Tuesday, August 9, 2011

၂၃ နှစ်မြောက် ရှစ်လေးလုံးရင်ခုန်သံ

နှင်းပန်းအိမ်| အင်္ဂါနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်

“လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ” ဆိုတဲ့ ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားအတိုင်း ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းတာဝန်ကို ကျမတို့ ပြည်သူတွေ ထမ်းဆောင်ခဲ့ကြပါတယ်။

သြဂုတ်လရဲ့ မိုးစက်တွေကြားမှာ ရှစ်လေးလုံး ၂၃ နှစ်မြောက်အတွက် အမှတ်တရစကားတွေ၊ စာတွေ၊ သတင်းတွေ ကြားရဖတ်ရတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တက်ကြွတဲ့ တိုက်ပွဲခေါ်သံကို ပြန်လည် မြင်ယောင်မိပါတယ်။

မြန်မာ့သမိုင်း ခေတ်အဆက်ဆက်ကို ကြည့်မယ် ဆိုရင် မြင်ကွင်းတွေ အမျိုးမျိုး တွေ့ရတယ်။ စစ်အစိုးရက အာဏာသိမ်းပြီးတော့ စစ်ဝတ်စုံနဲ့ အရပ်ဝတ်စုံ လဲပြီး အုပ်ချုပ်ခဲ့တယ်။ ဒီစစ် အာဏာရှင် စနစ်ကျဆုံးဖို့ ကျနော်တို့ ကရင့်တော်လှန်ရေး လုပ်ခဲ့တာ
အဲဒီတုန်းက အဖြူအစိမ်းဝတ် ကျောင်းသားလူငယ်တွေ
နေရာအနှံ့မှာ ထွက်ပေါ်ခဲ့တယ်။ ကျောင်းတွေစုံ လူတွေစုံခဲ့တယ်။ ရဟန်းရှင်လူ ကျောင်းသား
ပြည်သူတွေရဲ့ လက်ရုံးတွေ အားမာန်အပြည့်နဲ့ လေထဲမှာ ဝဲနေခဲ့တယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် ရမယ်ဆိုတဲ့ ဒီမိုကရေစီရေး လိုလားသူတွေ လူ့အခွင့်အရေး အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်နေကြတယ်။

“ခြောက်နေတဲ့ ထင်းကို မီးတောက်အောင် လုပ်ဖို့ သေးငယ်တဲ့ မီးပွားကလေးရှိရင် လုံလောက်တယ်” ဆိုတဲ့ စကားလိုပါပဲ။ ကျမတို့ လူထုရင်ထဲမှာ ခံစားနေရတဲ့ ဖိနှိပ်ခံရမှုတွေ အုံကြွလာခဲ့ပါတယ်။ ရှစ်လေးလုံးရဲ့ ဘဝ၊ သွေးစက်၊ အသက်၊ မျက်ရည်တွေ ခုချိန်ထိ မခန်းခြောက်သေးပါဘူး စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ဆက်လက် တိုက်ပွဲဝင်နေကြတုန်းပါ။

ရှစ်လေးလုံး ၂၃ နှစ်မြောက်မှာ အတိတ်ကို ပြန်လည် သတိရသလို လက်ရှိဘဝကိုလည်း ကြည့်မိတယ်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ကျမ ဒုက္ခသည်စခန်းရဲ့ တဲအိမ်လေးထဲမှာ ဒုက္ခသည်အဖြစ် နေထိုင်ရတယ်။ ကျမလိုပဲ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်အာဏာရှင် စနစ်ကို အပြုတ်တိုက်မယ်ဆိုတဲ့ စိတ်နဲ့ ကျောင်းသား တပ်မတော်ထဲကို ဝင်ခဲ့ကြတဲ့ ABSDF ရဲဘော်တွေ ဒုက္ခသည် အဖြစ်နဲ့ နေထိုင်ကြရတယ်။ ကျမတို့ဘဝလုံခြုံမှုအတွက် ဒုက္ခသည်အဖြစ် စနစ်က တွန်းပို့ခဲ့တာ။

ABSDF ကျောင်းသား အမှတ်တရ (ဓါတ်ပုံ မဇ္ဈိမ)

တတိုင်းပြည်လုံး အမှောင်ကျနေတဲ့ ကျမတို့တိုင်းပြည်ရဲ့ အလင်းရောင်က ပြည်သူလူထုတွေပါ။ ဒီပြည်သူလူထုတွေမှာ လက်နက်မရှိဘူး။ အမှန်တရားပဲရှိတယ်။ ဒီအမှန်တရားနဲ့ လက်နက်ရှိတဲ့ စစ်အာဏာရှင်တွေကို တိုက်ပွဲ ဝင်ခဲ့ကြတာ။ ဒီလိုသမိုင်းတွင်တဲ့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကို ကျမတို့ဒုက္ခသည်တွေ ကျင်းပချင်တယ်။

ရှစ်လေးလုံး ၂၃ နှစ်မြောက်တဲ့ အချိန်ထိ ကျမတို့မြန်မာပြည်မှာ စစ်ပွဲတွေ ပြင်းထန်တုန်း၊ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ခုထိရှိနေတုန်း။ ဒီလိုမျိုး အခြေအနေကို ထိုးစစ် တိုက်စစ်ကြောင့် ပြေးလွှား ပုန်းရှောင်ခဲ့ရတဲ့ ကရင် စစ်ပြေးဒုက္ခသည်တွေရဲ့ သားသမီးတွေ၊ ABSDF ရဲဘော်တွေရဲ့ သားငယ် သမီးငယ်တွေ၊ ဒုက္ခသည် မိဘတွေက မွေးဖွားပြီး ဒုက္ခသည် စခန်းထဲမှာပဲ ကြီးခဲ့ရတဲ့ မျိုးဆက်သစ် လူငယ်တွေကိုပါ သိစေချင်တယ်။ ရှစ်လေးလုံး စိတ်ဓာတ်ကို လက်ဆင့်ကမ်းချင်ကြပါတယ်။

ဒါကြောင့်လဲ ဒုက္ခသည် စခန်းအတွင်းမှာ မတူကွဲပြားတဲ့ အတိတ်အသီးသီးရှိတဲ့ အဖွဲ့အစည်း၊ အသင်းအပင်းတွေက လူအားလုံး စုပေါင်းပြီး ရှစ်လေးလုံး ၂၃ နှစ်မြောက် အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ ကြပါတယ်။ ဒီလိုကျင်းပနိုင်ဖို့ အတွက် တာဝန်ကိုယ်စီ ယူကြတယ်။ ဓာတ်ပုံပြခန်း လုပ်တယ်။ နံရံကပ်စာစောင် လုပ်တယ်။ ဆောင်းပါး၊ ကဗျာ တွေကို စာအုပ်ထုတ်ပါတယ်။

နို့ဖိုး ဒုက္ခသည်စခန်းမှာ နေရာကျယ်ဝန်းတဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်း အနားရဲ့ အဝင်ဝမှာ ဝတ်စုံ အဖြူအစိမ်းနဲ့ ကျောင်းသားပုံ ဆွဲထားပါတယ်။ ဒီကျောင်းသားလေးပုံမှာ အမှတ်တရ စကားရေးကြတယ်။ စခန်းအုပ်ချုပ်ရေး ဒုဥက္ကဋ္ဌကြီး ဦးဖိုးထာန်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ ဦးဖိုးထာန်က မြန်မာနိုင်ငံရဲ့ သမိုင်း အစဉ်အဆက်မှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် ရက်စက်မှုကို ခံစားချက် အပြည့်နဲ့ ပြောသွားပါတယ်။

“ရှစ်လေးလုံးက အတီးတို့ကို ဗမာနဲ့ စစ်အာဏာရှင်စနစ်ကို ခွဲခြားပြလိုက်တာ
“ရှစ်လေးလုံး အမှတ်တရနေ့ဟာ မြန်မာနိုင်ငံ သမိုင်းအတွက် အင်မတန်မှ အရေးပါ ပါတယ်။ မြန်မာ့သမိုင်း ခေတ် အဆက်ဆက်ကို ကြည့်မယ်ဆိုရင် မြင်ကွင်းတွေ အမျိုးမျိုး တွေ့ရတယ်။ စစ်အစိုးရက အာဏာသိမ်းပြီးတော့ စစ်ဝတ်စုံနဲ့ အရပ်ဝတ်စုံလဲပြီး အုပ်ချုပ်ခဲ့တယ်။ ဒီစစ်အာဏာရှင် စနစ်ကျဆုံးဖို့ ကျနော်တို့ ကရင့်တော်လှန်ရေး လုပ်ခဲ့တာ”

“ ခင်ဗျားတို့ မြို့ပေါ်နေ လူထုကလည်း အရေးတော်ပုံတွေမှာ အသက်ပေးပြီး တိုက်ပွဲဝင်ကြတယ်။ ဘာကြောင့် စစ်အာဏာရှင် စနစ် မကျဆုံးသေးတာလဲ။ ကျနော်တို့အားလုံး မစည်းလုံးနိုင်တဲ့ အတွက်ကြောင့်ပဲ။ အရေးတော်ပုံတိုင်း၊ အရေးအခင်းတိုင်းမှာ ကျဆုံးသွားတဲ့ သူတွေ တော်လှန်ရေးထဲမှာ ကျဆုံးသွားရတဲ့ ရဲဘော်ပေါင်းကို ဒီနေရာ ဒီအခမ်းအနား ကနေ ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ် ခင်ဗျား”

ကရင်အမျိုးသားစခန်း ဒုဥက္ကဋ္ဌ ဦးဖိုးထာန် စကားက ကျမတို့ ရင်ကို ထိခိုက်စေခဲ့ပါတယ်။ တော်လှန်ရေး ကပေးတဲ့ အသိ၊ ဘဝက ပေးလိုက်တဲ့ အသိတွေနဲ့ ကျမတို့ကို လက်ဆင့်ကမ်း ပြောနိုင်ခဲ့သူပါ။

ကျမတို့အားလုံးက ချစ်ခင်စွာ အတီးလို့ခေါ်ရတဲ့ တီးလှရွှေက “ရှစ်လေးလုံးကို ပြန်ပြောင်း သတိရပြီး အနာဂတ် ခေါင်းဆောင်ဖြစ်ဖို့ လူငယ်တွေကို အတီး တိုက်တွန်းချင်တယ်။ စစ်တပ်က ဖိနှိပ်လွန်းလို့ ဒုက္ခသည် စခန်းထဲကို ရောက်လာရတာ။ ဒုက္ခသည်တွေမှာ ရည်ရွယ်ချက် ကိုယ်စီနဲ့ပါ။ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသကို လူငယ်တွေ မမေ့ကြပါနဲ့။ ကိုယ့်ဇာတိမြေမှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ရှိတယ်။ စာပေတွေ ရှိတယ်။ သယံဇာတတွေ ရှိတယ်။ ဇာတိသွေး မွေးကြပါ”

“ ဘယ်နေရာရောက်ရောက် ငါ့တိုင်းရင်းသားတွေ တသွေးတသားတည်း ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အနာဂတ် ခေါင်းဆောင်တွေ ပေါ်ထွန်းစေချင်တာ အတီး စေတနာပါ။ ဒါကြောင့် ၂၃ နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ စိတ်ဓာတ်ကို လူငယ်တွေ လက်ဆင့်ကမ်းယူသွားကြပါ” လို့ တီးလှရွေ က ပြောခဲ့ပါတယ်။

ကွမ်းသွေးစွန်းနေတဲ့ တီးလှရွှေက သန့်စင်တဲ့ အပြုံးနဲ့ ကျမတို့ အားလုံးကို နှုတ်ဆက်ပါတယ်။ “ရှစ်လေးလုံးက အတီးတို့ကို ဗမာနဲ့ စစ်အာဏာရှင် စနစ်ကို ခွဲခြားပြလိုက်တာ” လို့လည်း လှိုက်လှိုက်လှဲလှဲ ပြောပါသေးတယ်။

အဖွဲ့စည်း အသီးသီးက တာဝန်ရှိသူတွေလည်း အမှတ်တရ စကားပြောခဲ့ပါတယ်။ ကျောင်းသား တပ်မတော် ABSDF ရဲဘော်တွေ အကြောင်းကို ဒုက္ခသည်ဖြစ်မှ ကျမတို့ နက်နက်ရှိုင်းရှိုင်း သိခွင့်ရခဲ့ပါတယ်။ ကျောင်းသား တပ်မတော် အကြောင်း ကျိုက်ဒုံ ဒေသခံ ပြည်သူတယောက်က ကျမကို ပြောပြတယ်။

“ ကျမက ကျိုက်ဒုံက၊ အဇင်း ကျိုက်ဒုံကို ကျောင်းသားတွေ ရောက်လာတော့ ကျမတို့က ငယ်သေးတယ်။ အပျိုပေါက်တွေပေါ့။ မိဘတွေက ဘယ်အရပ် ဘယ်ဇာတိက လာတဲ့သူတွေ မသိဘူးနော်။ စိတ်မဝင်စားရဘူးလို့ သတိပေးတယ်”

“ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဖြူဖြူနွဲ့နွဲ့လေးတွေ။ မခံချင်စိတ်နဲ့သာ လာကြတာ။ တောဒဏ်ဘယ်ခံနိုင် မလဲ သရက်ကင်း ရိုက်ချသလို တဖြုတ်ဖြုတ်ပဲ။ ငှက်ဖျားကြောင့်လည်း သေတယ်။ တိုက်ပွဲကြောင့်လည်း သေတယ်။ ဖျားနာရင် ဆေးဝါးမရှိဘူး တိုက်ပွဲမရှိရင် အဇင်း၊ ကျိုက်ဒုံရွာထဲ နေကြတယ်။ ရွာခံတွေက ကြွေးရတယ်”

“ ၁၉၉၇ မှာ ကျိုက်ဒုံကို စစ်တပ်သိမ်းတော့ တပ်မ ၂၂၊ အဇင်းဘက် ပတ်သိမ်းတော့ တပ်မ ၄၄၊ ကျောင်းသားတွေက ပြောတယ်။ ရှစ်လေးလုံး အရေးတော်ပုံမှာ သတ်တာတပ်မ ၂၂၊ ခုရေစက်ဆုံရ ပြန်ပြီတဲ့။ လက်ကုန်ပဲ။
ကျောင်းသားတွေ အိမ်က ထွက်လာတော့ ငယ်ငယ်လေးတွေ။ ကျောင်းသား တပ်မတော် ဝတ်စုံနဲ့ ဘက်တံဆိပ်က ခွပ်ဒေါင်း အလံ။ ယောက်ျားမိန်းမ ဘယ်သူ့ကို ကြည့်ကြည့် ကြည့်ရတာ အားရှိတယ်။ ခုသူတို့နဲ့ ကျမ ရေစက်ပဲ။ ဒုက္ခသည် အဖြစ်နဲ့ ခုလာတွေ့နေရတာလေ” တဲ့။ တကယ့်ဘဝတွေပါပဲ။

ABSDF ရဲဘော် ကိုဝင်းဦးက ရှစ်လေးလုံးမှာ သွေးမြေကျ၊ အကျဉ်းကျ၊ ကျောင်းတွေပိတ်၊ ခေါင်းလောင်းသံတိတ် အင်ဂျင်နီယာ ဖြစ်ချင်တဲ့သူ သူပုန် ဖြစ်ခဲ့ရတယ်တဲ့။ ရခိုင်တိုင်းရင်းသား ဦးကျော်ဟန်ကတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်နိုင်ရမယ်တဲ့။ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်တင်ဦးကတော့ အရေးတော်ပုံတွေကြောင့် စစ်အာဏာရှင်တွေ တုန်လှုပ် ပြောင်းလဲရတာကို သမိုင်း ဖြစ်စဉ်တွေနဲ့ ပြောသွားခဲ့တယ်။

ကိုသန်းဦးမြင့်၊ ကိုကျော်ကျော်၊ ဆရာတော် ဦးသြဘာ၊ ဒေါ်ကျင်ကျင်ဝင်းတို့ရဲ့ အမှတ်တရ စကားတွေကလည်း ကျမတို့ကို စိတ်ခွန်အားဖြစ် စေခဲ့ပါတယ်။ ထူးထူးခြားခြား ကဗျာကို ဟော်လို ဂစ်တာတီးပြီး ရွတ်ဆိုသွားသူက ကဗျာဆရာ ကိုအောင်ဖြိုးပါ။

ကဗျာစာသားတွေက ထိမိလွန်းလို့ ကျမတို့အားလုံး ငြိမ်သက်သွားကြရတယ်။ ရှစ်လေးလုံး အပြီး သူခံစားမိတာ အလုပ်လက်မဲ့တွေ များလာတယ်။ မိဘမဲ့ကလေးတွေ များလာတယ်။ AIDS  ရောဂါသည်တွေ များလာတယ်။ ဒုက္ခသည်တွေ များလာတယ်တဲ့။

ခံစားချက်အပြည့်နဲ့ “၂၃ နှစ်လုံးလုံး လွယ်ထားကြတဲ့ကဗျာ” ကို ကျမတို့ ပိုမို ခံစားနိုင်ကြတယ်။ ကျမတို့ ကိုယ်တိုင် ဒုက္ခသည်တွေကိုး။ ကဗျာဆရာ လင်းဆက်နောင်ကတော့ မခံမရပ်နိုင်နဲ့ “ငြိမ်းချမ်းရေးဆိုတာ သေချင်းတရားတွေလား” လို့ အလင်္ကာ သီကြူးခဲ့တယ်။

အခမ်းအနား ပြီးဆုံးကြောင်း မကြေညာခင်မှာ ကရင်အမျိုးသား လူငယ်တွေကို အခမ်းအနား ကျင်းပရေး ကော်မတီမှ မေတ္တာရပ်ခံပန်ကြားခဲ့တယ်။ ကရင့် ကျောင်းသားလူငယ်တွေ ရင်ထဲ စစ်အာဏာရှင် စနစ်နဲ့ ဗမာ လူမျိုး ခွဲခြား မြင်ပေးဖို့နဲ့  စစ်အာဏာရှင်စနစ်ကြောင့် ကျဆုံးသွားရတဲ့ ကျောင်းသားလူငယ် တွေအတွက် ဂုဏ်ပြုပေးဖို့ ကရင့် အမျိုးသား သီချင်း သီဆိုပေးစေချင်တဲ့ အကြောင်းပါ။

၂၃ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားမှာ ကရင့်ကျောင်းသားလူငယ်တွေ သူတို့ရဲ့ အမျိုးသား သီချင်းကို သီဆိုပေးပြီး “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” “ရှစ်လေးလုံးစိတ်ဓာတ် အဓွန့်ရည်ပါစေ” လို့ ကြွေးကြော်ခဲ့ပါတယ်။

“အနာဂတ်ကိုရင်ဆိုင်ဖို့ ခွန်အားဟာ အတိတ်က ဒဏ်ရာတွေဆီမှာရှိတယ်” တဲ့။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates