Friday, August 5, 2011

အိမ်ခြံမြေ အရောင်းအဝယ် အခွန်နှုန်းတွေ တိုးတော့မလား

ညီသစ် | သောကြာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၉ မိနစ်

မဇ္ဈိမသတင်းဌာန ။      ။ လာမယ့် သြဂုတ်လ ၁၂ရက်နေ့မှာ  ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေ အရောင်းအဝယ်အတွက် နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေကို သက်တမ်း အသစ် တိုးတာ လုပ်တော့မှာပါ။ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက လက်ရှိ အခွန်ပေးဆောင်နှုန်းထက် ပိုမြင့်တက်မယ်လို့ သတင်းတွေထွက်လာတာဟာ အကြောင်းရှိနေပါတယ်။

အရင် အစိုးရလက်ထက်က အနားယူသွားကျတဲ့ စစ်ဗိုလ်ချုပ် တော်တော်များများ အရင်က အမည်မခံဘဲ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် မှတ်ပုံတင်ပြီး လက်ရှိအခွန် ၁၅ ရာခိုင်နှုန်းနဲ့ပဲ ပေးဆောင်ချင်လို့ အိမ်ခြံမြေ လုပ်ငန်း အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးဘက်က လာတဲ့ သတင်းများအရ သိရပါတယ်။

အခွန်နှုန်းထားသစ် ကြောက်၍ ဗိုလ်ချုပ်များ အလုအယက် စာချုပ်ချုပ်ကြ (ဓါတ်ပုံ မဇ္ဈိမ)

အိမ်ခြံမြေ အခွန်နှုန်း ပေးဆောင်ရာမှာ ရောင်းသူတန်ဖိုးရဲ့ ၁ဝရာခိုင်နှုန်း ပေးဆောင်ရပြီး ဝယ်သူကတော့ တန်ဖိုးရဲ့ ၁၅ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။ တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၈ ရာခိုင်နှုန်း
ပေးရတာပါ။

၂ဝဝ၇ခုနှစ်က ဒီအခွန်စနစ်ကို စတင်ခဲ့တာ ဖြစ်ပြီး တနှစ်တခါ သြဂုတ်လ ၁၂ရက်နေ့ဆိုရင် သက်တမ်း ပြန်တိုးလေ့ ရှိပါတယ်။

အရင် စနစ်မစခင်ကတော့ ဝယ်သူက တန်ဖိုးရဲ့ ၅ဝရာခိုင်နှုန်း ပေးရတာကြောင့် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လုပ်ဖို့ ဝန်လေးကြသလို အိမ်ရာဖြတ်တွေနဲ့ပေါင်းပြီး ဈေးလျှော့ ဖြတ်ကြတာများပါတယ်။ အခုလည်း အိမ်တန်ဖိုးကိုလျှော့ပေါ့ ဖြတ်အောင်လုပ်ကြပေမယ့် ကျပ်သိန်း ၅,၀၀၀၀ အောက် ဆိုရင် ၁၅ ရာနှုန်းနဲ့ အထက်ဆိုရင် ၁၂ရာနှုန်း ဆိုတော့ တရားဝင် ငွေဖြူလုပ်ချင်ကြသူတွေ အိမ်ခြံမြေ လုပ်ငန်းထဲကို အမြောက်အများ ဝင်လာကြပါတယ်။

“လက်ရှိက ၁၅ရာနှုန်းဆိုတော့ အခုကြားတာ ၂၅ ကနေ ၃ဝ ရာနှုန်းအထိ တိုးမယ်လို့ သတင်းကြားတယ်။ တိုးမယ် ဆိုရင်တော့ တန်ဖိုးကြီး အိမ်ခြံမြေ အရောင်းအဝယ်တွေ တန့်သွားနိုင်တယ်။
လောလောဆယ်တောင် ဈေးကွက်ထဲမှာ သိန်း ၅,ဝဝဝ အထက် အိမ်ခြံမြေ အရောင်းအဝယ်တွေ အေးနေတယ်" လို့ ရန်ကုန်အခြေစိုက် နာမည်ရ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အခွန်နှုန်းတွေ မြှင့်လိုက်မယ်ဆိုရင် အကျိုးဆက်အနေနဲ့ အရင်အစိုးရ လက်ထက်က အနားယူသွားကျတဲ့ စစ်ဗိုလ်ချုပ် aတ်ာတော်များများ အရင်က အမည်မခံဘဲ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် မှတ်ပုံတင်ပြီး လက်ရှိအခွန် ၁၅ ရာခိုင်နှုန်းနဲ့ပဲ ပေးဆောင်ချင်လို့ တန်ဖိုးမြင့် အရောင်းအဝယ်တွေ လတ်တလော တန့်သွားနိုင် သလို အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်နေတာကို ခန ထိန်းထားနိုင်ပေမယ့် ဒီ အခွန်နှုန်းတွေကို ပေါင်းထည့်ပြီး ဝယ်ထားတဲ့သူက ပြန်ရောင်းမယ်ဆိုရင် တန်ဖိုးတွေ ပိုတက်လာနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်လို့ရပါတယ်။

“ဒီစနစ်ဆိုတာက အရင်က ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာတွေပါ။ အစိုးရသစ်လက်ထက်မှာ ဒါတွေကို ဥပဒေနဲ့ ပြင်ဆင်မယ်ဆိုရင် ဒီနှစ်မှာ တက်မယ်ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သက်တမ်းတိုးတာလောက်ပဲ
့ဖြစ်နိုင်ပြီး နောင်နှစ်တော့ ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိတယ်" လို့လည်း စာချုပ်စာတမ်း ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ပိုင်ရှင် အမည်ပေါက် လုပ်ဖို့အတွက် နိုင်ငံတော်ကို အခွန်ဆောင်ရမှာ ဖြစ်တဲ့အတွက် စာချုပ်တွေမှာ တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်။ အရင်ကဆိုရင် တန်ဖိုးမြင့် အိမ်ခြံမြေတခု ချုပ်ဆိုဖို့ စာချုပ်မှာ တံဆိပ်ခေါင်းတွေ အများကြီး ကပ်ရပါတယ်။

သိန်း ရာချီပြီးတန်တဲ့ တံဆိပ်ခေါင်းတွေ ကပ်ရတာကြောင့် စာချုပ်ကြီးတွေဟာ အထူကြီးတွေပါ။ အခုနောက်ပိုင်းတော့ အထူး တံဆိပ်ခေါင်းလို့ ခေါ်တဲ့ ကျပ်ငါးသိန်း တန်ဖိုးရှိ တံဆိပ်ခေါင်းတွေကြောင့် အရင်ကထက်တော့ စာချုပ်တွေက ပါးသွားပါပြီ။

ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ရှိသူတွေ ကိုယ်တိုင် လက်ရှိမှာ ဘယ်လို ဖြစ်လာမယ်ဆိုတာ
ပြောလို့ မရနိုင်သေးဘူးလို့ ဆိုတဲ့အတွက် လာမယ့် အပတ်ထဲမှာ ရောက်လာမယ့် သြဂုတ်လ ၁၂ရက်နေ့ကိုပဲ အိမ်ခြံမြေ ရင်းနှီးမြှပ်နှံသူများနဲ့ အကျိုးဆောင် လုပ်ငန်းတွေက စောင့်ကြည့် နေကြပါတယ်။

ဒီအချိန်ကျော်ပြီးရင်တော့ မြန်မာ့ အိမ်ခြံမြေလုပ်ငန်း အပြောင်းအလဲကြီးတခု ဖြစ်လာ၊ မလာ
စောင့်ကြည့်ရပါတော့မယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates