Wednesday 17 October 2007

အာဏာပိုင်များ၏ လှူဖွယ်ဝတ္ထုများကို သံဃာတော်များမှ ဥပေက္ခာပြု၍ လက်ခံနေရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဆန္ဒပြပွဲများ အတွင်းတွင် သံဃာထုအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ယနေ့တွင် ဘုန်းကြီးကျောင်းတိုက်များတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းနေသည်ကို သံဃာတော်များ အနေဖြင့် အားလုံးကို ဥပေက္ခာပြု၍ လက်ခံနေရသည်ဟု သိရသည်။

ယနေ့ထုတ် နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် သင်္ကန်းကျွန်း မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် စာသင်တိုက်များ၊ လမ်းမတော် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်တိုက် ၆၆ တိုက်နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားခရိုင်ရှိ စာသင်တိုက်များတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် ပြည်သူများနှင့်အတူ� ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား၊ ဆေးများကို လှူဒါန်းမှုများ ပါရှိပြီးနောက် မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် သံဃာတော်များမှ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ သရက်တော ကျောင်းတိုက်မှ ဆရာတော်တပါးက “ဘုန်းကြီးတွေဆိုတာ လှူတာရှိမှ စားရတာပါ၊ လှူတော့လည်း အလှူခံရစမြဲပါပဲ၊ အလှူခံ ပုဂ္ဂိုလ်ကိုး။ ပါရမီ ၁ဝ ပါး ရှိတာပဲ။ သူတို့လှူတဲ့ အလှူကို တို့တွေက ဥပေက္ခာ ပါရမီကို အာရုံပြုလိုက်ပြီးတော့ လက်ခံလိုက်တာပါပဲ” ဟု မဇ္ဈိကို ပြောသည်။

“သူတို့ လုပ်ခဲ့တာတွေကို ခွင့်လွှတ်တယ်၊ မလွှတ်တယ်၊ မရှိပါဘူး။ မုန်းတယ်လည်း မဟုတ်ဘူး၊ ချစ်တာလည်း မဟုတ်ဘူးပေါ့။ အားလုံးကို ဥပေက္ခာ ပြုလိုက်တာပေါ့။ ကုသိုလ် လုပ်တဲ့သူ ကုသိုလ်ရမယ်၊ အကုသိုလ် လုပ်တဲ့သူ အကုသိုလ်ရမယ်ပေါ့။ ဒီလိုပဲ မှတ်ယူပါတယ်” ဟု ရန်ကုန်ရှိ ကျောင်းတိုက်တခုမှ သံဃာတော် တပါးကလည်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသော သံဃာတော်များကို မြန်မာ စစ်အစိုးရမှ အကြမ်းဖက် နှိပ်ကွပ်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သလို၊ ယခုအခါ သံဃာတော်ပေါင်း ၂ဝဝဝ ခန့်သည် ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး ဒဏ်ရာ ရရှိသလို၊ အသက် သေဆုံးသည့် သံဃာတော်များလည်း အများအပြား ရှိကြောင်း ပြည်တွင်း သတင်းများအရ သိရသည်။

ထို့အပြင် အာဏာပိုင်များအနေဖြင့် သံဃာတော်များကို ယခုလို လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းကို လက်ခံသည့် ဘုန်းကြီးကျောင်းတိုက်များ ရှိသည့်နည်းတူ လက်မခံသည့် ကျောင်းတိုက်များလည်း ရှိနေပြီး၊ သရက်တော ကျောင်းတိုက်ဝန်းအတွင်းရှိ ကျောင်းတိုက်ပေါင်း ၆၆ တိုက်တွင်လည်း အချို့ ကျောင်းများသည် လှူဖွယ်ပစ္စည်းများကို လက်ခံပြီး၊ အချို့ ကျောင်းများသည် လက်ခံခြင်း မရှိကြောင်း သိရသည်။

“ကျနော်ကြားရတာတော့ သရက်တောကျောင်းမှာရှိတဲ့ သံဃာ့ နာယကအဖွဲ့ဝင် ဆရာတော် ကျောင်းတွေကတော့ လှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံပြီး တခြားကျောင်းတွေကတော့ လက်မခံဘဲ ကျောင်းဝန်းအလယ်မှာ ပစ္စည်းတွေကို စုပုံထားတယ်” ဟု သရက်တော ကျောင်းတိုက်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည့် ဆန္ဒပြပွဲအတွင်းတွင် သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းခဲ့ပြီးမှ ယခုလို ဘုန်းကြီးကျောင်းတိုက်များတွင် လှူဖွယ်ပစ္စည်းများ ပြန်လည် လှူဒါန်းခြင်းသည် သံဃာတော်များ အကြားရှိ စည်းလုံးမှုကို ပြိုကွဲစေပြီး သွေးကွဲစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ (အိန္ဒိယ) မှ ဥက� ဌ ဦးပညာဝရက မဇ္ဈိမကို မိန့်ကြားသည်။

“ဒီလို လှူဒါန်းတာဟာ သံဃာတွေကို ဖိအားပေးပြီးတော့ သွေးကွဲအောင် လုပ်တာပေါ့။ ဘာ့လို့လဲဆိုရင် လှူတာမယူလို့ ရှိရင် ဖမ်းချင်ဖမ်းမယ်ပေါ့နော်။ တဖက်က သပိတ်မှောက်ထားတဲ့ သံဃာတော်တွေ၊ တဖက်က လိုချင်နေတဲ့ သံဃာတော်တွေ၊ အဲလို သံဃာတော်တွေထဲမှာလည်း ပြိုကွဲသွားအောင် လုပ်တာ။ အပြစ်ကြီး ၅ ခု ရှိတယ်။ အခု သူတို့လုပ်တဲ့ သံဃာတွေကို ပြိုကွဲအောင် လုပ်တာဟာ အပြစ် အကြီးဆုံးပါပဲ” ဟု မိန့်ကြားခဲ့သည်။

ဒီမိုကရေစီရေး လှုပ်ရှားသူ သက်ကြီးရွယ်အို တဦးကို အာဏာပိုင်တွေ လိုက်ရှာနေ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူ အသက် ၈ဝ နီးပါးအရွယ်ရှိ မြင်းခြံဒေသခံ တဦးကို စစ်အာဏာပိုင်များက လိုက်လံ ရှာဖွေနေရာမှ ယခုအခါ ပျောက်ဆုံးနေသည်ဟု သိရသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ အတွင်း ပါဝင်ခဲ့သူ မန္တလေးတိုင်း မြင်းခြံမြို့ရှိ ဦးမျိုးချစ် (၇၇ နှစ်) ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာပိုင်များမှ အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်နေရာမှ ယခုအခါ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“ထရပ်ကားနှစ်စီးနဲ့ စစ်သား ၆ဝ လောက် သူ့အိမ်ကို လာတယ်လေ။ သူ့ကို ဖမ်းဖို့အတွက် အိမ်ကို ဝိုင်းကြတယ်။ ဒါပေမဲ့ သူက စစ်သားတွေ မလာခင်မှာပဲ ထွက်ပြေးသွားနှင့်ပြီ” ဟု အမည် မဖော်လိုသူ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

ဦးမျိုးချစ်ကို လာရောက် ဖမ်းဆီးစဉ်က စစ်သားများနှင့်အတူ ရဲများ၊ ကြံ့ဖွံ့များလည်း ပူးတွဲ ပါဝင်ခဲ့ကြောင်း သိရသည်။

လာရောက် ဖမ်းဆီးမည့် အစီအစဉ်ကို ဦးမျိုးချစ်သည် ကြိုတင် သိရှိရသဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ခြင်း ဖြစ်ကြောင်းနှင့် သူသည် စက်တင်ဘာလ အတွင်း ချီတက် ဆန္ဒပြပွဲများတွင် သံဃာတော်များ ရှေ့မှနေ၍ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ယခုအချိန်အထိ ဦးမျိုးချစ်သည် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မည်သူမျှ မသိကြရသေးဘဲ၊ ထွက်ပြေး လွတ်မြောက်နေသေးသည်ဟု ယူဆရကြောင်းနှင့် မိသားစုဝင်များလည်း သတင်း အစအန မရဘဲ သူ့ကျန်းမာရေးအတွက် အထူး စိုးရိမ်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းက မြင်းခြံမြို့ အန်အယ်ဒီ အတွင်းရေးမှူး ဦးပေါ်သိန်း၊ ပါတီအဖွဲ့ဝင် ဦးဝင်းနိုင်နှင့် ဦးဘိုဝင်းတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သော်လည်း ယခုအခါ မည်သည့် အခြေအနေတွင် သူတို့ ၃ ဦး ရောက်ရှိနေသည်ကို မိသားစုဝင်များကပင် မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

သူတို့အတွက် လိုအပ်မည့် ဆေးဝါးများကို မိသားစုဝင်များမှ အာဏာပိုင်များမှ တဆင့် တကြိမ်မျှ ပေးပို့ခဲ့သေးသည်။

ဆွမ်းကပ်သူ စာပေ၊ အနုပညာရှင်များကို စစ်အစိုးရက လုပ်ပိုင်ခွင့်ပိတ်ပင်
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၅ ရက်၊၂ဝဝ၇ ခုနှစ်။

စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် စာပေ၊ အနုပညာရှင် အချို့၏ အနုပညာ လုပ်ပိုင်ခွင့်များကို အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ရွှေတိဂုံ ဘုရားရှိ ကြေးသွန်းဘုရားတွင် ကံဆောင် သပိတ်မှောက်ခဲ့သည့် သံယာတော်များကို ဆွမ်းကပ်ရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင် အချို့ဖြစ်သည့် စာရေးဆရာ မာဂျေ အပါအဝင် စာရေးဆရာမ သန်းမြင့်အောင် (နာရေး ကူညီမှုအသင်း၊ ဒုဥက� ဌ)၊ ကိုစိုးဝင်းငြိမ်း (ဒီဇိုင်း ပညာရှင်နှင့် ဓာတ်ပုံ ပညာရှင်)၊ ကိုဦးဆွေ (စာရေးဆရာနှင့် Middle Line - တာဝန်ခံ အယ်ဒီတာ) ၊ ဘောလုံး ဆောင်းပါးရှင် ကိုဇော်သက်ထွေး၊ ရုပ်ရှင် သရုပ်ဆောင် ဟာသမင်းသား ပိုးဖြူ၊ ကာတွန်း ရေးဆွဲသူ အော်ပီကျယ်နှင့် လူထုဒေါ်အမာ တို့ကို အနုပညာရှင် လုပ်ပိုင်ခွင့်များ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။

“ဆရာ မာဂျေဆိုရင် ကြေးသွန်းဘုရားမှာ ဘုန်းကြီးတွေကို ဆွမ်းကပ်တဲ့ အထဲမှာ ပါတယ်လို့၊ သူတို့ ဓာတ်ပုံထဲမှာ ပါတဲ့ အတွက်ကြောင့် ပိတ်လိုက်တယ်လို့ ပြောတယ်” ဟု ရန်ကုန်ရှိ စာပေ အသိုင်းအဝိုင်းမှ စာရေးဆရာ တဦးက ပြောသည်။

ယခုလို စာပေနှင့် အခြား အနုပညာရှင်များကို တရားဝင် အကြောင်းကြားခြင်း မရှိသော်လည်း၊ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆင်ဆာဘုတ်အဖွဲ့က သူတို့၏ ကလောင်အမည်ပါ စာမူများကို ထည့်သွင်း ထုတ်ဝေသော ဂျာနယ်၊ မဂ္ဂဇင်းများကို စိစစ်ရေး တင်သောအခါ မည်သည့် အကြောင်းပြချက်မှ ပေးခြင်း မရှိဘဲ၊ ဖြုတ်ချခံရသည်ဟု သိရသည်။

“ဘောလုံးသတင်း ရေးတာတောင်၊ ပြည်တွင်း ဘောလုံးသတင်း ရေးတာမဟုတ်ဘူး။ နိုင်ငံတကာက ဘောလုံးသမားတွေ အကြောင်းနဲ့ သူတို့ရဲ့ ကစားပုံကို ရေးတာ။ ဆင်ဆာထိနိုင်စရာ တစုံတရာ မရှိဘူး။ ဒါပေမဲ့ စာပေစိစစ်ရေးမှာ တင်လိုက်တော့ ပြန်ပါမလာတော့ဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာ တဦးက ပြောသည်။

ယခုလို လုပ်ပိုင်ခွင့်များကို ပိတ်ပင်လိုက်ခြင်းသည် စာရေးသူ၊ အနုပညာရှင်များ၏ ကလောင်သွားတင်မက၊ စာရေးသူ အနုပညာရှင်များ၏ အသက်ကို သတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ဝါရင့် မဂ္ဂဇင်း အယ်ဒီတာ တဦးက ယခုလို ဝေဖန်ပြောဆိုလိုက်သည်။

“ကလောင်နာမည်တခု မွေးဖွားဖို့၊ လာဖို့အထိ ပြုစုလာခဲ့ရတာ လွယ်တဲ့ခရီး မဟုတ်ပါဘူး။ ဘဝနဲ့ရင်းပြီး စာရေးလာခဲ့ကြတဲ့ စာပေ အနုပညာရှင်တွေကို အခုလို ပိတ်လိုက်တာဟာ ကလောင်သေအောင် လုပ်လိုက်တာ ဖြစ်တယ်။ လူကိုပါ သတ်လိုက်တာနဲ့ အတူတူပါပဲ” ဟု သူက ပြောသည်။

အင်တာနက် ၂၄ နာရီ ပြန်သုံးခွင့်ရပြီ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်အတွင်း စက်တင်ဘာ လကုန်ပိုင်းတွင် ပြတ်တောက်သွားပြီး ယခု လဆန်းပိုင်းက အချိန်ပိုင်းသာ ပြန်လည် အသုံးပြုနိုင်သော အင်တာနက် ဆက်သွယ်ရေးလိုင်းကို ယမန်နေ့မှ စတင်ကာ ၂၄ နာရီ သုံးစွဲလာနိုင်ပြီဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များနှင့် ပြည်သူများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပုံကို သတင်း အချက်အလက်၊ ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ အဓိက စီးဆင်းသွားလာရာ လမ်းကြောင်းဖြစ်သည့် အင်တာနက် ဆက်သွယ်ရေးလိုင်းကို နအဖ စစ်အစိုးရက လကုန်ပိုင်းတွင် ဖြတ်တောက်ခဲ့ပြီး ယခုလဆန်းပိုင်း၌ ပွင့်ချီပိတ်ချီ အတန်တန် ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ၂၄ နာရီကြာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။

“ရပြီ။ မနေ့က စရတယ်။ မြို့ထဲက ကျနော့်ဆိုင်ကိုတော့ ပိတ်ထားသလို၊ တခြားဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်။ အင်တာနက် လာသုံးတဲ့ လူတွေလည်း အေးအေးဆေးဆေး သုံးလို့ ရပါတယ်။ အခုထိတော့ အေးဆေးတယ်လို့ ပြောရမှာပေါ့” ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

ယခုလို ပြန်လည် ဖွင့်ပေးလိုက်ခြင်းသည် တိုင်းပြည်အတွင်း အခြေအနေများ တည်ငြိမ်သွားပြီဟူသည့် သဘောကို နအဖ စစ်အစိုးရမှ ပြသလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူက ပြောဆိုသည်။

အင်တာနက် ကဖေးဆိုင်များတွင် သုံးစွဲသူများကို စောင့်ကြည့်ရန် အတွက် ရဲအိုင်တီ (ရဲနည်းပညာ) အဖွဲ့ကို စစ်အစိုးရက ဖွဲ့စည်းထားပြီး မသင်္ကာသည့် ဆိုင်များတွင် လာရောက် စောင့်ကြည့်ခြင်း၊ လာရောက် သုံးစွဲသူများ အနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက် စာမျက်နှာများအတွင်း ဝင်ရောက် ကြည့်ရှူပါက မှတ်သားထားနိုင်ရန်အတွက် ကွန်ပြူတာ Screen Shot နည်းပညာကိုလည်း အချို့ဆိုင်များတွင် ထည့်သွင်းထားသည်ဟု သိရသည်။

“သူတို့ ပြောထားတာကတော့ လုပ်ထားရမယ် ပြောတာပဲ။ ကျနော့် ဆိုင်မှာတော့ မလုပ်ထားပါဘူး။ လုပ်တဲ့ ဆိုင်တွေလည်း လုပ်ထားကြတယ်။ အခုထိတော့ မလုပ်ဘဲ နေလို့တော့ ရသေးတယ်ဗျ” ဟု အင်တာနက် ကဖေးပိုင်ရှင် လူငယ်က ဆက်ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေးလိုက်သလို၊ ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်ကပင် လုံခြုံရေး တင်းကျပ်ခဲ့သည့် ရန်ကုန်မြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ၁ နာရီကြာစီ လျှော့ချလိုက်ပြီး၊ လုံထိန်းများကို နေရာအနှံ့ မတွေ့ရသော်လည်း အရပ်ဝတ်နှင့် ထောက်လှမ်းရေးများက လူစည်ကားရာ နေရာများ၌ ရှိနေသေးကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။

“ကျမတို့ဘက်ကိုလည်း ညတိုင်း စစ်ကားတွေ လှည့်နေတာ ရှိသေးတယ်။ ၃ စီးလောက်လာပြီး နောက် ၁ နာရီလောက် ဆိုရင် ၅ စီးလာရင် လာသွားတယ်။ ညတိုင်းတော့ ပတ်နေတာပဲ။ တခုရှိသေးတာက စွမ်းအားရှင်တွေကိုလည်း စက်ဘီး တယောက်တစီး ဝေပေးထားတယ်တဲ့။ ညတိုင်း ၁၁ နာရီ ကျော်ပြီဆိုရင် လျှောက်ပတ်နေတာပဲ” ဟု လှိုင်သာယာမြို့နယ်မှ ကျောင်းသူတဦးက ပြောသည်။

နေ့ခင်းအချိန်များတွင် မြို့တွင်း၌ လုံခြုံရေး စောင့်ကျပ်မှုများ လျော့ပါးသွားသော်လည်း အာဏာပိုင်များက လူဖမ်းပွဲကို ဆက်လက် ကျင်းပနေဆဲ ဖြစ်ကြောင်းနှင့် ယခုလ ၁၁ ရက်နေ့ ညက လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် မြခွာညိုလမ်းမှ အနောက်ပိုင်း တက� သိုလ် ဓာတုဗေဒ ကျောင်းသား တဦးကိုလည်း နေအိမ်သို့ လာရောက်ရှာဖွေကာ ဖမ်းဆီး သွားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကိုရဲတံခွန်ကို ၁၁ ရက်၊ ၁ဝ လ မနက် ၃ နာရီလောက်မှာ အိမ်ထဲ ဝင်ဖမ်းသွားတယ်။ လာဖမ်းတဲ့ လူတွေက မယက ဥက� ဌ ခင်သိန်းမောင်။ ရယက အတွင်းရေးမှူး ကိုတင်စိုးနီနဲ့ အောင်ဆန်းဦး။ စအဖတွေ ပါတယ်။ အားလုံး ၈ ယောက်လောက် ရှိတယ်” ဟု သူက ပြောသည်။

ကိုရဲတံခွန် ဖမ်းဆီးခံရသည့် သတင်းနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီခြား အတည်ပြုချက် မရသေးပါ။

မြန်မာပြည်၏ ဒုတိယမြို့ကြီးတခုဖြစ်သော မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့ကဲ့သို့ လုံခြုံရေး စောင့်ကြပ်သူများကို လျှော့ချခြင်း၊ ပိတ်ထားသည့်လမ်းများ ပြန်ဖွင့်ပေးခြင်း လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု မန္တလေးမြို့ခံ တဦးကလည်း ပြောသည်။

“အခုအခြေအနေကတော့ ငြိမ်သွားပြီလို့ သူတို့ မတွက်ထားလောက်ဘူး။ သို့သော် သူတို့ဘက်က နိုင်နင်းသွားတဲ့ အနေအထား ရှိခဲ့တယ် ဆိုတော့ အခုအခြေအနေမှာ စစ်သားတွေ ဒီလောက်သုံးစရာ မလိုလို့ ခဏပြန် ဖြုတ်ထားတဲ့ သဘောပါပဲ။ ဗြုန်းခနဲ တခုခု ဖြစ်လာတယ်ဆိုရင် ပြန်ခေါ်လို့ရအောင် အဆင်သင့် လုပ်ထားမှာပဲ” ဟု သူက ပြောသည်။

ရွှေတိဂုံဘုရားတွင် လုံခြုံရေးများ သိသာစွာ လျှော့ချ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

သံဃာ၊ လူထု ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ယခင်လ နှောင်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကို လုံခြုံရေး တင်းကျပ် လာခဲ့ရာမှ ယနေ့နံနက်တွင် အာဏာပိုင်များမှ လုံခြုံရေးကို သိသာစွာ လျှော့ချလိုက်ပြီ ဖြစ်သည်။

ယမန်နေ့အထိ ရွှေတိဂုံ မြောက်ဘက်မုခ်တွင် မီးသတ်ကား ၄ စီး အမြဲတမ်း ရပ်နားခဲ့သလို၊ ဘုရားတွင်လည်း လုံခြုံရေး အစောင့်များ ချထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင်မူ ပြန်လည် ရုပ်သိမ်းသွားခြင်း ဖြစ်သည်။

“အရင်နေ့တွေမှာတော့ ဘုရားမှာ မီးသတ်ကား ၄၊ ၅ စီးလောက်တော့ အမြဲတမ်းလိုလို ရှိတယ်။ အခုတော့ ဒီနေ့မှာပေါ့၊ မရှိတော့ဘူး။ မတွေ့တော့ဘူး။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဘုရားပြန်ဖွင့်တယ်။ ခါတိုင်းနေ့တွေဆိုရင် ဘုရားအောက်မှာရော၊ အပေါက်မှာရော အစောင့်တွေ ရှိတယ်။ ဒီနေ့တော့ မရှိတော့ဘူး။ ဘုရား လာပြန်ဖူးတာတွေလည်း ရှိလာပြီ။ ပုံမှန်နီးပါး ပြန်ဖြစ်နေပါပြီ” ဟု ရွှေတိဂုံဘုရားအနီး ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ဘုရားမုခ်များကို ပြန်ဖွင့်ခဲ့သော်လည်း ဘုရားဖူး ပြည်သူများ အနေဖြင့် လာရောက်၍ ဘုရားဖူးခြင်း မရှိခဲ့ဘဲ၊ ယနေ့ နံနက်မှသာ ပြန်လည် ရောက်ရှိလာကာ အခြေအနေသည် ပုံမှန် အနေအထားသို့ ရောက်လာသည်ဟု သူက ဆက်ပြောသည်။

ဘုရားမုခ်ဝများ ပြန်လည်ဖွင့်ပြီး နောက်ပိုင်းတွင် ဘုရားအနီးရှိ ဆိုင်များနှင့် အိမ်များကိုလည်း လမ်းတိုးချဲ့ရန်အတွက် ဒေသ အာဏာပိုင်များမှ မြေတိုင်းတာခြင်း၊ အိမ်များကို ရွှေ့ပြောင်းပေးရမည်ဟု လာရောက် ခြိမ်းခြောက် ပြောဆိုခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“ကျနော် ထင်တာတော့ လူတွေ ရှေ့ဆက်ပြီး ရှေ့မတိုးရဲရအောင်ပေါ့နော်။ သူတို့ ခြိမ်းခြောက် နေတာပါပဲ။ မြေတွေ လာတိုင်းတာတွေတော့ ရှိတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှ လာလုပ်တာတော့ မရှိသေးပါဘူး” ဟု ဆိုင်ရှင်တဦးက ပြောပြသည်။

၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ်

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။

စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။

သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ်းဆီး ခံရပြီးနောက် ကိုဌေးကြွယ်မှာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ကိုဌေးကြွယ်မှာ နအဖက အသည်းအသန် လိုချင်နေသူ တဦးဖြစ်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုလှမျိုးနောင် အဖမ်းခံရပြီးနောက် ကိုဌေးကြွယ်အတွက် စိုးရိမ်ချက်များ ပိုမို ပေါ်ထွက်လာခဲ့သည်။ ကိုလှမျိုးနောင်မှာ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်သည်။

မကြာခင်က ဖြစ်ခဲ့သော ဖမ်းဆီးမှုများတွင် သင်္ချာဘာသာ အဓိက ကျောင်းသား ကိုရဲမြဟိန်းနှင့် ဥပဒေကျောင်းသူ မအေးမြတ်မြတ်တို့ကို ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့ရသည်။

မန္တလေး ဆေးကျောင်းမှ အလုပ်သင် ဆရာဝန် ကိုမင်းမင်းဦးနှင့် အခြား ဆေးကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချပြီး စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်း ဘဝသစ် စီမံကိန်း ရဲဘက်စခန်းများကို ပို့လိုက်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မန္တလေး တက� သိုလ်မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း အာဏာပိုင်များက သိထားသည့် ဆိုင်ကယ် နံပါတ်များနှင့် လိုက်လံ ဖမ်းဆီးလျှက် ရှိသည်။

အဖမ်းခံထားရသည့် ရဟန်းတော်များကို အင်းစိန် အကျဉ်းထောင်နှင့် စစ်ကြောရေး စခန်းများသို့ ပို့ဆောင်လျှက် ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂၁၆ ယောက် ရှိသွားပြီဟု အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်နော်အုံးလှကိုလည်း သူမနေထိုင်ရာ မှော်ဘီမြို့နယ်မှ တနှစ် အပြင်မထွက်ရဟု ပုဒ်မ ၅၂ စ/ဆ နှင့် တားမြစ်ထားသည်။