Wednesday, August 17, 2011

နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ ပါတီတွေကိုဖိတ်

သဲသဲ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
 
နယူးဒေလီ(မဇ္ဈိမ) ။       ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီအား နေပြည်တော်၌ သြဂုတ်လ ၁၉ ရက်နေ့
တွင် ကျင်းပမည့် “နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ” သို့  တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

သုံးရက်ကြာ ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် တပါတီလျှင် ၃ ဦးစီ ခွင့်ပြုထားပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ် ၁၄ ခုမှ ဝန်ကြီး ၂ ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦး သို့မဟုတ် ၃ ဦး တက်ရောက်ရန်လည်း ညွှန်ကြား ထားသည်။

“ ကျနော်တို့ကတော့ တင်ပြဖို့ ပြင်မထားဘူး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက စာတမ်းတွေ တင်သွင်း ဖတ်ကြားလိမ့်မယ် ထင်တယ်။ အဲဒီပေါ်မှာ မူတည်ပြီး ကျနော်တို့နဲ့ ပတ်သတ်တဲ့ issue တွေပါလာရင် ဆွေးနွေး မယ်၊ ထောက်ပြသင့်တာ ထောက်ပြရမယ်ပေါ့လေ၊ တခြားပါတီကြီးတွေတော့ မသိဘူး” ဟု ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။


ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ် UMFCCI နှင့် ယင်းအသင်း လက်အောက်
ရှိ  ခရီးသွား လုပ်ငန်း အသင်း၊ ဆန်လုပ်ငန်းရှင်များ အသင်းကဲ့သို့ စီးပွားရေး လုပ်ငန်းရှင် အသင်းအဖွဲ့များက ဦးဆောင်ဆွေးနွေးမည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ဆွေးနွေးပွဲသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားရန် ရှိကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦး ဖြစ်သည့် ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ကိုးကားပြီး RFA မြန်မာပိုင်းအစီအစဉ်တွင် ဖော်ပြခဲ့ဘူးသည်။

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က “လူကိုယ်တိုင်လည်း လာမဖိတ်ဘူး၊ စာလည်း မပို့ဘူး၊ ကြားနေရတာတွေက ကောလဟာလတွေပါ” ဟု  ပြောသည်။

ယခုနှစ် မေလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆင်းရဲမွဲတေမှု ပပျောက်ရေးအလုပ်ရုံ ဆွေးနွေးပွဲကိုလည်း သမ္မတ
မှ ဦးဆောင်ကာ နေပြည်တော်တွင် ကျင်းပခဲ့သေးသည်။

ထိုစဉ်က  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူ သမ္မတ အကြံပေးအဖွဲ့ဝင် စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လမ်းပြစာတမ်းကို တင်သွင်းခဲ့သည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates