| အာဏာပိုင်များ၏ လုပ်ရပ်များအပေါ် ဟာသဉာဏ်ဖြင့် ထောက်ပြ ပြောဆိုလေ့ ရှိသူ နာမည်ကျော် ဟာသဝိဇ္ဇာ ဇာဂနာ ခေါ် ကိုသူရ ကို အထူးရဲတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် ခေါ်ဆောင်သွားကာ ယနေ့ နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုအတွင်း ဆန္ဒပြ သံဃာတော်များကို ဇာဂနာနှင့် စာပေ၊ ရုပ်ရှင် အနုပညာရှင်များက ဆွမ်းရေချမ်း ကပ်လှူသဖြင့် အင်းစိန် ထောင်ထဲတွင် ရက်ပေါင်း ၂ဝ ကျော် အထိန်းသိမ်း ခံခဲ့ရပြီး ယခုတဖန် အာဏာပိုင်များက နေအိမ်မှ တညတာ ခေါ်ဆောင်သွားကာ မေးမြန်းပြီးနောက် ပြန်ပို့ပေးလိုက်ခြင်း ဖြစ်သည်။ “ဦးသူရက အဖမ်းခံရတာ မဟုတ်ပါဘူး။ သူတို့ မေးစရာ ရှိတာလေးတွေ မေးပြီးတော့မှပဲ အိမ်ပြန် ရောက်လာတာမို့ ဒါက သတင်းလည်း မဟုတ်ပါဘူး။ ပြန်ရောက်တာတော့ ပြန်ရောက်နေပါပြီ။ ဘယ်နှစ်နာရီက ပြန်ရောက်တယ်ဆိုတာ ကျမတို့ မပြောနိုင်ပါဘူး။ သူ အခု အေးအေးဆေးဆေး အနားယူနေပါတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။ ယမန်နေ့ ညနေက ခေါ်ဆောင်သွားပုံနှင့် ပတ်သက်ပြီး ဇာဂနာနှင့် နီးစပ်သူ တဦးက “မနေ့က ညနေပိုင်း ၅ နာရီလောက်က ပါသွားတာ။ ခဏလေး မေးစရာ ရှိတယ်၊ ညနေ ပြန်ပို့ပေးမယ် ဆိုပြီး ခေါ်သွားတာ။ သူ ဘာမှကို ယူမသွားဘူးတဲ့။ ဘယ်ကို ခေါ်သွားတာလဲတော့ မသိဘူး” ဟု ပြောသည်။ အထိန်းသိမ်းခံ ဘဝမှ ပြန်လည် လွတ်မြောက်လာချိန် ရဟန်း သံဃာတော်များကို တွေ့ဆုံဖူးမျှော်ကာ ဆွမ်းကပ်ခြင်းများ ပြုလုပ်နေခဲ့သဖြင့် ယခုလို ထပ်မံ၍ ခေါ်ယူ စစ်ဆေးခံရခြင်း ဖြစ်နိုင်သည်ဟု နီးစပ်သူများက ပြောသည်။ “သူ ထွက်လာတော့ သိပ်ပြီးတော့ ဘာမှ မပြောပါနဲ့လို့ ... ထောင်ထဲမှာ ဘယ်သူ့ တွေ့ခဲ့တယ်၊ ဘယ်ဝါ တွေ့ခဲ့တယ်၊ ဘုန်းကြီးတွေ ခေါင်းပေါက်တယ်၊ ထိပ်ပေါက်တယ် မပြောပါနဲ့လို့ ပြောတော့ ... သူ့မှာ တာဝန် ရှိပါတယ်တဲ့။ ဇာဂနာတဲ့ ... အမှန်အတိုင်း ပြောရမယ်တဲ့” ဟု ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။ ယမန်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ဇာဂနာကို မည်သည့်နေရာတွင် ခေါ်ဆောင်ခဲ့ကြောင်းနှင့် မည်ကဲ့သို့ စစ်ဆေး မေးမြန်းခဲ့ကြောင်းကိုမူ မသိရသေးပါ။ ကိုသူရ (ခေါ်) ဇာဂနာ ကို ယခင်အကြိမ်က အင်းစိန် အကျဉ်းထောင် စစ်ခွေး တိုက်ထဲတွင် တိုက်ပိတ်ထားခဲ့သည်။ သို့သော ပြန်လည် လွတ်မြောက်လာသော အခါတွင် သူ၏ နိုင်ငံရေး ဝေဖန်ချက်ကတော့ ပြည်ပ မီဒီယာများတွင် ပြန်လည် ကြားရမြဲသာ ဖြစ်သည်။ “သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သား အတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး” ဟု ယခင်တကြိမ် ဖမ်းဆီးမှုမှ ပြန်လည် လွတ်မြောက်လာချိန် အတွင်း မဇ္ဈိမကို ပြောကြားခဲ့သည်။ ၁၉၈၈ ခုနှစ်မှ စတင် ရေတွက်လျှင် ရုပ်ရှင် ဒါရိုက်တာလည်း ဖြစ်သည့် ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၄ ကြိမ်မြောက် အဖမ်းခံရခြင်း ဖြစ်သည်။ ၂ဝဝ၆ ခုနှစ် မေလမှစကာ သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်တို့ ပိတ်ပင် ခံထားရသည်။ အလားတူပင် အခြားသော နာမည်ကျော် လူရွှင်တော်တဦး ဖြစ်သည့် မန္တလေးမှ ပါပါလေး (အသက် ၆ဝ နှစ်) သည် စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက အဖမ်းခံထားရသည်။ |