မြစ်ဆုံ ရေကာတာ ဖွင့်ပွဲ ဆင့်ခေါ်
မျိုးကြီး | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၄၀ မိနစ် ရွှေလီ (မဇ္ဈိမ) ။ ။ မြန်မာ-တရုတ် ပူးတွဲ တည်ဆောက်သည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မေခနှင့် မလိခ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး ဖွင့်ပွဲသို့ တက်ရောက်ရန် ဒေသခံ ရွာသားများကို ယနေ့တွင် အာဏာပိုင်များက ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ ပြည်နယ် မြို့တော် မြစ်ကြီးနား မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ လုံခါဇွတ် ရွာအနီး၌ ယနေ့နံနက်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ နှစ်နိုင်ငံ အရာရှိကြီးများ တက်ရောက်ခဲ့သလို၊ အနီးရှိ ကျေးရွာတရွာလျှင် အိမ်ခြေ ၅၀ မှ တအိမ်ထောင်လျှင် တဦးနှုန်း လာရောက်ရန် မြစ်ကြီးနား မယက ကောင်စီက ရွာဥက္ကဋ္ဌများမှ တဆင့် ဆင့်ခေါ်ခဲ့သည်။ “မြစ်ဆုံ ရေကာတာရဲ့လုပ်ငန်းခွင်ဖွင့်ပွဲကို လုံခါဇွတ်၊ ကျိန်ခန်၊ တန်ဖဲ အဲဒီဘက်က ရွာလူကြီးတွေကို တရွာကို အိမ်ခြေ ၅၀ ၊ တအိမ်တယောက် မလာမနေရ။ လာတဲ့လူတွေကလည်း တိုင်းရင်းသား ဝတ်စုံတွေကို ဝတ်ပြီးမှ လာခဲ့ရမယ်။ မယက ဥက္ကဋ္ဌက အမိန့် ပေးထားတယ်။ လီဆူးဆို လီဆူးဝတ်စုံ၊ ကချင်ဆို ကချင်ဝတ်စုံ ဝတ်ပြီး တက်ရတယ်” ဟု အဆိုပါ ဒေသတွင်းမှ ဒေသခံတဦးက ပြောသည်။ ယနေ့ ဖွင့်ပွဲသို့ မြန်မာနိုင်ငံ အမှတ် ၂ စွမ်းအင် ဝ...