Tuesday 13 November 2007

မစုစုနွေး အဖမ်းခံရသည့်သတင်းများ ပေါ်ထွက်နေ

မဇ္ဈိမသတင်းဌာန
Tuesday, 13 November 2007 19:18 - မြန်မာစံတော်ချိန်

မတရားမှုကို ဖော်ထုတ်တိုက်ပွဲဝင်သူ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် မစုစုနွေးနှင့် လူငယ် ၂ ဦးတို့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်အနီး အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်ရန် သွားရောက်စဉ် အာဏာပိုင်များက ဖမ်းဆီးသွားသည် ဟူသည့် သတင်းများ ပေါ်ထွက်နေသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မစုစုနွေး၏ မိခင်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်သွယ် မေးမြန်းရာတွင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့လည်း အဲလို ကြားပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ကျနော်တို့ အတည်ပြုလို့ မရနိုင်ပါဘူး။ ဘယ်သူဘယ်ဝါ အဖမ်းခံရတယ် ဆိုတာလည်း မသိရသေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကမူ မစုစုနွေးသည် ဖမ်းဆီးမခံရဘဲ ထွက်ပြေး လွတ်မြောက်သွားပြီး အတူပါရှိသူ ကျောင်းသား ၂ ဦးသာ အဖမ်းခံရခြင်း ဖြစ်သည်ဟု ကြားသိရကြောင်းနှင့် အဖမ်းအဆီးသည် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ယခုလို ပြောသည်။

“ကျနော် ကြားတာကတော့ မနေ့က ညနေစောင်းမှာ မြရိပ်ညို ဟိုတယ်နား စာသွားကပ်တာ ကျောင်းသားလေး ၂ ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။ ဘာစာလည်း ဆိုတာလည်း ကျနော်တို့က ကြားတာပဲဆိုတော့ မသိရပါဘူး။ မစုစုနွေးကတော့ လွတ်သွားတယ်လို့ ပြောတယ်” ဟု ဦးမြင့်အေးက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာန၏ သတင်းတပုဒ်တွင်မူ မစုစုနွေးနှင့် လူငယ် ၂ ဦးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ် တနေရာရှိ အာဏာပိုင်များ စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်တခု အောက်တွင် အစိုးရ ဆန့်ကျင်စာ ကပ်ရန်အသွား အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု ပါရှိသည်။

မဇ္ဈိမအနေဖြင့် ယခုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရနိုင်သေးပါ။



ဆရာတော် ဦးဂန္ဘီရ အဖမ်းခံရ

မုံပီး
Tuesday, 13 November 2007 19:09 - မြန်မာစံတော်ချိန်

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ထင်ရှားသည့် ဆရာတော် ဦးဂန္ဘီရသည် တိမ်းရှောင် ပုန်းအောင်းနေရာမှ ယခုအခါ အာဏာပိုင်များက ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသွားပြီ ဖြစ်သည်။

အာဏာပိုင်များမှ အပူတပြင်း လိုက်လံ ရှာဖွေခံနေရသူ ဦးဂန္ဘီရသည် စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုကြီးတွင် ထောင်ပေါင်းများစွာသော သံဃာတော်များ လမ်းပေါ်တက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ပြီး သူ့ကို ဆန္ဒပြပွဲများကို ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခဲ့သည်။ သြဂုတ်လလယ်တွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လူထုတောင်းဆိုပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြေးလွှား ရှောင်တိမ်းနေရသော်လည်း ဆရာတော်သည် မကြာသေးခင်က ဆန္ဒပြပွဲနှင့် နောက်ဆက်တွဲ နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့် အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။

ဝါရှင်တန်ပို့တွင် သူ့ဆောင်းပါး ဖော်ပြခံရသည့် နိုဝင်ဘာလ ၄ ရက်နေ့မှာပင် သူသည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက် တခုက ဆိုသည်။

ဆရာတော်သို့ တယ်လီဖုန်းဖြင့် စကားပြောခဲ့သူ သတင်းရပ်ကွက်က “ဆရာတော်က ခပ်တိုတိုပဲ ပြန်ဖြေတယ်။ သူ အဖမ်းခံလိုက်ရပြီတဲ့။ အခု ထိန်းသိမ်း ခံထားရတယ်တဲ့။ အဲဒါလည်း ပြီးရော လိုင်းက ပြတ်သွားတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတည်ပြုရန် ခက်ခဲနေသော်လည်း ပြည်ပရှိ အတိုက်အခံ အချို့က ဆရာတော်၏ ဆောင်းပါးမှတဆင့် သူ ပုန်းခို သီတင်းသုံးနေသည့် နေရာ သဲလွန်စကို စစ်အစိုးရမှ ရရှိနိုင်ဖွယ် ရှိကြောင်း ပြောသည်။

ရန်ကုန်မြို့တွင် ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် အခြား အမျိုးသားနှစ်ဦး ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည် ဟူသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသော်လည်း အခြားသတင်း ရပ်ကွက်အဆိုအရ မစုစုနွေးသည် ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခြင်း မရှိဟု ဆိုသည်။

သတင်း အချက်အလက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်အစိုးရမှ အသဲအသန် လိုက်လံ ရှာဖွေကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ပုန်းခိုနေသည့် တက်ကြွ လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးပွားနေသည်။

ဦးဂန္ဘီရ အဖမ်းဆီးခံရခြင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို အစိုးရမှ ဖမ်းဆီးသည် ဟူသော သတင်း အချက်အလက်များသည် မြန်မာ စစ်အစိုးရမှ ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့် ပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အကောင်းမြင်လာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

မစ္စတာ ပီညဲရိုးသည် ယခုအခါ မြန်မာပြည်တွင် ရောက်ရှိနေကာ ထိန်းသိမ်းရေး စခန်းများနှင့် အခြား နေရာများကို သွားရောက် လည်ပတ်နေသော်လည်း ယခုအချိန်အထိ ဖမ်းဆီးမှုများ၊ သူ၏ ရှာဖွေ တွေ့ရှိချက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။



ကိုသီဟကို တသက်တကျွန်း မချသင့်ဟု ဇနီးသည်နှင့် ရှေ့နေက ပြောဆို

မဇ္ဈိမသတင်းဌာန
Tuesday, 13 November 2007 15:51 - မြန်မာစံတော်ချိန်

လက်ကမ်းစာစောင် ဖြန့်ဝေမှုဖြင့် တသက်တကျွန်း ချမှတ်ခံထားရသည့် မန္တလေးတိုင်း မိတ္ထီလာမြို့ အန်အယ်ဒီ လူငယ် ကိုသီဟကို ပြန်လွှတ်ပေးသင့်ကြောင်း ဇနီးသည်နှင့် အမှုအကျိုးဆောင် ရှေ့နေတို့က ပြောဆို လိုက်ကြသည်။

ပုဒ်မ ၅ဝ၅ (ခ) ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် ပြုမှုခြင်း၊ လှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပုဒ်မ ၁၂၄ (က) နိုင်ငံတော်ကို ပုန်ကန်မှုတို့ဖြင့် စွပ်စွဲခံထားရသည့် မိတ္ထီလာ အန်အယ်ဒီ လူငယ် ကိုသီဟကို တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခြင်း မပြုသင့်ကြောင်း ဇနီးသည် ဒေါ်သဲသဲနှင့် အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်တို့က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ကျမအမျိုးသားကို စာရွက်ကလေး တွေ့တာနဲ့ ဘာမှ လက်နက် ကိုင်ဆောင်မှုလည်း မရှိဘဲနဲ့ ဒီလောက်ကြီးထိ ချပစ်တာ။ တကယ့်ကို တရားမဝင်ပါဘူး။ ကျန်တာတော့ မသိပါဘူး၊ ကိုယ်က လူငယ်လည်း လူငယ် ဆိုတော့လေ။ ကျမကတော့ သူ့ကို ဒီလိုချပစ်တာ စိတ်မကောင်းဘူးပေါ့နော်။ ကျမယောက်ျား ဒီလိုဖြစ်တဲ့ အပေါ်မှာ နိုင်ငံနဲ့ လူမျိုး အတွက် လုပ်တာမို့လို့ မညိုညင်ဘူး၊ ဂုဏ်လည်း ယူပါတယ် ပေါ့နော်။ စာရွက် ကလေးအတွက်နဲ့ ဒီလောက်ကြီး ချပစ်တာကိုပဲ စဉ်းစားပြီး စိတ်မကောင်း ဖြစ်မိတယ်” ဟု ဇနီးဖြစ်သူ ဒေါ်သဲသဲ (၂၄ နှစ်) က ပြောဆိုသည်။

အန်အယ်ဒီလူငယ် ကိုသီဟနှင့် ကိုတင်ကိုတို့သည် ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၇ ရက်နေ့က မန္တလေးမြို့ရှိ မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးမှ အပြန် ‘ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်၊ ပြည်သူတွေ နိုးထတော့’ ဟူသည့် စာရွက်များကို ဖမ်းဆီးရမိရာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အာဏာပိုင်များဘက်မှ ရှေ့နေနှင့် သက်သေများ ခေါ်လာပြီး စစ်ခုံရုံးမှ ကမန်းကတန်း စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

အမှုအတွက် လိုက်လံ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမြင့်သွင်က “ဥပဒေဟာ တန်ဖိုး ထားရမယ့် အရာပါ၊ ဥပဒေအရ တကယ်ခိုင်မာတဲ့ အပြစ်ရှိရင် ပြစ်ဒဏ်အရ ခံရမှာပါ၊ နိုင်ငံရေး လုပ်လို့ပါ ဆိုပြီး ဥပဒေနဲ့ နိုင်ထက်စီးနင်း ဖိနှိပ်တာကတော့ မဖြစ်သင့်ပါဘူး။ ဥပမာ ကိုသီဟ အမှုမှာဆိုရင် ဖြစ်ဖြစ်ချင်း ပါဝါတင်ခွင့်၊ အမှုလိုက်ခွင့် မရခဲ့ပါဘူး။ အခုမှ ပြန်ပြီး ပါဝါတင်ခွင့် ပြုတယ်၊ အယူခံ ပြန်ဝင်ရပါမယ်။ သူက စာရွက်ဖြန့်ဝေတဲ့ ၅ဝ၅ (ခ) နဲ့တော့ ကျသင့်တာ မှန်ပေမယ့် ၁၂၄ (က) နဲ့ တသက်တကျွန်း ချထားတာကတော့ လွန်ပါတယ်။ အလွန်အကျွံ သူတို့ချရင် ၅ဝ၅ (ခ)နဲ့ ၂ နှစ် ဒီထက်ပိုပြီး မချသင့်ပါဘူး” ဟု ပြောသည်။

ကိုသီဟသည် တိုင်းရင်းဆေး ပညာဖြင့် အရိုးအထူးကုကာ ဆေးရောင်းချပြီး ဇနီးသည်၊ ယောက္ခမနှင့် ခယ်မ နှစ်ဦးကို ရှာဖွေ စောင့်ရှောက်နေရသူ ဖြစ်ကာ ဇနီးသည် မသဲသဲသည် ယခုအခါ ကိုယ်ဝန် ၆ လ လွယ်ထားရကြောင်း သိရသည်။

မသဲသဲက “အခုထိတော့ သူ့ဆေးဆိုင်ကို ဖွင့်ထားပြီး ဆေးဝယ်ချင်တဲ့ သူတွေကို ဆေးတွေ ရောင်းပေးတာပေါ့နော်။ ဒါပဲ လုပ်နေရတာ။ ကိုသီဟကပဲ ကုတတ်တာလေ။ သူက တိုင်းရင်းဆေး အရိုး အထူးကုတာပါ။ ကျမတို့က ဆေးပေးတာပဲ တတ်တာ။ ရှေ့ဆက် ဘယ်လိုနေရမလဲ ဆိုတာ မသိတော့ပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၉ ရက် (သောကြာနေ့) က အင်းစိန်ထောင်ရှိ ခင်ပွန်းသည်ကို ထောင်ဝင်စာ တွေ့ခဲ့ပြီး ဒုထောင်ပိုင် ကိုလည်း ကိုသီဟ လွတ်မြောက်ရေးအတွက် အကူအညီ တောင်းခံခဲ့သည်ဟု သူက ယခုလို ဆက်ပြောသည်။

“အင်းစိန်ထောင်က ဒုထောင်ပိုင်ကို လှမ်းပြီးတော့ အကူအညီ တောင်းထားပါတယ်။ သူကတော့ ရရင် လုပ်ပေးပါ့မယ်တဲ့။ ကျမကတော့ မျှော်လင့်ထား၊ လုပ်ထားသလို သူ့ကို အမြန်ဆုံး ပြန်လွတ်စေချင်တာပေါ့။ ကိုယ်ဝန်ကလည်း ၆ လထဲမှာဆိုတော့ နောက် ၃ လလောက်ဆိုရင် မွေးမှာဆိုတော့ သူ့ကို အနားမှာ ရှိစေချင်ပါတယ်” ဟု သူက ပြောသည်။

ထောင်ဝင်စာတွေ့သည့် နေ့မှာပင် ကိုသီဟအတွက် ရှေ့နေ ဦးမြင့်သွင်က အယူခံစာ တင်သွင်းခဲ့သည်ဟု သိရသည်။

ယခုအချိန်တွင် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အကြီးအကဲအကြား ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီး၊ ပြီးခဲ့သည့် ၉ ရက်နေ့ကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ အလုပ်အမှုဆောင် ၄ ဦးတို့ တွေ့ဆုံခွင့်ရသဖြင့် ကိုသီဟကိုလည်း ပြစ်ဒဏ် လျှော့ပေါ့မှုများ ပြုလုပ်နိုင်သည်ဟု မိတ္ထီလာ အန်အယ်ဒီ အဖွဲ့ဝင်များက ယူဆနေကြသည်။

ရှေ့နေ ဦးမြင့်သွင်ကမူ “ဥပဒေ လမ်းကြောင်းမှာ တရားမျှတတယ်၊ အယုတ်အလတ် မရွေးပါဘူး။ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်သည်၊ နိုင်ငံရေးသမား ဖြစ်ဖြစ်၊ အရပ်သမားဖြစ်ဖြစ်၊ အားလုံး မျှမျှတတဘဲ ဖြစ်သင့်ပါတယ်။ နိုင်ငံရေးသမား ဆိုပြီး ဥပဒေကို အလွှဲသုံးစား လုပ်ပြီး ဖိနှိပ်တာတော့ မဖြစ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။ အပြစ်တခု ရှိတယ်ဆိုရင် ဥပဒေရဲ့ အကာအကွယ်ကို ရသင့်ပါတယ်။ သူ့မှာ အပြစ်ရှိလို့ ရှိရင်လည်း ဥပဒေနဲ့ညီတဲ့ မျှတတဲ့ အပြစ်ပဲ ပေးသင့်ပါတယ်။ နိုင်ငံရေး လုပ်တဲ့သူမို့ ဥပဒေကို အလွှဲသုံးစား လုပ်ပြီး ဖိနှိပ်တာမျိုးတော့ မဖြစ်သင့်ဘူး” ဟု ပြောဆိုလိုက်သည်။

ကုလအရာရှိများက အစိုးရ အကြမ်းဖက် နှိမ်နင်းမှုကို စတင်စုံစမ်း

မဇ္ဈိမသတင်းဌာန
Monday, 12 November 2007 21:40 - မြန်မာစံတော်ချိန်

ဘုန်းကြီးကျောင်းတိုက် နှစ်ခုကို ယမန်နေ့က သွားရောက် လည်ပတ်လိုက်ခြင်းအားဖြင့် သူ၏ လေ့လာ စုံစမ်းမှုကို မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးသည် စတင်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလအတွင်းက အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုကို သူသည် နိုင်ငံရေး အကျဉ်းသားများထံ သွားရောက် လည်ပတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် မျှော်လင့်ထားသည်။

ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် မစ္စတာ ပီညဲရိုးသည် ရန်ကုန်မြို့ရှိ မြရိပ်ညိုဟိုတယ်တွင် ဝင်ရောက် တည်းခိုခဲ့သည်။

ရန်ကုန်မြောက်ပိုင်း ပဲခူးမြို့ရှိ ကြခတ်ဝိုင်း ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ သူ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်ကို စတင်ခဲ့သည်။ ကျောင်းတိုက် ဆရာတော်ကို တွေ့ဆုံ လျှောက်ထားပြီးနောက် ရွှေတိဂုံဘုရားရှိ အရာရှိများနှင့် အစည်းအဝေး ပြုလုပ်ရန်အတွက် ရန်ကုန်သို့ ပြန်လာသည်ဟု ကုလကျေညာချက် တခုတွင် ပြောထားသည်။ ရွှေတိဂုံဘုရားသည် စက်တင်ဘာ အကြမ်းဖက် နှိမ်နင်းမှုတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ စုရပ်အဖြစ် စုရုံးခဲ့သည့် နေရာတခု ဖြစ်သည်။

နိုင်ငံတဝှမ်းတွင် သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်မှ လက်နက်ဖြင့် တုံ့ပြန်မှုတွင် လူ ၁ဝ ဦး သေဆုံးခဲ့သည်ဟု အစိုးရ အရာရှိများက ပြောဆိုခဲ့သည်။ သို့သော် သံတမန်များနှင့် ဒေသခံများကို ဤအရေအတွက်သည် ဖြစ်ရပ်မှန်နှင့် အလှမ်းဝေးလွန်းသည်ဟု ပြောဆိုကြသည်။

နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက ဆန္ဒပြပွဲများအတွင်း ပါဝင် လုပ်ဆောင်ခဲ့သည်ဟု သံသယ ဖြစ်ဖွယ်ရာ လူပေါင်း ၂၉၂၇ ဦးကို ထိန်းသိမ်းထားသည် ဟုဆိုသည်။ သို့သော် ၉၁ ဦးမှအပ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဟူ၍လည်း ပြောဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က နိုင်ငံရေး အကျဉ်းသား ၇ဝဝ ခန့် ဆက်လက် ထိန်းသိမ်း ခံထားရဆဲ ဖြစ်သည်ဟု ပြီးခဲ့သည့် သောကြာနေ့က ပြောဆိုခဲ့သည်။

မြန်မာ စစ်အစိုးရများ အပေါ် ရပ်တည်မှု တင်းမာသည် ဘရာဇီး နိုင်ငံသား ပီညဲရိုးသည် အမှန်တရားကို ထုတ်ဖေါ်ရန် ဆန္ဒ ပြင်းပြနေသည်။ သူ့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို နောက်လတွင် ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီတွင် ပြန်လည် တင်ပြမည် ဖြစ်သည်။

“ကျနော့်ရဲ့ စုံစမ်း စစ်ဆေးမှုများကနေ ကောင်းတဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ရောက်ရှိပြီးနောက် သတင်းထောက်များကို ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် ၄ နှစ်ခန့်က မြန်မာပြည်တွင် ရောက်ရှိနေစဉ်က သူသည် ချောမော ပြေပြစ်စွာ သွားလာခွင့် မရခဲ့ပေ။ နိုင်ငံရေး အကျဉ်းသား တဦးနှင့် တွေ့ဆုံ မေးမြန်းစဉ် သူထိုင်နေသည့် စားပွဲအောက်တွင် တပ်ဆင်ထားသော ကြိုးမဲ့ စကားပြောခွက်ကို ရှာဖွေ တွေ့ရှိခဲ့ချိန်တွင် သူ၏ စုံစမ်း စစ်ဆေးမှုများကို ရုတ်ချည်း ရပ်တန့်ပစ်ခဲ့သည်။ ထိုအချိန်ကတည်းက သူ့ကို မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုတော့ပေ။

မစ္စတာ ပီညဲရိုးသည် ခရီးစဉ် အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသော်လည်း ကြာသပတေးနေ့အထိ မြန်မာပြည်တွင် နေထိုင်သွားရန် စီစဉ်ထားသည်။ ယခုတိုင် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများကို မလိုလားအပ်သော ကန့်သတ်မှုများ ထားရှိလာပါက ပြန်လည် ထွက်ခွါသွားမည်ဟု သူက ပြောသည်။



တိုက်ရိုက် သက်ဆိုင်သူများနှင့် တွေ့သင့်သည်ဟု မစ္စတာ ပီညဲရိုး ကို ပြောဆိုကြ

မဇ္ဈိမသတင်းဌာန
Monday, 12 November 2007 21:32 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေဖြင့် နအဖ စီစဉ်ပေးသည့်အတိုင်း လိုက်မကြည့်ဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် ရမှသာလျှင် ခရီးစဉ်၏ ရည်ရွယ်ချက် အောင်မြင်လိမ့်မည်ဟု အတိုက်အခံများက ပြောဆိုလိုက်သည်။

ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာပီညဲရိုးသည် ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် နအဖ စစ်အာဏာပိုင်များ၏ စီစဉ်ပေးချက်အရ စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုနှင့် မပတ်သက်သည့် ကြခတ်ဝိုင်း ကျောင်းတိုက်သို့ သွားရောက်ခြင်း၊ ရွှေတိဂုံဘုရား ဂေါပကများနှင့် တွေ့ဆုံခြင်းများ လုပ်ဆောင်ခဲ့သဖြင့် အတိုက်အခံများက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နေရာတွေကို တကယ် သွားရတယ်ဆိုရင် မဆိုးပါဘူးဗျာ။ ဒါပေမဲ့ သူတို့ (နအဖ) ပြတဲ့ နေရာတွေကို လျှောက်သွားပြီး သူ့လူတွေနဲ့ တွေ့ပြီးတော့ သူ့စကားတွေကိုပဲ ယုံရတော့မှာပဲ။ ဗမာပြည်မှာ အဲလို ခွဲခြားဆက်ဆံလို့ပဲ အဲဒီ ပြဿနာတွေ ဖြစ်နေတာပဲဗျ” ဟု ပြည်တွင်းမှ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူ ဦးမြင့်အေးက ပြောသည်။

ကျောက်တန်းရဲတပ်ရင်း ၇ တွင် ရက်ပေါင်း ၇ဝ အထိန်းသိမ်းခံခဲ့ရပြီး ယခုလ ၁ ရက်နေ့က ပြန်လွတ်လာသူ ဦးမြင့်အေးက မစ္စတာ ပီညဲရိုး အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ လူ့အခွင့်အရေး အကြောင်း အသိပညာ ဖြန့်ဝေမှုကြောင့် ထောင်ကျသွားသူ ဟင်္သာတမှ ကိုမြင့်နိုင်၊ လူ့အခွင့်အရေး လုပ်ဆောင်ခဲ့သဖြင့် လုပ်ကြံ တရားစွဲခံရသူ ပြည်မြို့မှ ကျူရှင်ဆရာ ကိုမင်းမင်း အစရှိသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံ မေးမြန်း သင့်သည်ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) မှ ကိုတိတ်နိုင်က “အတိုက်အခံတွေက ကျောင်းတိုက်ကို ခဲနဲ့ ဝိုင်းပေါက်ခံရတယ် ဆိုတဲ့ အထောက်အထားတွေ အဲဒီ ကျောင်းတိုက်က ပီညဲရိုးကို ပြချင်တာလား မသိဘူး။ အဲဒါဆိုရင်တော့ ပီညဲရိုး ဖြစ်စေချင်တဲ့၊ လေ့လာချင်နေတဲ့ အရာတွေနဲ့ သူတို့ ပြတာတွေနဲ့က တော်တော်ကို ဆန့်ကျင်ဘက် ဖြစ်သွားပြီ။ ဒါကြောင့် ဒီလိုသာ အစိုးက ကြိုတင် ပြင်ဆင်ထားတဲ့ နေရာတွေကို သွားရောက်မယ် ဆိုလို့ရှိရင် သူ့ခရီးစဉ်ဟာ အောင်မြင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများ ထွက်ပေါ်နေရာ မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေ အမှန်ကို စုံစမ်း လေ့လာလိုပါက နအဖ၏ ဦးဆောင် စီစဉ်ပေးသည်ကို လက်မခံဘဲ ရန်ကုန်အခြေစိုက် ယူအန်ဒီပီ၊ ယူနီဆက်ဖ် အစရှိသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ဦးဆောင် စီစဉ်ပေးမှုကို ရယူပြီး ပူးပေါင်း လုပ်ဆောင်ပြီး ခရီစဉ် ပြီးဆုံးချိန် လူ့အခွင့်အရေး ချိုးဖောက်မှုကို လွတ်လွတ်လပ်လပ် တိုင်းကြားနိုင်မည့် အခင်းအကျင်း တရပ်ကို ဖန်တီးနိုင်ရန်အတွက် ကြိုးစားနိုင်မှသာလျှင် သူ၏ ခရီးစဉ် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း ကိုတိတ်နိုင်က ဆက်လက်၍ သုံးသပ်ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း မစ္စတာ ပီညဲရိုး အနေဖြင့် စက်တင်ဘာလ အရေးအခင်းမှ ရရှိလာသော အကြိတ်အခဲတခု ပြည်သူလူထု ရင်ထဲတွင် တည်ရှိနေကြောင်း၊ ပီညဲရိုး၏ စုံစမ်းလေ့လာမှုက ထိုအကြိတ်အခဲကို ဖြေရှင်းပေးနိုင်မည်ဟု ယူဆကြောင်း ပြောသည်။

“စက်တင်ဘာ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ လူအများမှာ အကြိတ်အခဲပေါ့နော်။ တကယ် ဖြစ်ပျက်တာနဲ့ အစိုးရက ထုတ်ဖော်တာနဲ့ သိပ်ပြီး ကိုက်ညီမှု မရှိဘူးလို့ လူအများမှာ အကြိတ်အခဲ ရှိတာပေါ့နော်။ အဲဒီတော့ မစ္စတာ ပီညဲရိုးရဲ့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာစုံစမ်းမှုက အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို လေ့လာ စုံစမ်းခွင့်ရရင် ပြည်သူတွေရဲ့ အကြိတ်အခဲက ကျေနပ်သင့်သလောက် ကျေနပ်သွားမယ်၊ ပြေသင့်သလောက် ပြေသွားမယ်လို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မစ္စတာ ပီညဲရိုးသည် သူ၏ ခရီးစဉ် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိသော်လည်း ယနေ့တွင် အင်းစိန်ထောင်သို့ သွားရောက်ကာ ဆန္ဒပြသဖြင့် အကျဉ်းကျ ခံနေရသူများနှင့် ၂ နာရီကြာ တွေ့ဆုံခဲ့သည်ဟု သတင်းများအရ သိရသည်။