Friday 7 December 2007

သတင်းမှန်များသာ ဖော်ပြသင့်ဟု ဘီအမ်အေက နအဖကို ပြောဆို

မောင်ဒီး
Friday, 07 December 2007 16:50 - မြန်မာစံတော်ချိန်

နိုင်ငံတကာ မီဒီယာများကို ဝေဖန်ခြင်းထက် နအဖ ကိုယ်တိုင် မှန်ကန်သည့် သတင်းများကို ဖော်ပြသင့်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးသင့်သည်ဟု မြန်မာသတင်းသမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

ယခုလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးတွင် နအဖ ပြန်ကြားရေး ဝန်ကြီးက အာဆီယံ အဖွဲ့အတွင်းရှိ နိုင်ငံငယ်လေးများ၏ ပြည်တွင်းရေးကို အင်အားကြီး နိုင်ငံများမှ မီဒီယာကို တလွဲအသုံးချကာ ချယ်လှယ်လာခြင်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာများက ဝိုင်းဝန်း ကာကွယ်သည့် အနေဖြင့် အပြုသဘောဆောင်သည့် သတင်းများကိုသာ ထုတ်လွှင့်စေလိုသည်ဟု တိုက်တွန်းခဲ့သည်ကို ဘီအမ်အေ အတွင်းရေးမှူးက ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“သတင်းမှန်ကို ထုတ်ပြန်ကြေးဆိုရင် အပြင်မှာရှိတဲ့ နိုင်ငံတကာ မီဒီယာတွေကို ဝေဖန်နေမယ့်အစား သူတို့ကိုယ်တိုင် သတင်းအမှန်တွေကို ထုတ်ပေးဖို့၊ နောက်ပြီး ပြင်ပမှာရှိတဲ့ မီဒီယာတွေက နေပြီးတော့ သတင်း အချက်အလက်တွေကို လိုချင်လို့ ဆက်သွယ် မေးမြန်းတယ်ဆိုရင် ဖြေကြားပေးဖို့က တာဝန်ရှိတာပေါ့။ ပြင်ပမှာရှိတဲ့ မီဒီယာတွေက ဒါတွေကို အမြဲတမ်းဖြစ်အောင် ကြိုးစားပေမယ့် သူတို့ဆီက ဘာမှ မယ်မယ်ရရ အဖြေရတာ မရှိဘူးဆိုတော့ ကိုယ့်ကိုယ်ကိုပဲ သတိပေးပါလို့ ပြောချင်တယ်” ဟု ဦးစံမိုးဝေက ပြောသည်။

သူက ဆက်ပြီး အာဆီယံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိသည့် နိုင်ငံအများအပြား ရှိသည့်အတွက်ကြောင့် သတင်းနှင့် နည်းပညာဆိုင်ရာ ပညာရပ်အကြောင်းကို သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာနိုင်ငံအနေဖြင့် တိုက်တွန်း နှိုးဆော်ခြင်းများ၊ သတိပေးခြင်းများ လုံးဝ မပြုလုပ်သင့်ကြောင်း ပြောသည်။

နအဖ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ဆပ်ကော်မတီ အစည်းအဝေးတွင် ၁ဝ နိုင်ငံ လူ့အဖွဲ့အစည်း တခုဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး နည်းပညာကို သဟဇာတ ညီညွတ်သော လူမှု၊ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးအတွက် အပြန်အလှန် နားလည်မှု၊ ချစ်ကြည်မှုနှင့် အထောက်အကူ ပြုမှုတို့အတွက် အသုံးချကြရမည်ဟု ပြောဆိုခဲ့သည်။

သည့်အပြင် အင်အားကြီး နိုင်ငံများက မီဒီယာ၏ စွမ်းပကားကို ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဒေသတွင်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အသုံးပြုသင့်သော်လည်း နိုင်ငံငယ်လေးများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုသဖြင့် ထိုနိုင်ငံအတွင်း မတည်မငြိမ်မှု ဖြစ်ပေါ်ရန်နှင့် နိုင်ငံ၏ ပုံရိပ်ကို ညစ်နွှမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်သော သတင်းများကို ဖြန့်ချိရာတွင် မီဒီယာကို တလွှဲ အသုံးပြုနေသည်ဟု ပြောဆိုခဲ့သေးသည်။

ဘီအမ်အေ အတွင်းရေးမှူးက “ပြင်ပမှာရှိတဲ့ သတင်းဌာနတွေက သတင်းကျင့်ဝတ်တွေကို ပိုပြီး စံထားကြတာလေ။ သတင်းကို သတင်းလို မဟုတ်ဘဲနဲ့ တဖက်သတ် ဖော်ပြတာဟာ စစ်အစိုးရရဲ့ သတင်းစာမှာ လုပ်လေ့လုပ်ထ ရှိတာကိုး။ သူတို့ရဲ့ နောက်ဆုံးပိတ် ကျောဖုံးမှာရှိတဲ့ စာတွေကိုပဲ ကြည့်လိုက်လေ။ နိုင်ငံတကာက လေးစားတဲ့၊ အသိအမှတ်ပြုတဲ့ သတင်းဌာနတွေကို တိုက်ရိုက်ကြီး စော်ကားထားတယ်။ အမှန်ကို ဖော်ပြဖို့ဆိုရင် သူတို့ကသာ ပိုဂရုစိုက်ဖို့ သင့်တယ်လို့ ကျနော် ထင်တယ်” ဟု ပြန်ကြားရေးဝန်ကြီး၏ ပြောဆိုချက်ကို တုံ့ပြန်ပြောဆိုသည်။

နအဖ၏ နေ့စဉ်ထုတ် သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်၊ လေလှိုင်းပေါ်က အဖျက်သမားများ ပြည်သူအားလုံး သတိထား’ ဟူသည့် ပြည်ပ သတင်းဌာနများကို ပုတ်ခတ်သည့် စာများကို နေ့စဉ်နှင့်အမျှ ဖော်ပြနေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့် မရှိသည့် နိုင်ငံများ စာရင်းတွင် အနိမ့်ဆုံးတွင် ရောက်နေသလို၊ ပြည်ပအခြေစိုက် သတင်းဌာနများနှင့် ဆက်သွယ်ကာ သတင်းပေးသဖြင့် ရန်ကုန်နှင့် အခြားနယ်မြို့များမှ ဒေသခံများကို ဖမ်းဆီး အပြစ်ပေးနေပြီး စက်တင်ဘာလ လူထုလှုပ်ရှားမှုတွင် သေဆုံးခဲ့သည့် သံဃာနှင့် ပြည်သူ အရေအတွက်ကိုလည်း အတိုက်အခံအဖွဲ့များ၊ မျက်မြင်သက်သေများ၏ ပြောဆိုချက်များထက် ဦးရေအများအပြား လျော့နည်းကာ နအဖ သတင်းစာများတွင် ဖော်ပြခဲ့သေးသည်။



နအဖ စစ်ခေါင်းဆောင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းဟု သတင်းများ ပေါ်ထွက်

မဇ္ဈိမသတင်းဌာန
Thursday, 06 December 2007 23:41 - မြန်မာစံတော်ချိန်

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စိတ်ရောဂါ ဝေဒနာခံစားရကာ စင်္ကာပူနိုင်ငံတွင် ဆေးဝါးကုသ ခံယူရန်အတွက် ကြိုးပမ်းနေသည်ဟု တပ်မတော် စစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စိတ်ဝေဒနာရောဂါ ဖိစီးခံနေရတယ်။ စင်္ကာပူမှာ စိတ်ရောဂါ အထူးကုနဲ့ပြဖို့ အခု ရက်ချိန်း တောင်းထားတယ်” ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ယခုသတင်းကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာစစ်ရေး အကဲခတ် ဦးဌေးအောင်က “အဲဒါ ဖြစ်နိုင်ချေ ရှိပါတယ်။ သူ (သန်းရွှေ) က အသက်အရွယ်ကလည်း ကြီးနေပြီ” ဟု ပြောသည်။

သတင်းရပ်ကွက်အဆိုအရ ယနေ့တွင် မြန်မာစစ်ခေါင်းဆောင်သည် တရုတ်အရာရှိ တဦးနှင့် တွေ့ဆုံရာတွင် တိုင်းပြည်အတွင်း ကြုံတွေ့နေသည့် လူမှုစီးပွား ပြဿနာများကို ဖြေရှင်းရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ဖိအားပေး ခံခဲ့ရသည်ဟု သိရသည်။

“သူ (သန်းရွှေ) က သူ မနှစ်သက်တဲ့ ညွှန်ကြားချက်တွေကို နားထောင်နေရင်း အကြီးအကျယ် ဒေါသထွက်တယ်။ အစည်းအဝေး အပြီးမှာတော့ သတိ လစ်သွားတယ်” ဟု သတင်းရပ်ကွက်က ဆက်ပြောသည်။

သို့သော်လည်း ဆေးဝါးကုသ ခံယူရေးအတွက် စင်္ကာပူသို့ သွားရောက်မည့် အစီအစဉ် အသေးစိတ်ကိုမူ သတင်းရပ်ကွက်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

တရုတ်က မြန်မာကို စစ်ကား ၄ဝဝ ခန့် တင်ပို့မည်

မျိုးကြီး
Thursday, 06 December 2007 17:56 - မြန်မာစံတော်ချိန်

တရုတ်နိုင်ငံမှ မြန်မာစစ်တပ်သို့ စစ်ကား ၄ဝဝ ခန့် တင်ပို့မှာ ဖြစ်ပြီး ထက်ဝက်ကျော်သည် မြန်မာနိုင်ငံသို့ တင်ပို့ရန် ယနေ့နံက်ပိုင်းတွင် ရွှေလီမြို့သို့ ရောက်ရှိလာကြောင်း သတင်းရပ်ကွက်များက ပြောသည်။

တုံဖန်းကုမ္ပဏီထုတ် ဖော အမျိုးအစား ကားများဖြစ်ပြီး ဒိုင်နာကားအရွယ် (၆) ဘီးတပ် အပေါ့စား ယာဉ်ငယ်များ ဖြစ်သည်။

“ဒီနေ့မနက်ပိုင်းက စပြီးရောက်လာတာပဲ၊ ကားလေးတွေက ဒိုင်နာအရွယ် ဒီဇိုင်လည်း အဲဒီပုံစံပဲ။ ကားတွေ ရောက်လာတော့ ညစ်ပတ်လို့ ကျနော်တို့ ရေဆေးခုံတွေမှာ ရေဝင်ဆေးကြတာ” ရွှေလီရောက် မြန်မာအလုပ်သမား တဦးက ပြောသည်။

နအဖစစ်တပ် အသုံးပြုရန်အတွက် မူဆယ်-ကြယ်ခေါင် လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံအတွင်း ပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ယခုအခါ ပထမအသုတ် ရောက်ရှိလာသည့် ကားများကို ကြယ်ခေါင်မြို့ ကာစတန်ရုံးရှေ့တွင် စုပုံထားကြောင်း ကြယ်ခေါင်ရှိ မြန်မာကုန်သယ်တဦးက ပြောသည်၊၊

“ဟုတ်တယ် ကာစတန်ရုံးရှေ့မှာ အခုလောလောဆယ် ကားအစီး (၂ဝဝ) ကျော် စုပုံထားတယ်” အဆိုပါ မျက်မြင်ကုန်သည်က ဆိုသည်၊၊

စစ်ကားပေါင်း (၄ဝဝ)ခန့် မြန်မာနိုင်ငံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း တရုတ် အာဏာပိုင် သတင်းရပ်ကွက်က ပြောပြသည်။ စစ်ကားများမှာ ရောင်းချခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်းကိုကား ရှင်းရှင်းလင်းလင်း မသိရပါ။

နိုဝင်ဘာလဆန်းပိုင်းကလည်း နအဖစစ်တပ်အတွက် ဒုံးပစ်စဉ် ကား (၆) စီးကို တရုတ်ကြယ်ခေါင်မှတဆင့် မူဆယ် ပို့ဆောင်ခဲ့သေးကြောင်းလည်း သိရသည်၊၊

“စစ်ကားတွေပို့နေတာတော့ ပုံမှန်ပေါ့၊ မပို့တာတော့ တော်တော်လေးကြာသွားပြီ။ ဒီနှစ်ထဲမှာတော့ ဒုံးပစ်စဉ်ကားတွေရယ်၊ အခုစစ်ကား အသုတ်ရယ်၊ ခပ်စိပ်စိပ် ပြန်ပို့လာတယ်” ဟု တရုတ်-မြန်မာ နယ်စပ်နေ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်၊

“တရုတ်အပေါ်မှာ အများအမြင်မှာ မကောင်းဘူးပေါ့။ လောလောဆယ် နအဖကို ပံ့ပိုးပေးနေတာတွေလည်း အားလုံးက ဝိုင်းပြီး ပြောနေကြတာပဲ။ အခုလိုပြောနေတဲ့ကြားထဲက ပြောင်ပြောင်တင်းတင်း လုပ်လာတာ ဆိုတော့၊ ငါတို့ကတော့ နအဖအစိုးရကို ပြတ်ပြတ်သားသား ထောက်ခံတယ်လို့ ပြချင်တာလားတော့ မသိဘူး” ဟု ဆက်ပြောသည်။



ကံဆောင်သပိတ် ပျက်ပြားစေရန် ပခုက္ကူတွင် နအဖ မှ ဆွမ်းဆန်များ ကပ်လှူ

ထိန်လင်း
Thursday, 06 December 2007 17:27 - မြန်မာစံတော်ချိန်

မကွေးတိုင်း ပခုက္ကူမြို့ရှိ စာသင်ကျောင်းတိုက်ကြီး ၄ ခုသို့ နအဖ အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးမှ လာရောက်ကာ ကံဆောင်သပိတ် ပျက်ပြားစေရန် ဆန်အိတ်နှင့် လှူဖွယ်ပစ္စည်းများကို မကြာသေးခင်က လာရောက် ကပ်လှူခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝ ရက်နေ့က အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း မှ သံဃာတော်များ၏ ပတ္တနိကုဇ္ဇနကံ ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သော ပခုက္ကူရှိ စာသင်တိုက်ကြီး ၄ တိုက်ကို ဆွမ်းဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူတန်းခဲ့သည်။

“အလယ်တိုက်နဲ့ အရှေ့တိုက်က အကြီးပိုင်းတွေက ယူကြတာ များတယ်။ သံဃာငယ်တွေကတော့ မယူဘူး။ ကိုယ့်သဘောနဲ့ကိုယ် လမ်းပေါ် ထွက်ပုံကြတယ်။ လူတွေကို ပေးပစ်လိုက်တာတော့ ရှိတာပေါ့။ ဗောဓိမဏ္ဍိုင် ကျောင်းကတော့ ဘိုးဘွားရိပ်သာ သွားလှူလိုက်တယ်။ အနောက်တိုက်ကတော့ ပြတ်တယ်။ လုံးဝ အဝင်မခံဘူး” ဟု စာသင်တိုက်ကြီး တတိုက်မှ စာချ ဆရာတော်တပါးက မဇ္ဈိမကို ပြောသည်။

အခြား ဦးဇင်းတပါးကလည်း နအဖ လျှပ်စစ်စွမ်းအင်နှင့် စည်ပင်ဝန်ကြီးတို့မှ ကျောင်းတိုက်များသို့ လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုပြီး သူက ယခုလို ဆက်မိန့်ဆိုသည်။

“လျှပ်စစ်ဝန်ကြီးက ၇၁ အိတ် လှူတယ်။ ကြံ့ဖွံ့က ကျော်တင့် (မြို့နယ် ဥက္ကဌနှင့် ခရိုင်အတွင်းရေးမှူး) က ခွဲပြီး တပါးကို ၆ ပြည်စီ ပို့တယ်။ ဆန်တွေက အညံ့တွေပါ။ မကောင်းပါဘူး။ စည်ပင်ဝန်ကြီးက ဆန်အိတ် ၂ဝ ကို ပြီးခဲ့တဲ့ ၁၅ ရက်မှာ လာလှူသေးတယ်။ တတိုက်ကို အိတ် ၂ဝ လောက်စီ လှူတယ် ထင်တယ်။ ဦးဇင်းတို့တိုက်တော့ အိတ် ၂ဝ လာပို့တာပဲ” ဟု ဆိုသည်။

ဝန်ကြီးများ၏ အလှူကို လက်မခံသော အနောက်တိုက် ခေါ် သာသနာ့ဝိပုလာ ကျောင်းတိုက်ကို မဇ္ဈိမမှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလိုင်း ပြတ်တောက်နေသဖြင့် ခေါ်ဆို၍ မရခဲ့ပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့တွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြနေသည့် သံဃာတော်များကို ဒေသအာဏာပိုင်များက ကြိုးကွင်းပစ်ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ခြင်းနှင့် ဖမ်းဆီး၍ အတင်းအကျပ် လူဝတ်လဲခိုင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် နအဖ စစ်အစိုးရအနေဖြင့် သံဃာတော်များကို ၁၇ ရက်နေ့ နောက်ဆုံးထား၍ ဝန်ချတောင်းပန်ရန် သံဃာ့ တပ်ပေါင်းစုကြီးက ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်အစိုးရမှ တောင်းပန်ခြင်း မရှိသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ နိုင်ငံတဝှမ်း၌ အာဏာပိုင်များကို ပတ္တနိကုဇ္ဇန ကံဆောင်လာသည်မှာ ယနေ့ထိတိုင် ဆက်လက် တည်ရှိနေကြောင်းနှင့် ပြန်လည် ရုပ်သိမ်းခြင်း မရှိသဖြင့် အာဏာပိုင်များမှ ယခုလို အလှူအတန်းများ ပြုလုပ်ကာ ကံဆောင်သပိတ် ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စာချဆရာတော်က မိန့်ကြားသည်။

၂ဝဝ၈ ခုနှစ် မတ်လတွင် စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ပထမပြန် စာမေးပွဲအတွက် စာမေးပွဲဖောင်များ ပေးပို့၍ ဖြေဆိုမည့် သံဃာတော် စာရင်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကောက်ခံရာတွင် ပခုက္ကူရှိ အရှေ့တိုက်မှ သံဃာ ၂ ပါးသာ စာရင်း ပေးသွင်းထားကြောင်းနှင့် စာသင်တိုက်များတွင် စာချသံ စာအံသံများ တိတ်ဆိတ်နေကြောင်း စုံစမ်းသိရှိရသည်။



ဘာသာရေးဖိနှိပ်မှု ချက်ခြင်း ရပ်ဟု အေဘီဝိုင်အမ်ယူ (အိန္ဒိယ) က ပြောဆို

ထိန်လင်း
Wednesday, 05 December 2007 22:57 - မြန်မာစံတော်ချိန်

ဘာသာရေး ဖိနှိပ်မှုကို အာဏာပိုင်များ အနေဖြင့် ချက်ခြင်း ရပ်ဆိုင်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ (အိန္ဒိယ) ABYMU က ပြောဆိုလိုက်သည်။

မကြာသေးခင်က သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို နအဖ က အကြမ်းဖက် နှိပ်ကွပ်ပြီးနောက် သံဃာတော်များကို ဖမ်းဆီးခြင်း၊ လူဝတ်လဲခြင်း၊ ကျောင်းတိုက်များတွင် လုံခြုံရေး ချထားခြင်း၊ ကျောင်းတိုက်အချို့ သိမ်းပိုက်ခြင်းအပြင် ကျောင်းတိုက်အတွင်းမှ နှင်ထုတ်ခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်ကို ဆန့်ကျင် ရှုတ်ချသည့် အနေဖြင့် ယနေ့ နေ့လည်ပိုင်းက နယူးဒေလီတွင် ကျင်းပသည့် ဆန္ဒပြပွဲ၌ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လှုပ်ရှားမှုအတွင်းမှာ ပါဝင်ခဲ့တဲ့ ရဟန်းသံဃာတွေရဲ့ ကျောင်းတိုက်တွေကိုလည်း ချိတ်ပိတ် သိမ်းယူတာတွေ လုပ်နေတယ်။ ရဟန်းသံဃာတော်တွေ သီတင်းသုံး နေထိုင်စရာ မရှိတော့ဘဲ အတိဒုက္ခ ရောက်နေကြပါတယ်။ အခုဆိုရင် မဂ္ဂင်ကျောင်းကို ချိတ်ပိတ်ပြီး၊ ဆရာတော်ကို နေရပ်ကို အတင်းအဓမ္မ ပြန်ပို့တဲ့အပေါ် ကန့်ကွက်ပါတယ်” ဟု ABYMU (အိန္ဒိယ) ဥက္ကဌ ဦးပညာဝရ က မိန့်ဆိုသည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်မှ ယာယီ ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယနှင့် သံဃာတော်တပါး၊ ကိုရင်လေး ၆ ပါးနှင့် ကပ္ပိယ ၂ ဦးကို ကျောင်းတိုက်မှ နှင်ချကာ ကျောင်းကိုလည်း ချိတ်ပိတ်ခဲ့သေးသည်။

ဆရာတော်က “ဒီကိစ္စဟာ သံဃာထုတရပ်လုံးသာမက ဘာသာပေါင်းစုံကိုပါ နှိပ်စက် လာနိုင်ပါတယ်။ ဒီလို မတရား ဖိနှိပ် ဆောင်ရွက်နေတာကို လက်ပိုက်ကြည့်မနေဘဲ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ နအဖ မိစ္ဆာစစ်အစိုးရကို ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ဖို့ ပြောချင်ပါတယ်” ဟု မိန့်ကြားသည်။

ဆန္ဒပြပွဲသို့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ မြန်မာနိုင်ငံသားများ တက်ရောက်ကြပြီး ABYMU (အိန္ဒိယ) မှ ထုတ်ပြန်လိုက်သည့် ကျေညာချက်ထဲတွင် နအဖ စစ်အစိုးရအနေဖြင့် ဘုန်းကြီးကျောင်းတိုက်များကို ပြန်ဖွင့်ပေးကာ ဖမ်းဆီး ထိန်းသိမ်းထားသည့် သံဃာတော်များကို ပြန်လွှတ်ရန် တောင်းဆိုထားသည်။

နယူးဒေလီတွင် ပညာသင်ကြားနေသည့် သံဃာတော် ဦးကောဠိနိယက “မြတ်စွာဘုရားကတော့ ကိုယ့်ဘာသာကို၊ ဗုဒ္ဓဘာသာရယ်မှ မဟုတ်ပါဘူး ဘယ်ဘာသာပဲဖြစ်ဖြစ်၊ သူများကို စော်ကားတယ် ဆိုရင်တော့ စော်ကားတဲ့အလျောက် သူတို့ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရေးကိုယ်ရာ ကာယဝစီ၊ မနောဝစီ အဲဒါတွေအလိုက် အပြစ်ထိုက်မှာပေါ့ဗျာ။ သံဃာတော်တွေကို တိုက်ရိုက် ထိခိုက်သောအားဖြင့် သူတို့လည်းပဲ ကိုယ်ပဲဖြစ်ဖြစ်၊ စိတ်ပဲဖြစ်ဖြစ် အလားတူ ခံစားရမှာပါပဲ” ဟု မိန့်ဆိုသည်။

ဆန္ဒပြသူများက ‘မိစ္ဆာစစ်အစိုးရ ပြုတ်ကျရေး ... တို့အရေး’၊ ‘ပြည်သူ့အစိုးရ ... ဖွဲ့စည်းကြ’၊ ‘ဒီမိုကရေစီရရှိရေး ... တို့အရေး’၊ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ... တို့အရေး’ စသည်တို့ကို ကြွေးကြော်ကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။