Tuesday, July 12, 2011

မြန်မာ့အိမ်ခြံမြေ ဈေးကွက် ပေါက်ကွဲ ခါနီးပြီးလား

ညီသစ် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း အမြင့်ဆုံး ထိုးတက်ခဲ့သဖြင့် ဈေးကွက်ပူဖောင်းကွဲခါနီး ဖြစ်နေပြီဟု ရန်ကုန်မြို့ခံအချို့ ထင်ကြေးပေးကြသော်လည်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကမူ မဖြစ်နိုင်သေးကြောင်း သုံးသပ်သည်။

ဈေးကွက် အလွန်အမင်း ကြီးထွားလာခြင်းမှာ မခိုင်မာသော လက်ရှိ စီးပွားရေးနှင့် ဆက်စပ်နေပြီး၊ ရေရှည် အာမခံချက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုတွင် အိမ်ခြံမြေဈေးကွက်သည်သာ အကောင်းဆုံး ဖြစ်နေခြင်းကြောင့်ဟု အိမ်ခြံမြေလုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။

“ရင်းနှီးထားရင် ပြန်မြတ်ဖို့ သေချာတာကတော့ အိမ်ခြံမြေဖြစ်နေတယ်။ ဒါပေမဲ့ အရင်က အိမ်ခြံမြေဆိုတာက ငွေပိုငွေလျှံရှိမှ ဝယ်ထားကြတာ။ အခုတော့ ကားဈေးကွက်၊ ရွှေဈေးကွက်ထက်စာရင် အိမ်ခြံမြေက သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာကြောင့်” ဟု ရန်ကုန်မြို့ရှိ နာမည်ရ အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။


ကားဈေးကွက်ဆိုလျှင် ၂ဝဝ၇ ခုနှစ်မှစ၍ ကျဆင်းလာခဲ့ပြီး၊ အစိုးရ လေလံတင်ကားများ ဈေးကွက်အတွင်း ဝင်လာသဖြင့် ကားပွဲစားများ အမြတ်အစွန်း မရေရာဖြစ်ခဲ့သည်။ ကားဈေးများ တရှိန်ထိုးကျလာသဖြင့် ယခင် ကျပ်သိန်း ၄၅ဝ နှင့် ဝယ်ယူခဲ့သည့် ဆူဇူကီးအာရ်ပလပ် ပိုင်ရှင်တဦးအဖို့ လပိုင်းအတွင်း ကျပ်သိန်း ၂ဝဝ ကျော် အရှုံးပေါ်ခဲ့သည်။

ရွှေဈေးကွက်မှာလည်း တရှိန်ထိုး မြင့်တက်လာသော ကမ္ဘာ့ရွှေဈေးအတိုင်း တကျပ်သား ကျပ် ၇ သိန်းနီးပါး ကပ်သွားခဲ့ရသဖြင့် ဝယ်ယူလိုသူ၊ ရင်းနှီးလိုသူများထက် ရောင်းသမားများသာ များနေခဲ့သည်။

ရန်ကုန်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးနေရာဖြစ်ပြီး၊ ကျောက်တံတား၊ လသာ၊ ပုဇွန်တောင်၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ဗိုလ်တထောင် စသည့် ရှုပ်ထွေးလှသည့် မြို့တွင်း ၆ မြို့နယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းများ မျက်စိကျသလို၊ စီးပွားရေးလုပ်ငန်းရှင်များ အများဆုံးနေရာ ဖြစ်သည်။

မြို့လယ်ရှိ အနော်ရထာ၊ မဟာဗန္ဓုလနှင့် ဆူးလေဘုရား လမ်းတို့သည် ဈေးအကောင်းဆုံး
နေရာများ ဖြစ်နေသည်။ ၁ စတုရန်းပေ ခေါ်ဈေးမှာ ကြောက်ခမန်းလိလိ ဖြစ်လာရာ ယခင် မကြုံဖူးသည့် အနေအထားပင်။

“ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းဘက်မှာဆို ခေါ်ဈေးက ၁ စတုရန်းပေကို ၁ဝ သိန်းကျော် ခေါ်နေကြတယ်။ တကယ်အလုပ်ဖြစ်တာက ၇ သိန်းလောက်ပဲ ရှိတာ။ ပြောရရင် ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ ဝယ်တဲ့သူက ကြိုက်ရင် ခေါ်တဲ့ဈေး ပေးသွားတယ်။ ဒီတော့ ဈေးကွက်
ပေါက်ဈေးဆိုတာထက် အခု ဖြစ်နေတာက ပါးစပ်ဈေးတွေပဲ” ဟု မင်္ဂလာတောင်ညွန့်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

ရန်ကုန်၏ မြို့တွင်း ၆ မြို့နယ်ဟု ဆိုပင်ငြားလည်း ဈေးနှုန်းမြင့်တက်ပုံချင်း မတူသလို၊ ဝယ်လိုအားလည်း ကွာခြားသည်။ ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ်သည် ဝယ်လိုအားကောင်းသလို၊
ဈေးနှုန်းများ မြင့်တက်မှု စံချိန်တင်နေသည့် မြို့နယ်များဖြစ်ပြီး၊ လမ်းမတလျှောက်ရှိသည့်
မြေညီထပ်များသည် အထူးသဖြင့် ဈေးဆိုင်များကြောင့် ငွေပုံပေးသော်လည်း ဝယ်မရနိုင်သည့်
နေရာများပင်။

မြေညီထပ်အခန်း အများစု၏ ဈေးနှုန်းသည် လွန်ခဲ့သည့် ၅ နှစ်တာနှင့် ယှဉ်ကြည့်ပါက ၅ ဆကျော် မြင့်တက်လာခဲ့ကာ ပေ ၃ဝ၊ ပေ ၆ဝ အခန်းတခန်းလျှင် သိန်း ၂၅ဝဝ မှ သိန်း ၄ဝဝဝ နီးပါး ရှိလာသည်။ သို့ရာတွင် ရောင်းမည့်သူကား မရှိချေ။

ရန်ကုန်၏ အချက်အချာကျသည့် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရား လမ်းမတန်းပေါ်တွင် မြေဈေးသည် ၁ စတုရန်းပေကို ၃ သိန်းမှ ၅ သိန်းကျော်သို့ ရောက်ရှိလာသည်။ တန်ဖိုးကြီး အိမ်ခြံမြေ အရောင်းအဝယ်များလည်း အဆိုပါ နေရာများတွင် အများဆုံး ဖြစ်ခဲ့သည်။

သို့သော် ၂ဝ၁၁ ဇွန်လဆန်းမှစ၍ အရောင်းအဝယ်များ သိသာစွာ ငြိမ်သက်လာသည်။ အကြောင်းမှာ သြဂုတ်လတွင် သက်တမ်းကုန်တော့မည့်  အိမ်ခြံမြေ အခွန်ဆိုင်ရာ သက်တမ်းကြောင့် ဖြစ်သည်။ အဆိုပါ အခွန်သက်တမ်းဆိုသည်မှာ ရောင်းသူ၊ ဝယ်သူက နိုင်ငံတော်ကို ပေးဆောင်ရသည့် အခွန်နှုန်းထားများနှင့် ပတ်သက်သည့် ဥပဒေဖြစ်သည်။

၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို အမြတ်ခွန်အဖြစ် ပေးဆောင်ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှစ၍ ကျပ်သန်း ၅၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅ဝဝဝ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု အမြတ်ခွန်ဦးစီးဌာနက
ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြောင့် တရားမဝင် ငွေမည်းမှ တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲလိုသူများ အိမ်ခြံမြေလောကအတွင်း ဝင်ရောက်လာခဲ့ရာ ဤလောကအတွင်း တန်ဖိုးကြီး အိမ်ခြံမြေများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့တော့သည်။

“ပြီးခဲ့တဲ့ ၂ဝဝ၈ လောက်ကတည်းက အိမ်ခြံမြေဈေးတွေ တရှိန်ထိုးတက်တာ။ ကျောက်မျက်ပွဲတွေ ပြီးပြီဆိုရင် ရှမ်းတရုတ်တွေက လိုက်ဝယ်ကြတာပဲ။ ခေါ်ဈေးမှာမှ ကြိုက်တယ်ဆိုတာနဲ့ ဝယ်လိုက်တော့ အဲဒီဈေးတွေက ဈေးကွက်ပေါက်ဈေး ဖြစ်လာတာ” ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တဦးက သုံးသပ်ပြောသည်။

ပြည်လမ်းမ၊ ကမ္ဘာအေးဘုရား လမ်းမတလျှောက်ရှိ ခြံကျယ်ကျယ် နေရာကောင်းများ၏ မြေဈေးသည် ၁ စတုရန်းပေလျှင် ယခင် ၁ သိန်းခွဲခန့်မှ ယခုအခါ ၅ သိန်းကျော် ဈေးခေါ်လာကြသည်။ လမ်းသွယ်များ၏ ဈေးနှုန်းမှာမူ နေရာပေါ် မူတည်ကာ အဆိုပါ ဈေး၏ ထက်ဝက်ခန့်သာ ရရှိသည်။

“မရမ်းကုန်းက အရင် ကျောက်မျက်ရတနာ ပြတိုက်နားမှာဆိုရင် ရှမ်းတရုတ်တယောက် ခြံတွေလိုက်ဝယ်တော့ အပြိုင်အဆိုင် ဈေးတွေ ခေါ်လိုက်ကြတာ။ အရင်ကထက် နှစ်ဆနီးပါး တက်ကုန်တယ်။ ပါးစပ်ပေါက်ဈေးအတိုင်း ဝယ်တော့ ကျန်တဲ့သူတွေကလည်း ဈေးတွေ ထိုးတက်ကုန်ရော” ဟု မရမ်းကုန်းတွင် နေထိုင်သူ အငြိမ်းစား ဝန်ထမ်းတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်၏ ဆင်ခြေဖုံးမြို့နယ်များအနက် ဒဂုံမြောက်ပိုင်းရှိ ပေ ၄ဝ၊ ပေ ၆ဝ အကွက်ကောင်းများ ဈေးကောင်းရလာကာ ဝယ်လိုအားလည်း သိသာစွာ တက်လာကြောင်း
ဒေသခံများက ပြောဆိုသည်။ ယခင်က တောင်ဥက္ကလာ ဘေလီတံတားအဆင်း ပင်လုံ လမ်းမကြီးတလျှောက်ရှိ အိမ်ခြံမြေများသည် အလွန်ဆုံး ကျပ်သိန်း ၄ဝဝ ကျော်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ သိန်း ၁ဝဝဝ ကျော်အထိ ဈေးပေါက်လာကြောင်း ၎င်းမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ဆိုသည်။

“လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ပါတယ်။ လမ်းမတန်းတွေဆို စီးပွားရေးလုပ်ကြတာများတော့ အခုဆို ဝယ်ချင်ရင်တောင် ရောင်းမယ့်သူ မရှိဘူး။ ဘေလီတံတားအဆင်းကနေ မဝတ လမ်းဆုံအထိ ဈေးဆိုင်တန်းတွေ အပြည့်ပဲ” ဟု အကျိုးဆောင်တဦးက ပြောပြသည်။

သို့သော် လက်ရှိတွင် မကြာမီသက်တမ်းကုန်မည့် အခွန်ဥပဒေကို သက်တမ်း ထပ်တိုးမတိုး
စောင့်ကြည့်နေကြရာ အချို့လုပ်ငန်းရှင်များကလည်း ၁၅ ရာခိုင်နှုန်း ပေးထားသဖြင့် ဈေးကွက်အတွင်း ရင်းနှီးရန် လူဝင်ပိုလာသောကြောင့် ဈေးကွက်ပျက်မည်ကို စိုးရိမ်နေပြီး၊ အချို့ကမူ ယခုနှုန်းထားထက် ၁ဝ ရာခိုင်နှုန်း ထပ်တက်ဖွယ်ရှိကြောင်း သုံးသပ်သည်။

အိမ်ခြံမြေ ဈေးကွက်ပူဖေါင်း ပေါက်ကွဲမည်ဟု ယူဆနေသူများ ရှိသကဲ့သို့ မြန်မာ့ပေါက်ဈေးနှုန်းများသည် အခြား အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် စင်္ကာပူ၏ မြေဈေးနှုန်းများကို မမီသးကြောင်း နာမည်ရ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

“စင်္ကာပူမှာဆို မြို့လယ်ခေါင်မှာရှိတဲ့ မြေဈေးနဲ့ ရန်ကုန်က မြေဈေး တော်တော်ကွာနေသေးတယ်။ ဗီယက်နမ်မှာ ဆိုလည်း ၁ စတုရန်းမီတာ (၃.၃ စတုရန်းပေ) ကို ဒေါ်လာ ၂ သောင်းနီးပါး ရှိတယ်။ ရန်ကုန်မှာ အမြင့်ဆုံးကမှ ၁ စတုရန်းပေကို ဒေါ်လာ ၁ဝဝဝ ဝန်းကျင်ပဲ ရှိသေးတယ်” ဟု သူက ပြောသည်။

အစိုးရက နိုင်ငံပိုင် အိမ်ခြံမြေများကို လေလံပစ်ခဲ့သော်လည်း ဈေးကွက်အတွင်း သိသာထင်ရှားသည့် ရိုက်ခတ်မှုများ မရောက်ရှိခဲ့ချေ။ အကြောင်းမှာ ကျပ်သောင်း၊ သိန်းချီနေသော တန်ဖိုးကြီး အိမ်ခြံမြေများ ဖြစ်နေသောကြောင့်ပင်။ ၂ဝ၁၁ ဖေဖော်ဝါရီလအတွင်း လေလံအောင်ခဲ့သော စမ်းချောင်းမြို့နယ်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် ပဒုံမ္မာ ဇာတ်ရုံမှာ ကျပ်သိန်းပေါင်း ၅ သိန်းကျော် ရှိခဲ့ရာ လက်ရှိတွင် ငွေချေရန် ခက်ခဲသဖြင့် လေလံအောင်သူ စီးပွားရေး လုပ်ငန်းရှင် ၂ ဦးက အစိုးရထံ ပြန်အပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates