Wednesday, June 15, 2011

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ်အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေတသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန်လုပ်ငန်းရှင်များ၊ ပြည်ပတွင်
dollarအလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့် ဒေါ်လာနှင့် ဝင်ငွေရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန်
ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု
ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက်တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ်ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာ ဒေါ်လာများသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက်စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ်နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates