Tuesday, August 16, 2011

၂ ရာခိုင်နှုန်းသာ ကျန်တဲ့ ပို့ကုန်ခွန်

ညီသစ်| အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၁ မိနစ်

မဇ္ဈိမသတင်းဌာန ။      ။ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နေသည့် ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်ခွန်ဟူ၍ မကောက်ခံတော့ဘဲ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြည်တွင်းအခွန် ဦးစီးဌာနက ပြောင်းလဲ သတ်မှတ် လိုက်သည်။

သြဂုတ်လ ၁၁ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး ရလဒ်အရ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ
ပေးဆောင်ရန် ပြောင်းလိုက်ခြင်း ဖြစ်သည်။

ဈေးနှုန်း ချိုသာစွာဖြင့် ပြည်ပပို့ကုန်များ တင်ပို့နိုင်ပြီး ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တင်ပြခဲ့သည့် နောက်ပိုင်း အခွန်ကောက်ခံမှု လျော့ချလိုက်ခြင်းလည်း ဖြစ်သည်။

ယခင်က ပို့ကုန်ခွန်များကို ယခင် ရှစ်ရာခိုင်နှုန်း( အမြတ်ခွန်နှင့် ပေါင်းပါက ၁ဝရာခိုင်နှုန်း)မှ ငါးရာခိုင်နှုန်း (အမြတ်ခွန်နှင့်ပေါင်းပါက ၇ရာခိုင်နှုန်း) ကောက်ခံခဲ့သည်။

“အခုလို ချပေးလိုက်တဲ့အတွက် ပို့ကုန်လုပ်ငန်း လုပ်သူတွေ အတွက် အများကြီး အလားအလာ ကောင်းလာပါတယ်။ အမှန်တော့ တခြားနိုင်ငံတွေမှာလည်း ပို့ကုန်ကို အခွန်ကောက်တာ မရှိဘူး။ သွင်းကုန်ပေါ်မှာသာ အခွန်ကောက် ကြတာပါ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက ပြောသည်။

ဈေးကွက်အတွင်း မြန်မာကျပ်ငွေနှင့် လဲလှယ်ရာတွင် အမေရိကန် ဒေါ်လာဈေးများ ကျဆင်းလာခြင်း၊ ပို့ကုန်ရငွေ
ဈေးများလည်း ကျဆင်းလာခြင်းတို့ကြောင့် ပို့ကုန် လုပ်ငန်းရှင်များ အထိနာလာသည်ဟုလည်း စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်း သုံးသပ်သည်။

“အရင်ကထက်တော့ ပို့ကုန်လုပ်ငန်း ပိုကောင်းလာမယ်လို့ ယူဆတယ်” ဟု ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောသည်။

ရန်ကုန်တွင် အမေရိကန်တဒေါ်လာလျှင် မြန်မာငွေကျပ် ၇၅ဝခန့် အင်္ဂါနေ့ ဈေးပေါက်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates