Wednesday, August 17, 2011

လူပြောများတဲ့ ပြည်ပမီဒီယာ ဆန့်ကျင်ရေး ကြွေးကြော်သံဖယ်ရှား

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။     ။ အစိုးရ သတင်းစာများတွင် ပြည်ပမီဒီယာများကို တိုက်ခိုက်သည့် ကြွေးကြော်သံများကို ဖော်ပြခြင်း မပြုတော့သည့်အတွက် လူအများအကြား စိတ်ဝင်စားစရာ အကြောင်းတခု ဖြစ်နေသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ အစိုးရပိုင် သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်း နောက်ကျောဖုံးတွင် “မိုးလုံးပြည့် မုသာဝါဒီ RFA ၊ VOA နှင့် BBC ၊ RFA, VOA, BBC အဖျက်သမားများ သတိထား၊ RFA, VOA နှင့် BBC လေလှိုင်းပေါ်က လူသတ်သမားများ၊ ပြည်သူအားလုံး သတိထား။ မိုးလုံးပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်” ဟု ဖော်ပြခဲ့သည်။

digitize-censorshipယင်းအပြင် “BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်။ အဲဒီ ဝေသာလီ ပုဏ္ဏားများ မယုံလေနဲ့ သတိထား” ဟူ၍လည်း ပါရှိသည်။

ယင်းနောက်ပိုင်းတွင် ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာန ကိုလည်း ထည့်သွင်းခဲ့သည်။

ဝါဒဖြန့်ချီရေး လက်နက်အဖြစ် အသုံးပြုနေသော နိုင်ငံပိုင် သတင်းစာများတွင် ပြည်ပမီဒီယာ ဆန့်ကျင်ရေး
ကြွေးကြော်သံကို ဖြုတ်ရန် မည်သည့်ဌာနက ညွှန်ကြားချက် ပြုခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖယ်ရှား ပစ်ခြင်းက ကောင်းမည်ဟူသော သမ္မတဦးသိန်းစိန်ကို အကြံပေးမှုများ ရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ထည့်သွင်းခြင်း မပြုတော့သည့်အတွက် အစိုးရ၏ မီဒီယာများအပေါ် သဘောထား
ပြောင်းလဲပြီလားဟု သတင်းသမားများနှင့် လူအများအကြား မေးခွန်းထုတ်နေကြသည်။

ယင်းဖြစ်ရပ်သည် နေပြည်တော်တွင် သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ဗဟိုအစိုးရ အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းမှာ သတင်းထောက်များ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း မျက်ရည်ကျခဲ့မှုနှင့်လည်း တိုက်ဆိုင်နေသည်။

ဝန်ကြီး မျက်ရည်ကျမှု သတင်းမှာလည်း သတင်းစာ ရှင်းလင်းပွဲအပြီး မကြာမီပင် အင်တာနက် စာမျက်နှာများပေါ် သို့ ရောက်ရှိလာကာ လူစိတ်ဝင်စားမှု အများဆုံး သတင်းဖြစ်ခဲ့သည်။

လူမုန်းများသည့် ဆောင်ပုဒ်များ မထည့်သွင်းခြင်းသည် အပြုသဘော ဆောင်သည့် လုပ်ရပ်ဟု ပြည်တွင်း၊ ပြည်ပမှ သတင်းစာသမားများနှင့် အဖွဲ့အစည်းအချို့က ထင်မြင်ကြကာ မြန်မာ့သတင်းလောက အဆင့်အတန်းမြင့်မာရေးနှင့် သတင်းစာလွတ်လပ်ခွင့်အတွက် လမ်းစတခု ဖြစ်သည်ဟု ပြောဆိုနေကြသည်။

သို့သော် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကမူ ယခုလုပ်ရပ်သည် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းစာ အဆင့်အတန်း မြင့်မားနေပြီဟု မယူဆသင့်ကြောင်း ရှုမြင်သည်။

“သတင်းလောကမှာ ထူးပြီးတော့ တိုးတက် ပြောင်းလဲသွားတယ်လို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ အစိုးရက သတင်းစာတွေကို ထိန်းချုပ်ထားတယ်ဆိုတာ အာဏာရှင်နိုင်ငံတွေမှာပဲ ရှိတယ်။ သတင်းစာတွေကို ပုဂ္ဂလိကပိုင် ပြန်လွှဲမပေးသေး သရွေ့ကတော့ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်လို့ ပြောလို့ မရဘူး။ နောက် စာပေစိစစ်ရေးရုံး မဖျက်သိမ်း သရွေ့ကလည်း သတင်းလွတ်လပ်ခွင့် ရှိတယ်လို့ ပြောလို့မရဘူး” ဟု မြန်မာသတင်း သမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

ပြည်ပမီဒီယာများကို တန်ပြန်သည့် ဆောင်ပုဒ်များ မထည့်သွင်းတော့သည့် တချိန်တည်းမှာပင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း နုတ်ထွက်သွားပြီ ဟူသည့် ကောလဟလများ ပြန်နှံ့သွားခဲ့သည်။ သို့သော် သြဂုတ်လ ၁၇ ၇က်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတ၏ မိန့်ခွန်းပြောပွဲ၌မူ တက်ရောက်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

အတည် မပြုနိုင်သေးသော်လည်း ဦးကျော်ဆန်း၏ မိသားစုနှင့် နီးစပ်သော အသိုင်းအဝိုင်း တရပ်အရ ဝန်ကြီးမှာ အလုပ်မှ အနားယူရန်ပင် စဉ်းစားနေခဲ့သည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates