Wednesday, June 22, 2011

ကျဉ်တုတ်မခံဝံ့တဲ့ သမ္မတလား

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၄ မိနစ်   

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် သက်တမ်း ၃ လနီးပါးရှိသော ဝန်ကြီးချုပ်မှသည် သမ္မတ ဖြစ်လာခဲ့သူ ဦးသိန်းစိန် အစိုးရ၏ ညံ့ဖျင်းမှု ပြယုဂ်တခု ဖြစ်သလို လက်ရှိ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲဝင်ပြီး ယှဉ်ပြိုင်ကြဆိုသော စကားကို ရယ်စရာ
ပြက်လုံးတခုလို ဖြစ်သွားစေတော့သည်။

စစ်ဗိုလ်ချုပ်ဟောင်းများအကြား နှိုင်းစာပြောလျှင် လူကောင်းဟု ပြောရမည် ဖြစ်သော်လည်း ဦးသိန်းစိန်မှာ စစ်အုပ်ချုပ်ရေး အမွေမှသည် ဒီမိုကရေစီ ခေတ်ပြောင်းတခုကို သွားနိုင်လောက်အောင် ထက်ထက်မြက်မြက် လုပ်နိုင်စွမ်း မရှိခြင်းကား ခြစားယိုယွင်းနေသော အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်သည်။

အစိုးရ အသက်ကယ်ဆေးအတွက် အားထားရာ တရုတ်နိုင်ငံသို့  အလည်အပတ် သွားရောက်ပြီးချိန်တွင်
 မြန်မာပြည်တွင်း တရုတ်၏ အကျိုးစီးပွားများ လွန်ကဲဖြစ်ထွန်းနေသည်ဟု စိုးရိမ်ကြောင့်ကြသံများ အစိုးရ လူရင်းများ၊ လူယုံစီးပွားရေးသမားများထံမှပါ ထွက်လာခြင်းကား ထူးခြားနေသည်။ သတင်းများ
ဖော်ပြထားသလို တရုတ်အစိုးရက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် တရုတ်စစ်သင်္ဘောများ ဆိုက်ကပ်ခွင့်ကို တောင်းဆိုခဲ့သည်သာ မှန်ကန်လျှင် မြန်မာ့မြေပေါ်တွင် မည်သည့် နိုင်ငံခြားတပ်မျှ တပ်စွဲခွင့်မပြု ဟူသော မြန်မာအစိုးရ အဆက်ဆက် ဆွဲကိုင်ထားသည့်မူကို ချိုးဖောက်လာရမည့်ကိန်း ဖြစ်နေခြင်းကား ဦးသိန်းစိန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေလိမ့်မည်။

အမည်ခံ လွတ်ငြိမ်းချမ်းသာခွင့်က အတိုက်အခံများအတွက် ဒေါသူပုန်ကို ထစေသလို စီးပွားရေး ကျပ်တည်းမှုကို ပြေလျော့အောင် လုပ်ပေးနိုင်ပါမည် ဆိုသော မျှော်လင့်ချက်ကို မပေးနိုင်ချိန်တွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို လျစ်လျှူရှုထားပြီး ထင်ရာစိုင်းနေခြင်းကား အရေခြုံပြီး လမ်းဟောင်းလျှောက်တာကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သေနတ်ပြန်ပေါက်ခဲ့ရသည့် လတ်တလော အကြောင်းကား တရုတ်ငွေ ယွမ်သန်း ၁ဝ၈ ကုန်ကျမည် ဖြစ်ပြီး ထွက်သော လျှပ်စစ်များကို တရုတ်နိုင်ငံသို့  ရောင်းချရမည့် ကချင်မြေမှ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို သေနတ်ပြ အဓမ္မ အကောင်အထည် ဖော်လိုခြင်းကြောင့် ဖြစ်သည်။ စစ်ပွဲများ၊ ဒုက္ခသည်များကား ရေကာတာ ဆောက်နေသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတခုဖြစ်သည့် ဒါးတန်း၏ ဆောင်ပုဒ်ဖြစ်သော “ သန့်စင်သော စွမ်းအားကို ထောက်ပံ့ပေးမည်၊ ပျော်ရွှင်သော ဘဝများ ဖြစ်စေရန် အလင်းပေးမည် ”ကို ပျက်ရယ်ပြုနေသည်။

ကချင်ပြည်နယ်ထဲမှာတွင်ပင် မြန်မာ့အသက်သွေးကြောမကြီးဖြစ်သော ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံအပါအဝင် ဧရာမ ရေကာတာစီမံကိန်း ၉ ခုကို တရုတ်ကုမ္ပဏီကြီးများဖြင့် တည်ဆောက်လျှက် ရှိသည်၊ လျစ်လျှူမရှုသင့်သော သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့များ ထောက်ပြထားကြသည့်
ဒေသခံလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကို ပေးစွမ်းမည့် အနှီ ဧရာမ စီမံကိန်းများကား ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသော ပဋိပက္ခများကို မီးထိုးပေးနေခြင်းလည်း ဖြစ်သည်။

ကချင်မှာတွင်သာမက ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်များတွင်လည်း အလားတူပင် ဖြစ်သည်။ လူနှင့်နေရာ လွဲချော်နေပြီဟု ပြောရမည့် အဖြစ်အပျက်တခုမှာ ဦးသိန်းစိန် တယောက် နေပြည်တော်ရှိ လယ်ကွင်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသန လုပ်နေသည်ဆိုခြင်း ဖြစ်သည်။ တပ်ကို မနိုင်၊ ပါတီမနိုင် အချိန်ကုန်အောင် လုပ်ဆောင်နေခြင်းဟု ကဲ့ရဲ့ခံရမည့် လုပ်ရပ်သာ ဖြစ်သည်၊ အရာရောက်ဖွယ် မမြင်ပါ။ သက်တမ်း မရင့်သေးခင်
ပြုပြင်ပြောင်းလဲ နိုင်ပါသေးသည်၊ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်န်ဆိုစဉ်က ကတိပေးခဲ့မှုများကို အကောင်အထည်ဖော်မှု ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရေးပင် ဖြစ်တော့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates