Wednesday, August 17, 2011

စီးပွားရေး ဖွံ့ဖြိုးဖို့ အခွန်လျော့ကောက်မည်

မျိုးသန့်| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အခွန်အခအများ လျော့ကောက်မည်ဟု သမ္မတနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှု အတွင်း သမ္မတက ပြောသွားသည်ဟု အခမ်းအနား တက်ရောက်သူများက ပြောသည်။

ပို့ကုန် အခွန်များ ထပ်လျော့ပြီး ဖြစ်သော်လည်း အခြားသော အခွန်များကို ထပ်မံလျော့ပေါ့ ကောက်ခံရန်ရှိပြီး ငွေလဲလှယ်နှုန်းကိုလည်း ပြန်လည် သတ်မှတ်ရန်ရှိကြောင်း သမ္မတမှ ပြောဆိုသွားသည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်ရွှေက ဆိုသည်။

“အဓိကအားဖြင့်တော့ ဆင်းရဲသား ပပျောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွန် အခတွေကို လျော့ကောက်မယ်ပေါ့၊ အခွန်လျော့တဲ့ စနစ်နဲ့ ဆက်လုပ်သွားမယ် ဆိုပြီးတော့ ပြောပါတယ်” ဟု ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ပြည်ပ ပို့ကုန်များ ဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေချို၊ ရေငံထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက် ပစ္စည်းများ (ကန့်သတ် ကုန်ပစ္စည်းမှအပ)စသည့် ပြည်ပ ပို့ကုန်ရောင်းရငွေများအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ယခုလ ၁၅ ရက်နေ့မှစ၍ ၆ လကြာ (သြဂုတ် ၁၅ ရက်မှသည် ဖေဖော်ဝါရီ ၁၄ ရက်အထိ) ကင်းလွတ်ခွင့် ပြုခဲ့သည်။ အမြတ်ခွန် အဖြစ် ၂ ရာခိုင်နှုန်းကိုတော့ ပြည်ပပို့ကုန်တွင် ပေးဆောင်ရမှာ ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာကြပြီး နိုင်ငံအတွက် အလုပ်လုပ်ကြရန်လည်း သမ္မတက တိုက်တွန်းလိုက်သည်။

အပြစ်မရှိသူများ ပြည်တွင်းသို့ ချက်ချင်း ပြန်ဝင်လာနိုင်ပြီး အပြစ်ရှိသူများ သက်ဆိုင်ရာနှင့် ဆွေးနွေးကာ အပြစ်များ ကို လျော့ပေါ့ပေးမည် ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ သမ္မတမှ တိုက်တွန်းကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲသို့ ရန်ကုန် နာရေးကူညီမှု အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် တက်ရောက်ခဲ့သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က “ အများပြည်သူ အကျိုးကို ထိခိုက်အောင် ဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ အများအကျိုး အတွက် အနစ်နာခံ ဆောင်ရွက်ရင်းနဲ့မှ ယုံကြည်ချက်ကြောင့် တိုင်းပြည်အတွက် လုပ်နေရင်းနဲ့ အပြင်ရောက်နေတဲ့ သူတွေဟာ အခု အဲဒီလိုပြန်လာပြီးလို့ရင် အကုန်လုံး အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါတယ်လို့ မြန်မာနိုင်ငံ အစိုးရသစ် အနေနဲ့ ဖိတ်ခေါ်တာက အင်မတန် ကောင်းတဲ့ အချက်လို့ ကျမမြင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

စီးပွားရေးနှင့် လူမှုရေးအသင်းအဖွဲ့ ၄ဝ ကျော်နှင့် သမ္မတတို့ တွေ့ဆုံမှုတွင် အစိုးရသစ်၏ သက်တမ်း ၅ လ နီးပါး အတွင်း လုပ်ဆောင်ပေးခဲ့မှုများ ဖြစ်သည့် ပင်စင်လစာများ တိုးပေးခြင်း၊ အခွန် လျော့ကောက်ခံခြင်းများ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး စသည့် အချက်များကို သမ္မတမှ ရှင်းပြခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက မဇ္ဈိမကို ပြောကြသည်။

ဗုဒ္ဓဟူးနေ့ နေပြည်တော် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း၊ ဆီကုန်သည်များ အသင်း၊ ပဲနှမ်း ကုန်သည်များ အသင်း၊ ရွှေကုန်သည်များ အသင်း၊ ရာဘာကုန်သည်များ အသင်း၊ ငါးလုပ်ငန်းရှင်များ အသင်း၊ မွေးမြူရေး လုပ်ငန်းရှင်များ အသင်း၊ အင်ဂျင်နီယာ အသင်း၊ ဆရာဝန်အသင်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာ အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့၊ သူနာပြုအသင်း၊ လူမှု အထောက်အကူပြု အဖွဲ့အစည်းများ စသည့် စီးပွားရေး လူမှုရေး အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ် ၄၀၀ တက်ရောက်ခဲ့ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates