မတူပီသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အောင်မြင်ခဲ့သော်လည်း ခရီးစဉ် အဆင်ပြေချောမွေ့ရေးနှင့် လုံခြုံရေး အထူးတာဝန်ယူထားသူ ဆလိုင်း လှမိုး အပါအဝင် မတူပီမြို့နယ် အတွင်းရေးမှူး ဆလိုင်းအောင်ထန်း၊ လူငယ်ရေးရာတာဝန်ခံ ဆလိုင်းပါထိန်းကို ခရီးစဉ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

- ၂ဝဝ၃ မေ ၃ဝ – အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရသည်။ ယာဉ်မောင်းဖြစ်သူ ကိုကျော်စိုးလင်းမှ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ ထိုမှတဆင့် နေအိမ် အကျယ်ချုပ်ကျခံရသည်။


အစိုးရဘက်မှ တုံ့ပြန်မှု မှတ်တမ်း

၁၉၈၉ ဖေဖော်ဝါရီ ၁၆ - ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီလ ရှမ်းပြည်နယ် ခရီးစဉ်အပြီးတွင် အာဏာပိုင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အလို့ငှာ နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည့် အခြေအနေ အရပ်ရပ်အပေါ် အခြေခံလျက် လုပ်ငန်းစဉ် ၂၆ ခုနှင့် အချိန်ဇယားကို ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ၁၉၉ဝ မေလ ၂၇ ရက်
ဟု သတ်မှတ်ခဲ့ကာ စည်းရုံးရေး ကာလကိုလည်း ၃ လ ဟု သတ်မှတ်ခဲ့သည်။ ယင်းနောက် လူ ၅ ယောက် ပိုမို မစုဝေးရဟူသည့် အမိန့်အမှတ် ၂/၈၈ အရ NLD ပါတီဝင်များကို ဖမ်းဆီးခဲ့သည်။

၁၉၉ဝ - ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရသော်လည်း အာဏာပိုင်များက အာဏာ လွှဲပေးခဲ့ခြင်း မရှိပေ။

၁၉၉၄ စက်တင်ဘာ ၂ဝ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု ရခဲ့သည်။

၁၉၉၄ အောက်တိုဘာ ၂၈ - ဗိုလ်ချုပ်ခင်ညွှန့် အပါအဝင် စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ်သန်းဦး၊ တပ်မတော် စစ်ရေး အရာရှိချုပ် ဗိုလ်မှူးချုပ်တတင်အေးတို့နှင့် တွေ့ဆုံခဲ့၍ စစ်အုပ်စုမှ နေအိမ် အကျယ်ချုပ်နှင့် လွှတ်ပေးရေး ကိစ္စကို ဆွေးနွေးလို။

၁၉၉၅ ဇူလိုင် ၁ဝ - ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များက နေအိမ်အကျယ်ချုပ်မှ လွတ်ပေးခဲ့။

၁၉၉၅ နိုဝင်ဘာ ၂၄ - ဗိုလ်မှူးအောင်၊ ဝိဓူရသခင်ချစ်မောင်၊ သခင်သိန်းဖေ စသည့် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင် ၂၃ ဦးက နိုင်ငံရေးပြဿနာကို အစိုးရနှင့် NLD တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းစာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သော်လည်း အာဏာပိုင်များက ငြင်းဆန်းခဲ့သည်။ ယင်းအပြင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်က “အမေရိကန် လက်ကိုင်တုတ် အဖြစ်မခံနိုင်ဘူး”ဟူ၍ စွပ်စွဲခဲ့သည်။

၁၉၉၅ နိုဝင်ဘာ ၂၇ - အာဏာပိုင်များက ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များကို ခေါ်ယူကာ NLD နောက်လိုက် မလုပ်ကြရန် ခြိမ်းခြောက်ခဲ့။

၁၉၉၅ ဒီဇင်ဘာ ၁ - နိုဝင်ဘာလ ၂၉၊ ၃ဝ တွင် ကျင်းပသည့် အမျိုးသားညီလာခံသို့ မတက်ရောက်သဖြင့် NLD မှ ကိုယ်စားလှယ် ၈၆ ဦးကို ညီလာခံ ကိုယ်စားလှယ် အဖြစ် ရုပ်သိမ်းကြောင်း သတင်းစာတွင် ကြေညာခဲ့။

၁၉၉၆ မေ ၁၉  - မေလ ၂၇ တွင် ကျရောက်မည့် ရွေးကောက်ပွဲ ၆ နှစ်မြောက် အထူးအစည်းအဝေး ပြုလုပ်ရန် ကိုယ်စားလှယ်များထံ အကြောင်းကြားထားစဉ် ကိုယ်စားလှယ်ပေါင်း ၂၆၃ ဦးအပါအဝင် NLD ပါတီဝင်မျာကို အာဏာပိုင်းများက ဖမ်းဆီးခဲ့။ ထွက်ပြေးလွတ်မြောက်သူ ကိုယ်စားလှယ်အချို့အစား မိသားစုဝင်များကို ထိန်းသိမ်းခဲ့။

၁၉၉၆ ဇွန် ၇ - ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ဟောပြောပွဲ မလုပ်ရန် စာထုတ်၍ ပိတ်ပင်ခဲ့။

၁၉၉၆ ဇွန် ၇ - ဥပဒေအမှတ် ၅/၉၆ ထုတ်ပြန်။ အစိုးရ၏ အမျိုးသား ညီလာခံအား နှောင့်ယှက် ဟန့်တားလျှင်၊ ပြည်သူ့ လွှတ်တော် တရပ်အား ခေါ်ယူဖွဲ့စည်းလျှင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်အား ရေးဆွဲလျှင် ယင်းနိုင်ငံရေး အဖွဲ့အစည်းအား မတရားအသင်း အဖြစ် ကြေညာမည်။ လူပုဂ္ဂိုလ်များအား ၁၅ နှစ်မှ ၂ဝ နှစ် အထိနှစ်ရှည် ထောင်ဒဏ်ချမှတ်မည်ဟု ပါရှိသည်။

၁၉၉၆ စက်တင်ဘာ ၂၆ - ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို ဖြတ်သန်းခွင့် မရစေရန် အာဏာပိုင်များက ပိတ်ထားခဲ့။

၁၉၉၆ စက်တင်ဘာ ၂၇ - ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်ရုံးအား ပိတ်၍ ဆိုင်းဘုတ်ဖြုတ်ချခိုင်းခဲ့ကာ “ဤနေရာတွင် NLD ရုံး မရှိတော့ပါ” ဟု ဆိုင်းဘုတ်တင်ခဲ့သည်။

၁၉၉၆ အောက်တိုဘာ ၇ - ၁၁ ရက်ကြာ ပိတ်ဆို့ပြီးအကြာ တက္ကသိုလ်ရိပ်သာလမ်း ပြန်ဖွင့်ခဲ့။

၁၉၉၆ အောက်တိုဘာ ၁၁ - ၄ ရက်ကြာပြီးနောက် တက္ကသိုလ်၇ိပ်သာလမ်းကို ပြန်ပိတ်ခဲ့။

၁၉၉၇ ဒီဇင်ဘာ ၁၈ - နဝတအစိုးရမှ အသစ်ပြောင်းလာသည့် အေးချမ်းဖြိုးကောင်စီက ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် အကြောင်းကြားခဲ့သော်လည်း ဗဟို အလုပ်အမှုဆောင်များနှင့်သာ တွေ့ဆုံမည်ဟု ပါရှိ။ အဖွဲ့ချုပ် ကြေညာချက်၊ သတင်းလွှာနှင့် ပေးစာများ မထုတ်ပြန်ရန် ပိတ်ပင်။

၁၉၉၈ ဒီဇင်ဘာ ၂ - “မော်လမြိုင်ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်း” ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ။

၁၉၉၈ ဒီဇင်ဘာ စတုတ္ထအပတ် - ဒီချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို ဖမ်းဆီးခဲ့။

၁၉၉၈ ဒီဇင်ဘာ ၂၂ - ဒီချုပ်အား မတရားအသင်း ကြေညာမည်၊ ဒေါ်အောင်ဆန်းစုကြည်အား ပြည်နှင်ဒဏ် ပေးမည်ဟု အစိုးရ အာဘော် သတင်းစာများတွင် ဆောင်းပါးရှင်များ ရေးသားခဲ့။

၁၉၉၉ ဖေဖော်ဝါရီ ၁၅ - မန္တလေးတိုင်း ကျောက်ပန်းတောင်းတွင် ကြံ့ဖွတ်အဖွဲ့က ဒီချုပ်ရှုတ်ချပွဲ လုပ်ရန်စီစဉ်ကာ မလိုက်သူများ ဒဏ်ငွေ ၅ဝ ကျပ် ဆောင်ခိုင်း။

၂ဝဝဝ စက်တင်ဘာ ၂ - အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ် အမှုဆောင်များကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း၊ ဌာနချုပ်ရုံးအား ဖျက်ဆီး၍ စာရွက်စာတမ်းနှင့် ရုံးပိုင်ပစ္စည်းများ သိမ်းယူခဲ့။

၂ဝဝဝ စက်တင်ဘာ ၂၁ - မန္တလေး ခရီးစဉ် အတွက် ရန်ကုန်ဘူတာတွင် စောင့်စားနေစဉ် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ဆာင်ကာ ဒေါ်အောင်စုကြည်ကို နေအိမ် အကျယ်ချုပ် အဖြစ် ထိန်းသိမ်းခဲ့။

၂ဝဝ၃ မေ ၃၁ – ဒီပဲယင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အလုပ်သမား ဝန်ကြီး ဦးတင်ဝင်းနှင့် ဗိုလ်မှူးချုပ် သန်းထွန်းက လူ ၄ ဦး သေဆုံးကာ ၅ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ ဖြစ်ပွားမှုသည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသူနှင့် ဆန့်ကျင် ကန့်ကွက်သူများ အကြား ခိုက်ရန် ဖြစ်ပွားမှုဟု ပြောဆိုသည်။

၂ဝ၁၁ ဇွန် ၉ - ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ အစိုးရ အနေဖြင့် သာမန် အရပ်သားတဦး အဖြစ်သာ ရှုမြင်ထားသည့် အတွက် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ရန် မရှိဟု ဒုတိသမ္မတ သီဟသူရ တင်အောင်မြင့်ဦးက အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းကို ပြောကြားခဲ့သည်။  သို့သော် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အလေးထား စောင့်ထိန်းရန် လိုအပ်ကြောင်းလည်း အစိုးရ အာဘော် သတင်းစာမှတဆင့် သဘောထား ထုတ်ပြန်ခဲ့သည်။

၂ဝ၁၁ ဇွန် ၂၉  - အစိုးရအာဘော်သတင်းစာမှတဆင့် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူးချုပ်တို့ကို လိပ်မူ၍ တရားဥပဒေနှင့် အညီ လိုက်နာရန် ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယင်းသတိပေးမှုသည် ၂ဝ၁ဝ နောက်ပိုင်း ပထမဆုံး ခရီးထွက်ရှိမည့် ခရီးစဉ်မတိုင်မီ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ပါတီသည် တရားဝင်ပျက်ပြယ်ပြီဖြစ်ကြောင်းနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါကလည်း ပြည်ထဲရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရန် ပါရှိသည်။ ယင်းအပြင် နိုင်ငံရေးမကစားရန်အတွက်လည်း သတိပေးထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates