Friday 19 October 2007

လည်ပတ်နီဝတ် ခွေးများကို လိုက်လံဖမ်းဆီး

ကိုဇာဂနာ ပြန်လွှတ်လာပြီ

တရုတ်များကို အကာအကွယ် ပေးပါတဲ့

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
အောက်တိုဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။

လည်ပတ်နီဝတ် ခွေးများကို လိုက်လံဖမ်းဆီး

ရန်ကုန်မြို့တွင် လည်ပတ်အနီ ပတ်ထားသော ခွေးများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ယမန်နေ့က လိုက်လံ ဖမ်းဆီးလျှက် ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံ ချိတ်ဆွဲထားသော ခွေးများကို လိုက်လံ ဖမ်းဆီးမှု ပြုပြီးနောက် လည်ပတ်နီဝတ် ခွေးများအလှည့် ကျရောက်လာခြင်း ဖြစ်သည်။

စက်တင်ဘာလ အတွင်းက ဆန္ဒပြ သံဃာတော်များကို လည်ပတ်နီ ဝတ်ဆင်သော စစ်တပ်နှင့် လုံထိန်းများက ရက်စက်စွာ နှိမ်နင်းမှု ပြုခဲ့သည်ကို လှောင်ပြောင်သောအားဖြင့် လူတချို့က ခွေးများကို လည်ပတ်နီ ပတ်ပေးခြင်း ဖြစ်မည်ဟု ဒေသခံများက ပြောသည်။

ကိုဇာဂနာ ပြန်လွှတ်လာပြီ

စစ်အာဏာရှင်များကြောင့် အဆီအငေါ် မတည့်ဖြစ်ရပ်များကို ပြက်လုံးဖြင့် သရော်လေ့ရှိသည့် နာမည်ကျော် ဟာသမင်းသားနှင့် ဒါရိုက်တာ ဇာဂနာသည် ရက်သတ္တပတ် သုံးပတ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

-------------------------------------------

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ခြောက်ကပ်ကပ် ရန်ကုန်

စစ်ဆေးမေးမြန်းမှုများ ရန်ကုန်အချို့ နေရာများတွင် ရှိနေဆဲဖြစ်ကာ မြို့လယ်ခေါင်တွင် ခြောက်ကပ်နေသည်ဟု လေ့လာသူ တဦးက ပြောသည်။

"လွန်ခဲ့တဲ့ တပတ်လောက်ကထက် စာရင် ကားတွေ။ အရောင်းဝယ်တွေ အတော်လေး ကျသွားတယ်" ဟု သူမက ပြောသည်။

လေယာဉ် ပြည်ပခရီးစဉ် စီးနင်းသူများ အနေဖြင့် လေဆိပ်သို့ ၄ နာရီ ကြိုတင် ရောက်ကြရသည်။
အချို့သော တိုင်ဝမ်တရုတ်များပိုင် စက်ရုံများ ပိတ်ပစ်ကာ ပြန်တော့မည် ဖြစ်သည်။

ကာဖျူး အချိန်လျော့

ရန်ကုန်မြို့တွင် ညမထွက်ရ ကာဖျူးအမိန့်ကို ည ၁၁ နာရီမှာ ၃ နာရီအထိသာ ကန့်သတ် လျော့ချလိုက်သည်၊ ကာဖျူး ရုတ်သိမ်းရန် စဉ်းစား ခဲ့သော်လည်း မရုတ်သိမ်းဖြစ်ခဲ့ဟု သိရသည်။

ကာဖျူးကြောင့် ရန်ကုန်-မန္တလေး အမြန်ရထား ခရီးစဉ်ကိုလည်း အချိန်ပြောင်းလဲခဲ့သည်၊ ရန်ကုန်မှ နံနက် ၃ နာရီ ထွက်ရာ ခရီးသည်များသည် ည ၁၁ နာရီ မတိုင်ခင်ကတည်းက ဘူတာကြီး ရောက်နေရပြီး အိပ်စောင့်ကြရသည်။

ရန်ကုန် အမှိုက်သိမ်း လုပ်သားများ နေ့စားခတိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သန့်ရှင်းရေး နေ့စား ဝန်ထမ်းများကို နှုန်းထား ၂ ဆကျော် တိုးပေးလိုက်သည်၊ ယခင် တရက် လျှင် ၇၀၀ နှုန်းထားမှ ၁၅၀၀ ကျပ်သို့ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

တရုတ်များကို အကာအကွယ် ပေးပါတဲ့

တရုတ် အမျိုးသားများ၏ အသက်အိုးအိမ် စည်းစိမ်များ အကာအကွယ်ပေးရန် မြန်မာနိုင်ငံ ရဲချုပ်က အောက်ခြေအထိ ညွှန်ကြားချက်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။

---------------------------------------------
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ဒီပဲယင်း စိုးဝင်း သေပြီ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

ဒီပဲယင်း လက်သည်ဟု နာမည်ကျော်သော ရက်ရှည်လများ နာမကျန်း ဖြစ်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်းသည် ယနေ့တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ရင်း လူယုံ ဝန်ကြီးချုပ်သည် ၂ဝဝ၃ ခုနှစ်က ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ များကို ဒီပဲယင်းတွင် ခြုံခို တိုက်ခြင်းကို ကွပ်ကဲခဲ့သူ ဖြစ်ပြီး နောက်ပိုင်း ရာထူး တိုးလာခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင် အနည်းဆုံး လူ ၆ဝ ကျော် သေဆုံးခဲ့သည်။

သို့သော် သွေးကင်ဆာ ရောဂါ ခံစားခဲ့ရပြီး လများစွာ စင်္ကာပူတွင် ဆေးရုံတက် ကုသခဲ့ရပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က ပြန်ပို့ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံ အတွင်းလူနာခန်းတွင် တင်ထားခဲ့သည်။

ရောဂါ မတွေ့ရှိမီက ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်ချင်ခဲ့သော်လည်း ဗိုလ်ချုပ်သန်းရွှေက ဆက်လက် ခန့်ထား၍ နေခဲ့ရပြန်သည်။

အမ်အေအိုင်ကို အာမခံ မပေးတော့

မြန်မာ အဲယားဝေး အင်တာနေရှင်နယ်၏ ထိုင်းနှင့် မလေးရှားသို့ ပျံသန်းသည့် လေယာဉ် ခရီးစဉ်များကို ရပ်နား ထားရသည်မှာ လန်ဒန် အခြေစိုက် အာမခံ ကုမ္ပဏီက လျော်ကြေးပေးမည့် အစီအစဉ်ကို ရပ်နားထားလိုက်၍ ဖြစ်သည်ဟု လေကြောင်းလိုင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မကြာသေးခင်က မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့်” ဟု ကြေညာချက်တွင် ပါရှိသည်။

ရွှေတောင်ကျောင်းမှာ စစ်ကားတွေဝိုင်း

ပုဇွန်တောင်မြို့နယ် ရွှေတောင် ကျောင်းတိုက်သို့ စစ်တပ်က ရှာဖွေ စစ်ဆေးမှုများ လုပ်လျှက်ရှိပြီး စစ်ကား ၁ဝ စီးကျော်ပင် ကျောင်းဝင်းအတွင်း ရှိနေသည်။ အောက်တိုဘာ ၇ ရက်နေ့က ကျောင်းတိုက်တွင်း ရှာဖွေရာတွင် နိုင်ငံရေး စာရွက်စာတမ်းများ တွေ့၍ဟု စစ်တပ်က ပြောပြီး ကျောင်းတိုက်မှ သံဃာတော် တပါးကိုလည်း လိုက်လံ ရှာဖွေလျှက် ရှိသည်။ ကျောင်းတိုက်မှ ရဟန်းတော် ၂ ပါးကို အောက်တိုဘာ ၂ ရက်နေ့ညက တပ်မ ၇၇ က ဖမ်းဆီးခဲ့သည်။

ပေါက်ကွဲမှုဖြစ်တဲ့ မြဝတီ

“ဒီနေ့ ညနေ ၃း၄၅ နာရီလောက်မှာ တံတားနဲ့ သိပ်မဝေးဘူး၊ ကမ်းနားလမ်းမှာ ရှိတဲ့ တည်းခိုခန်း နားမှာပေါ့နော်၊ ကုန်သည်တွေ ပြောနေတာကတော့ ဗုံးပေါက်တယ်လို့ ပြောနေကြတယ်။ နောက်မှာ တချို့ကတော့ ဂက်စ်အိုး ပေါက်တယ်လို့ ပြန်ပြောနေကြတယ်။” ဟု မြဝတီ ဒေသခံ တဦးက ပြောသည်။

မဇ္ဈိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ရွှေပြည်သာက စက်ရုံတခု လူ ၅ဝ

ရန်ကုန်မြို့တွင် ပြုလုပ်မည့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် ရွှေပြည်သာရှိ စက်ရုံများသို့ လူ ၅ဝ လွှတ်ပေးရန်နှင့် မလိုက်နာပါက လိုင်စင် သိမ်းခံရမည်ဟု အာဏာပိုင်များက မှာကြားလိုက်ကြောင်း ရွှေပြည်သာမှ စက်ရုံတခုက ပြောသည်။

မနက်ဖြန် မနက် ၃ နာရီတွင် ကားနှင့်လာခေါ်မည်ဟု မှာကြားသွားသည်ဟု သိရသည်။

လံကြုတ် ညီလာခံထောက်ခံပွဲများ ရန်ကုန်တွင် ကျင်းပမည်

ညီလာခံ ထောက်ခံပွဲနှင့် စစ်အစိုးရ ဆန့်ကျင်သည့် လူထု ဆန္ဒပြမှုများကို ရှုတ်ချပွဲများကို ပြုလုပ်ရန် ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက စီစဉ်လျှက်ရှိသည်။

မနက်ဖြန်တွင် ပြုလုပ်ဖွယ် ရှိသည့် ထောက်ခံပွဲ အတွက် သုဝဏ္ဏ အားကစားကွင်း အနီးတဝိုက် စစ်တပ်၊ ရဲများစွာ ချထားပြီး စစ်ကြောရေး ဂိတ်များကိုလည်း အသင့် ပြုလုပ်ထားသည်။

ဟန်ပြ ပြုလုပ်မည့် ထောက်ခံပွဲသို့ အစိုးရ ရုံးဝန်ထမ်းများ၊ အထက်တန်း ကျောင်းများနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ တက်ရောက်ရန် စီစဉ်ထားပြီး စစ်ဆေးမှု အဆင့်ဆင့် ပြုလုပ်ခံရမည် ဖြစ်သည်။

အော်ပီကျယ် ကာတွန်းများ ဖြန့်ချီခွင့် ပိတ်ပင်ခံရ

ဆန္ဒပြ သံဃာတော်များကို ဆွမ်းကပ်လှူရာတွင် ပါဝင်ခဲ့၍ နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်၏ ရုပ်ပြောင် ကာတွန်းများကို ပုံနှိပ် ဖြန့်ချိ ခွင့်ကို စစ်အစိုးရက ပိတ်ပင် လိုက်ပြန်သည်။

“သူ့ကလောင် နာမည်ကို ဆင်ဆာအဖွဲ့က ခွင့်မပြုတော့ဘူးလို့ ဂျာနယ်တိုက်တွေက အကြောင်းကြားလို့ သိရတာပါ။ သူ့ဆီကိုယ်တိုင် လာအကြောင်းကြားတာတော့ မရှိပါဘူး” ဟု ကာတွန်းဆရာ အော်ပီကျယ်၏ ဇနီးက မဇ္ဈိမကို ပြောသည်။

တရုတ်နယ်စပ် ဘုန်းကြီးကျောင်းများကို ရဲက ပိုက်စိတ်တိုက်
မျိုးကြီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ် ဒေသများရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ပြီးခဲ့သည့် အဂါင်္နေ့မှ စတင်၍ ရဲများက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေသည်။

ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ ဘုန်းကြီးကျောင်းများအပြင် တောင်ပေါ် ရှမ်းတိုင်းရင်းသား ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများကိုပါ ယခုလ ၁၆ ရက်နေ့မှ စတင်ကာ ဝင်ရောက် စစ်ဆေးခြင်း၊ သန်းခေါင်စာရင်း ကောက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

“အခြေအနေကတော့ မကောင်းသေးပါဘူး။ ဒီဘက်မှာ ကျောင်းတွေကို စစ်ဆေးတာ ၃ ကြိမ်ရှိပြီ။ အခု အရင်နေ့ကတော့ ပိုက်စိပ်တိုက် ရှာတဲ့ သဘောမျိုး ပေါက်တာပေါ့” ဟု လွယ်ဂျယ်မြို့ ကျောင်းထိုင် ဆရာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။

မြန်မာနိုင်ငံအနှံ့ စက်တင်ဘာ ၁၈ ရက်မှ စတင်ခဲ့သည့် သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းပြီးနောက် တရုတ်နယ်စပ်ရှိ ဘုန်းကြီးကျောင်းများကိုလည်း ရှာဖွေ စစ်ဆေးမှုများ စတင်ခဲ့သည်။

“အရင်အဖွဲ့တွေတုန်းကတော့ မြို့နားနီးတဲ့ ကျောင်းတွေလောက်ပဲ ဝင်တယ်။ အခု အဖွဲ့ကတော့ တောင်ပေါ်ကျောင်းတွေရော၊ တောင်ကြိုတောင်ကြားက ကျောင်းတွေရော အကုန် ဝင်စစ်တယ်လို့ ဘုန်းကြီးတို့ သိရတယ်” ဟု ဆိုသည်။

ဗန်းမော်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော်အပါး ၁၄ဝ ခန့်ကို ညအချိန်၌ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ လက်ရှိ အချိန်အထိ သံဃာတော် ၈ ပါးခန့် ဆက်လက် ဖမ်းဆီးခံထားရသည်။

ထို့အပြင် တရုတ် အာဏာပိုင်များကလည်း နယ်စပ် ဘုန်းကြီးကျောင်းများကို စစ်ဆေးနေကြောင်းနှင့် အဆိုပါ ဘုန်းကြီးကျောင်းများတွင် ရှမ်းနှင့် ဗမာ သံဃာတော်များလည်း အများအပြား သီတင်းသုံးနေကြောင်း သိရသည်။

ဟာသမင်းသားနဲ့ ဒါရိုက်တာ ဇာဂနာ ပြန်လည်လွတ်မြောက်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်အာဏာရှင်များကြောင့် အဆီအငေါ် မတည့်ဖြစ်ရပ်များကို ပြက်လုံးဖြင့် သရော်လေ့ရှိသည့် နာမည်ကျော် ဟာသမင်းသားနှင့် ဒါရိုက်တာ ဇာဂနာသည် ရက်သတ္တပတ် သုံးပတ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် စစ်အာဏာရှင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ဆွမ်းနှင့် ရေကပ်လှူရာတွင် ပါဝင် ပူးပေါင်းခဲ့ပြီး နောက်တရက်တွင် ကိုဇာဂနာကို ရန်ကုန်မြို့ မြေနီကုန်းရှိ နေအိမ်သို့ အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့သည်။

“ကျန်းမာရေးကတော့ သူ့မှာက နဂိုလ်ကတည်းက သွေးတိုးရှိတယ် ဆိုတော့ အထဲမှာ အနေမမှန်၊ အစားမမှန် ဆိုတော့ ရောဂါ ပြန်ထလာတဲ့ သဘောပါ။ သူ နားပါစေဆိုပြီး သိပ်မပြောဖြစ်လိုက်ဘူး။ သေသေချာချာ စကား မပြောရသေးပါဘူး။ သူ့ဖုန်းကတော့ ဆက်မရသေးဘူးဗျ။ ကျန်ရစ်ခဲ့တယ်တဲ့။ မကြာခင် လာပေးမယ်လို့ ပြောလိုက်တယ်တဲ့။ အခု လောလောဆယ် မြေနီကုန်းက သူ့အိမ်မှာပဲ ရှိပါတယ်” ဟု ကိုဇာဂနာ၏ သူငယ်ချင်းဖြစ်သူ ဟာသ သရုပ်ဆောင် ကိုပိုးဖြူ က ပြောသည်။

ရန်ကုန်ရှိ အခြား ရုပ်ရှင် အသိုင်းအဝိုင်းသို့ ဆက်သွယ် မေးမြန်းရာတွင်လည်း ဇာဂနာ ပြန်လွတ်လာသည်မှာ သေချာသည်ဟု အတည်ပြု ပြောဆိုကြသော်လည်း ဖမ်းဆီး ထိန်းသိမ်း ခံရစဉ်က အခြေအနေကိုမူ မည်သူမှ မသိရှိသေးပေ။

ညီလာခံထောက်ခံပွဲကို တမူးမြို့တွင် မဖြစ်မနေကျင်းပ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း တမူးမြို့ရှိ ဒေသ အာဏာပိုင်များက ဒေသခံ ပြည်သူများကို တအိမ်ထောင်လျှင် လူတဦးနှုန်း မလာမနေရ စနစ်ဖြင့် အမျိုးသားညီလာခံ ထောက်ခံပွဲတရပ်ကို ယနေ့မနက်ပိုင်းက ကျင်းပသွားခဲ့သည်။

တမူးမြို့နယ် အားကစားကွင်းတွင် ယနေ့မနက်က ကျင်းပသည့် ထောက်ခံပွဲသို့ တအိမ်ထောင်လျှင် တဦးမတက်မနေရ အာဏာပိုင်များက အမိန့်ပေး အကြောင်းကြားထားသဖြင့် ခမ်းပတ် မြို့နယ်ခွဲ၊ ကနန် ကျေးရွာတို့မှ ပြည်သူများနှင့် အစိုးရ ဝန်ထမ်းများ တက်ရောက်ခဲ့ကြရပြီး အမျိုးသား ညီလာခံ ထောက်ခံပွဲကို ထောက်ခံကြောင်း မြို့တွင်း တပတ်လှည့်လည်ကာ ကြွေးကြော်သံများ ဆိုခဲ့ကြခြင်းဖြစ်သည်။

“မနက် ၇ နာရီလောက်ကစတာ၊ အများစုလိုက်တာကတော့ ကျေးရွာတွေကပါဘဲ။ ပြည်သူဆန္ဒ ထုတ်ဖော်ပွဲပါ။ မြို့တွင်းကိုပတ်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်” ဟု တမူးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လူထုဆန္ဒ ထုတ်ဖော်ပွဲကို တက်ရောက်ရန် လွန်ခဲ့သည့် ၂ ရက်ကတည်းက အာဏာပိုင်များဘက်မှ တအိမ်ထောင်လျှင် တဦးနှုန်း မတက်မနေရ စနစ်ဖြင့် လက်မှတ် ရေးထိုးခိုင်းပြီး အခမ်းအနားကို တက်ရောက်လာသူများကိုလည်း ထပ်မံ၍ လက်မှတ် ထိုးခိုင်းကြောင်း ဒေသခံများ အဆိုအရ သိရသည်။

အလားတူ ယမန်နေ့ကလည်း ပဲခူးတိုင်း ပဲခူးမြို့ အားကစားကွင်းတွင် လူထုထောက်ခံပွဲကို ကျင်းပရာ ပဲခူးတိုင်း အာဏာပိုင်များက ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ တအိမ်ထောင်လျှင် တဦးနှုန်းဖြင့် အတင်းအကြပ် တက်ရောက်စေပြီး မတက်ရောက်နိုင်သူများကို ဒဏ်ငွေကျပ် ၅ဝဝ (သို့) ၁ဝဝဝ ကျပ် ဒဏ်ခတ် အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ထောက်ခံပွဲ ကျင်းပချိန်တွင်လည်း မြို့တွင်းရှိ ဈေးဆိုင်များကိုလည်း ပိတ်ခိုင်းထားကြောင်း ပဲခူးမြို့ ဒေသခံ တဦးမှ မဇ္ဈိမကို ပြောသည်။

လူထုထောက်ခံပွဲ တက်ရောက်ခဲ့သည့် ပဲခူးမြို့ခံ အများစုမှာ ဆေးလိပ်ခုံတွင် ဆေးလိပ် လိပ်သူများ၊ နေ့စားလုပ်သူများ ဖြစ်သောကြောင့် အလုပ်ဖျက်ကာ ထောက်ခံပွဲ တက်ရောက်ခဲ့ရသဖြင့် တနေ့တာ နေ့စား ဝင်ငွေများ ဆုံးရှုံးရသဖြင့် အာဏာပိုင်များပေါ် မကျေနပ်သည့် အသံများ ထွက်ပေါ်နေဆဲ ဖြစ်သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

နအဖ စစ်အစိုးရက ၁၄ နှစ်ကြာ ကျင်းပလာပြီး အဆုံးသတ်သွားပြီ ဖြစ်သည့် အမျိုးသား ညီလာခံကို မြန်မာပြည်သူများက ထောက်ခံသယောင် လူထု ထောက်ခံပွဲကို မြန်မာပြည်အနှံ့ ကျင်းပနေပြီး ထောက်ခံပွဲ ဖြစ်မြောက်စေရန် အတွက် ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်ကာ တက်ရောက်စေသဖြင့် ပြည်သူအများစုက မကျေမနပ် ဖြစ်နေကြသည်။

အမေရိကန် သမတကတော်နှင့် ကမ္ဘာ့ရေးရာ
မြန်မာ့အရေးကို ပြောဆိုခြင်းဖြင့် လော်ရာဘွတ် (ရှ်) နိုင်ငံတကာ အရေးတွင် ပါဝင်ပြောဆို
အောက်တိုဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကရောဖို့ (ဒ)၊ တက်ကဆပ် (အောက်တိုဘာ ၁၄ ရက်)

တက� ဆပ်မှ ကျယ်ပြန့်သော မြေပြန့် ကွင်းပြင်ကျယ်နှင့် မြန်မာပြည်မှ ထူထပ် သိပ်သည်းသော သစ်တောကြီးများမှာ နေရာချင်း လွန်စွာ ဝေးကွာပါသည်။ ဝက်ကို မြို့မှာ သွေးထွက်သံယို ဖြစ်ပြီး ရဲက နှိမ်နင်းမှုများနှင့် ဖိနပ် မပါသော မြန်မာပြည်မှ သံဃာတော်များ သတ်ဖြတ် ခံရခြင်းတို့မှာလည်း ဆက်စပ်မှုမရှိ အလွန် ဝေးကွာပါသည်။ သို့သော်လည်း ဝေးကွာလှစွာသော အရပ်မှ ရက်စက်သော နှိပ်ကွပ်မှုများကြောင့် တခါက စာကြည့်တိုက်မှူး လုပ်ခဲ့ဖူးသော သမတ ကတော်၏ ပြောဆိုချက်များသည် အမေရိကန် နိုင်ငံ၏ နိုင်ငံခြားဝါဒ ထိပ်တန်း ပေါ်လစီအဖြစ် တွေ့လာခဲ့ကြရပါသည်။

သြဂုတ်လအတွင်း မိသားစုပိုင် လယ်တောတွင် အနားယူရင်း အိမ်ဖြူတော် ဝန်ထမ်းတို့က ပို့ပေးသော မြန်မာပြည်မှ ဆန္ဒပြမှုနှင့် အဖမ်းအဆီး သတင်းများကို ကြည့်၍ သမတကတော်မှာ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။ ဘယ်မျှ စိတ်ထိခိုက်ခဲ့ရသနည်း ဆိုသော် ဝါရှင်တန်ကို ပြန်ရောက်သည်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကမ္ဘာတဝှမ်းလုံးမှ မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ရေးကို တလျှောက်လုံး ကြိုးပမ်းခဲ့ပါသည်။

သူ့မိသားစုဝင် တယောက်က မြန်မာနိုင်ငံ အကြောင်းကို လွန်ခဲ့သော ၅ နှစ်ခန့်က သူ့ကို ပြောပြခဲ့ပါသည်။ လွန်ခဲ့သော မိမိခင်ပွန်း၏ သမတ သက်တမ်းအတွင်း တခါမှ ရှေ့ကို မထွက်ခဲ့သော သမတ ကတော်ကြီးသည် မြန်မာပြည်မှ မတော်မတရား ဖြစ်ရပ်များကို နိုင်ငံတကာ မြင်ကွင်းရှေ့သို့ အရောက် အားတက်သရော ဆောင်ရွက်ခဲ့ပါပေသည်။ အစိုးရ အရာရှိကြီးများ၊ သံတမန်ကြီးများနှင့် ဆွေးနွေးခဲ့ပြီး၊ ကျေညာချက်များ၊ အင်တာဗျူးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ မြန်မာပြည်ကို ပိတ်ပင်မှု အသစ်များ ပြုလုပ်နိုင်ရန်လည်း ဆော်သြခဲ့ပါ၏။ သတင်းစာကြီးများ၏ အယ်ဒီတာ့ အာဘော် အခန်းတွင်လည်း အကြိမ်ကြိမ် ရေးသားခဲ့ပြီး မြန်မာပြည်မှ အဖိနှိပ်ခံ ပြည်သူများ၏ ကံကြမ္မာကို အများသိအောင် မီးမောင်း ထိုးပြနိုင်ခဲ့ပါသည်။

အိမ်ဖြူတော်မှ အာရှရေးရာ တာဝန်ခံ ဒေးဗစ်ချားက ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် နိုင်ငံခြားရေးရာ အရေးတကြီး ကိစ္စတခုဖြစ်အောင် သူမ အမြဲ ဆော်သြခဲ့ပါတယ်ဟု ဆိုသည်။ အိမ်ဖြူတော်တွင် ယခုနှစ် စောစောပိုင်းအထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဂျော့တောင်း တက� သိုလ်တွင် သင်ကြား ပို့ချပေးနေသော ဒေးဗစ်က ဆက်၍ သူမဟာ ဘယ်ကိစ္စကို စိတ်ဝင်တစား ရှိရမယ်ဆိုတာ သေသေချာချာ စိစစ်ပြီးမှ ဆောင်ရွက်လေ့ ရှိပါတယ်ဟု ဆိုသည်။

ဆန်းစစ်သူများက လော်ရာဘွတ်(ရှ)သည် သူ့ခင်ပွန်း မဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာက တညီတညွတ်တည်း အာရုံစိုက်မိအောင် ဆောင်ရွက်နိုင်ကြသည်ဟု ဆိုကြပါသည်။ အစိုးရ အဖွဲ့အတွင်းမှ တာဝန်ရှိသူများမှာ တနည်းမဟုတ်တနည်း တခြား ကမ္ဘာ့ရေးရာ ကိစ္စများနှင့် အလုပ်ရှုပ်နေချိန်တွင် သူမတဦးတည်းသာ အီရတ်ကိစ္စ၏ လွှမ်းမိုးထားခြင်းမှ ကင်းကင်းရှင်းရှင်း အလုပ်လုပ်နိုင်သူ ဖြစ်နေပေသည်။ သို့သော် သူမ စကားပြောပြီ ဆိုလျှင် သူမ နောက်တွင် အစိုးရအဖွဲ့ တခုလုံး၏ ထောက်ခံမှု အင်အား ပါသည်ဟု ဆိုနိုင်ပါသည်။

လော်ရာဘွတ်(ရှ) ဟာ နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ အားကိုးဘွယ် မှီခို အားထားနိုင်သူ တယောက် ဖြစ်ပါတယ်ဟု ဘီလ်ကလင်တန် လက်အောက်တွင် ကုလသမဂ္ဂ တာဝန်ခံ အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ နန်စီတိုရာဘတ်က ဆိုပါသည်။ သူ့လို လူများများစားစား မရှိဘဲ သူတို့ စကားပြောပြီ ဆိုရင်လည်း အများက ဂရုတစိုက် နားထောင် ကြရပါတယ်ဟု ဆိုသည်။ သမတ ကတော်က အာရုံစိုက်တဲ့ ကိစ္စကို လူတိုင်းက တလေးတစား အာရုံစိုက်ပြီး လိုက်လုပ်ကြရပါတယ်ဟု ပြောသည်။

သူမက ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြီ ဆိုတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုများ တိုးပွားလာကြတာကို သက်သေ ခံနေကြပါတယ်။ လွန်ခဲ့သော နှစ်များအတွင်း စာမတတ်သူ ပပျောက်ရေး လုပ်ငန်း စတာတွေထက် မကတော့ဘဲ ပြောစရာတွေဟာ ပိုပြီး များလာပါတယ်။ ဘွတ်(ရှ)ရဲ့ ပထမ သက်တမ်းအတွင်း သူမဟာ သူမဘာသာ ခရီး ၅ ကြိမ် ထွက်ခဲ့ပါတယ်။ ဒီအပတ်ကုန်မှာတော့ ဒုတိယ သမတ သက်တမ်းအတွင်း သူမရဲ့ ၉ ကြိမ်မြောက် ခရီးအဖြစ် အာရပ်စော်ဘွားနိုင်ငံ၊ ဂျော်ဒန်၊ ကူဝိတ်နဲ့ ဆော်ဒီ အာရေးဗီးယား နိုင်ငံတွေကို သူမ ခရီးထွက်ပါလိမ့်ဦးမည်။

ကျမအတွက်တော့ ဒါတွေဟာ အဆန်း မဟုတ်တော့ပါဘူး။ ကျမ နေရာကနေပြီး လုပ်နိုင် ပြောနိုင်တာတွေ အတွက် ကျမ လုပ်နေ ပြောနေရမှာပါဟု ယခင်လက အင်တာဗျူး တခုတွင် သမတ ကတော်က ပြောခဲ့ပါသည်။ စုစုပေါင်း ၆၈ ကြိမ်မျှ သမတကြီး ပါလျက်ဖြစ်စေ၊ မပါဘဲဖြစ်စေ သူမ ခရီးထွက်ခဲ့ပြီးပါပြီ။ အခြား သမတ ကတော်ဖြစ်သော ဟီလာရီ ကလင်တန်မှာ ၈၂ ကြိမ်မျှ ခရီးထွက်ခဲ့သည် ဖြစ်သော်လည်း မတူညီသော အချက်မှာ လော်ရာဘွတ်(ရှ) အနေဖြင့် အငြင်းပွားဘွယ် ကိစ္စများကို ရှောင်ရှားတတ်ခြင်းပင် ဖြစ်ပါ၏။ ၂ဝဝ၅ ခုနှစ်က အီဂျစ်ပြည် ခရီးတွင် သမတ ဟော်စနီ မူဘာရက်၏ အယောင်ဆောင် ဒီမိုကရေစီ ရေးရာများကို ချီးကျူး ပြောဆိုခဲ့သဖြင့် အတိုက်အခံ အင်အားစုများအဖို့ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြရပေသည်။

သူမသည် တကိုယ်တော် ထင်ရာစိုင်းနေသူ မဟုတ်ပါ။ အနည်းဆုံး နိုင်ငံတော် လုံခြုံရေး ကောင်စီ၊ နိုင်ငံခြားရေး ဌာနတို့နှင့် အမြဲ အဆက်အသွယ်ရှိပြီး မပြောမီ၊ ပြောသင့် မသင့် အတည်ပြုချက် ယူလေ့ ရှိပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ကွန်ဒီလီဇာရိုက်၊ အမျိုးသား လုံခြုံရေး အကြံပေး စတီဗင်ဟတ်ဒလီ အပါအဝင် အခြား စီနီယာ ဝန်ထမ်းများတို့နှင့်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သမျှ စည်းဝေးပွဲ၊ အီးမေးလ်တို့နှင့် အမြဲ ထိတွေ့မှု ရှိနေပြီး ရန်ကုန်တွင် ဖြစ်ပျက်သမျှ နောက်ဆုံး သတင်းတို့ကို သမတကတော် အမြဲ သိရှိနေပါသည်။

လော်ရာအဖို့ မြန်မာပြည်တွင် စိတ်ဝင်စားရခြင်းမှာ သမတဘွတ်(ရှ)၏ ဆွေမျိုးတော်စပ် တဦးဖြစ်သူ အယ်လစီ ဝေါ်လကာ ဆိုသူ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူထံမှ စတင် သိခဲ့ရခြင်း ဖြစ်ပါသည်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူမထံမှပင် ကြားသိရခြင်း ဖြစ်ပါသည်။ စစ်တပ်မှ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် ငြင်းဆိုခဲ့ပြီး သူမမှာ တောက်လျှောက် အကျဉ်းချထားခြင်း ခံခဲ့ရပါသည်။ သူမ၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး စာအုပ်ကို ဖတ်ရှုပြီးချိန်မှစ၍ သူမအပေါ် ပိုမို ဂရုဏာ သက်လာခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာလူမျိုးတို့၏ ကံကြမ္မာကို ပိုမိုစာနာ လာမိခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာတနိုင်ငံလုံးရဲ့ မျှော်လင့် အားထားရတဲ့ သူပါပဲ။ ဒီမိုကရေစီ ရမယ့်နေ့ကို မျှော်လင့်နေသူများ၊ ရက်စက် ဆိုးသွမ်းတဲ့ စစ်အုပ်ချုပ်သူများ မရှိတော့တဲ့နေ့ကို စောင့်မျှော်နေရသူများ၊ အားလုံးဟာ သူမအပေါ်မှာပဲ မျှော်လင့်ချက် ထားနေကြရပါတယ်။ သူမ လိုချင်တယ်ဆိုတဲ့ နိုင်ငံရေးအရ ပြန်လည် ရင်ကြားစေ့ရေး ဆိုတာကို ကျမ နားလည်ပါတယ်။ အစိုးရကို ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးစေချင်တယ်။ ဒီမိုကရေစီရေးအတွက် သူမဟာ တတ်နိုင်သမျှ အလုပ် လုပ်ပေးချင်ပါတယ်။
သမတ ကတော်ကြီးဟာ မြန်မာပြည်ကိုလည်း မရောက်ဖူး၊ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ကိုယ်တိုင် မတွေ့ဖူးပါ။ သို့သော်လည်း မြန်မာနိုင်ငံ အရေးဟာတော့ သူမအတွက် အဓိက အကြောင်းအရာတခု ဖြစ်နေပြီး၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲကို တကြိမ် ကျင်းပခဲ့ပြီး၊ ပက်ပါဒိုင်း တက� သိုလ်ရဲ့ ဘွဲ့ပေးပွဲ အခမ်းအနားမှာလည်း မြန်မာပြည်အရေးကို ဆွေးနွေး ပြောကြားခဲ့ပါတယ်။

ဧပြီလတုန်းကလည်း ဘီဘီစီက ထုတ်လွှင့်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အသံလွှင့်ချက်ကို နိုင်ငံခြားရေးနဲ့ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို ဖိတ်ကြားပြီး အိမ်ဖြူတော် ခန်းမဆောင်မှာ အတူတကွ ကြည့်ရှုခဲ့ကြပါတယ်။ မေလထဲမှာတော့ ဆီးနိပ်က ဦးစီးကျင်းပတဲ့ မြန်မာ့အရေးကိစ္စ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဆီကိုလည်း စာရေးသားခဲ့ပါသေးတယ်။ မြန်မာ့ အတိုက်အခံ အင်အားစုများကိုလည်း အိမ်ဖြူတော်မှာ တွေ့ဆုံ ဧည့်ခံခဲ့ပြီး အထူး ကိုယ်စားလှယ် ဂမ်ဘာရီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဝေါစထရိ ဂျာနယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အယ်ဒီတာ့ အာဘော်ကို ရေးသားခဲ့ပြီး စီအင်အင်နဲ့လည်း အင်တာဗျူး လုပ်ခဲ့ပါတယ်။

သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လောင်စာဆီ ဈေးနှုန်း တိုးမြှင့်ခြင်းကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများကြောင့် သူမရဲ့ ကြိုးပမ်းချက်များဟာ အရှိန်အဟုန် တိုးမြင့် လာရပါတော့တယ်။ ဘမ်ကီမွန်းကို ဖုန်းခေါ်တာတွေအပြင် သူမဟာ အင်တာဗျူးပေါင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ တဖြည်းဖြည်း ပိုမိုပြင်းထန်တဲ့ ထုတ်ပြန်ချက်များကို ထုတ်ပြန်လာခဲ့ပါတယ်။ ဆီးနိပ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ကော်မတီဆီကိုလည်း အကြိမ်ကြိမ် စာရေးခဲ့ပါတယ်။ ဝေါစထရိ ဂျာနယ်မှာ မြန်မာအစိုးရကို ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရင်လုပ်၊ မလုပ်ရင် ဘေးဖယ်ပါ ဆိုတဲ့စာကို ရေးခဲ့ပါတယ်။ ဒီဆောင်းပါးကို ဘယ်လို ယူဆပါသလဲလို့ မေးတော့ သမတကြီးက လက်မထောင်ပြီး ပြခဲ့ပါတယ်။

ပိုပြီး အရေးကြီးတာကတော့ ယခင်တပါတ်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သူမထံ ဖုန်းဆက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကို အသိပေး ပြောကြားခဲ့တာပါပဲ။ ဒီနည်းနဲ့ သူမဟာ ဘွတ်(ရှ်) သမတ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေး အရာရှိ ဖြစ်လာခဲ့ရပါတယ်။ USA Today နဲ့ ပြောကြားရာမှာတော့ နောက်တရက် နှစ်ရက်အတွင်း ဒီမိုကရေစီ စနစ်ကို ပြောင်းရင်ပြောင်း၊ မပြောင်းရင် ကျမ ယောက်ျားရဲ့ အစိုးရဟာ မြန်မာနိုင်ငံကို ပိတ်ဆို့ရေး လုပ်ငန်းတွေ လုပ်ရမှာပဲလို့ ပြောခဲ့ပါတယ်။

သူမဟာ သူမအတွက် သာမက သမတကြီးအတွက်ပါ ပြောနေတာလို့ ကျနော်တို့ နားလည်ကြပါတယ်ဟု လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့မှ တွမ် မာလင်နိုစကီးက ပြောပါသည်။ ကုလသမဂ္ဂဟာ တနေ့တနေ့ အမေရိကန်တွေဆီက အကြောင်းပေါင်း ၅ဝ လောက်နဲ့ ပတ်သက်ပြီး စကားပြောနေရတာတွေ ရှိပါတယ်။ ဒါပေမဲ့ သမတ ကတော်ဆီက ကြားရပြီဆိုရင် ဒါဟာ အလွန်ထူးခြားတဲ့ အကြောင်းလို့ပဲ ကျနော်တို့ မှတ်ယူပါတယ်။ ကျနော်ဟာ သူ့ယောက်ျားရဲ့ ပေါ်လစီ အတော်များများကို သဘောထားချင်း မတိုက်ဆိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည် အရေးမှာတော့ သူဟာ မှန်တာကို လုပ်နေတာပါ။ ကျနော်တို့ ထောက်ခံပါတယ်ဟု ဆိုသည်။

ပြောရရင်တော့ ဒီအစိုးရအဖွဲ့ဟာ ဘယ်လောက် ခက်ခဲတဲ့ ပေါ်လစီတွေကို ချမှတ်နေနေ၊ ဒီကိစ္စကတော့ အလွန် ရိုးရှင်း လွယ်ကူပါတယ်။ ရွှေအဆင်းနဲ့ အပြစ်ကင်းသူတွေဟာ အယုတ်တမာတွေနဲ့ စစ်ဖြစ်နေကြရပါတယ်။ အမေရိကန် အစိုးရဟာ ဝေဝါးနေတဲ့ကိစ္စ အတော်များများမှာ ပါဝင် ပတ်သက်နေပါတယ်။ မြန်မာပြည် အရေးကတော့ ဘယ်သူတွေက ဆိုးမိုက်ပြီး ဘယ်သူတွေက မတရားလုပ်တာကို ခံစားနေရတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။

သမတ ကတော်အတွက်တော့ သမတသက်တမ်း ကုန်ခါနီး ၁၅ လ အလိုမှာ မြန်မာပြည် အရေးဟာ သူ့အသံကို အများက ကြားရအောင်လုပ်ဖို့ အခွင့်ကောင်း တခုကို ရစေခဲ့ပါတယ်။ ဒုတိယအကြိမ် သမတသက်တမ်း ဝင်ခါစမှာ ရွေးကောက်ပွဲ အနိုင်ရဘို့ ကြိုးပမ်းရတာတွေအပြီး လွတ်လပ်သွားချိန်မှာ ဒီအရေးကို ပိုပြီး အာရုံ စိုက်နိုင်ခဲ့ပါတယ်။ သူ့အကြီးတန်း လက်ထောက် မက်ကဗိုက်က အချိန်တွေဟာ ကုန်လွယ်လှသလို၊ သမတ ကတော်အနေနဲ့ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချ သွားချင်ပါတယ်ဟု ဆိုပါသည်။

သမတကတော် အနေနဲ့ကတော့ သူနဲ့ပတ်သက်တဲ့ သမိုင်းကို မှတ်မှတ်ရရဖြစ်အောင် ချန်ရစ်ခဲ့စေချင်ပုံ ရပါတယ်။ သူမဟာ အများထင်သလို စိတ်ထားနုနယ်ပြီး အစိုးရ ပေါ်လစီဟာ သူနဲ့ မဆိုင်တဲ့ ကိစ္စတခုလို သဘောထားနေတာ မဟုတ်ပါဘူး။ တက� ဆပ်ပြည်နယ် တက� သိုလ်မှ ဘရု့ဗျူခါနင်က မြန်မာပြည်အရေးမှာ သူမရဲ့ ဆောင်ရွက်ချက်ဟာ ထိရောက် အောင်မြင်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒါဟာ နောက်ဆုံး ဆောင်ရွက်ချက် မဟုတ်ပါ၊ နောက်ထပ် လာပါလိမ့်ဦးမယ်ဟု နိမိတ် ဖတ်လိုက်ပါသည်။

စင်္ကာပူ ဒီမိုကရေစီအင်အားစု

ကိုးကားချက်
၁၅ ရက်၊ အောက်တိုဘာလ ၂ဝဝ၇ (ဝါရှင်တန်ပို့စ်)