Saturday 13 October 2007

စိုးဝင်း တကယ်သေပြီ

အမ်အေအိုင်ကို အာမခံ မပေးတော့

မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်

လံကြုတ် ညီလာခံထောက်ခံပွဲများ ရန်ကုန်တွင် ကျင်းပမည်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ဒီပဲယင်း စိုးဝင်း သေပြီ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

ဒီပဲယင်း လက်သည်ဟု နာမည်ကျော်သော ရက်ရှည်လများ နာမကျန်း ဖြစ်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်းသည် ယနေ့တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ရင်း လူယုံ ဝန်ကြီးချုပ်သည် ၂ဝဝ၃ ခုနှစ်က ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ များကို ဒီပဲယင်းတွင် ခြုံခို တိုက်ခြင်းကို ကွပ်ကဲခဲ့သူ ဖြစ်ပြီး နောက်ပိုင်း ရာထူး တိုးလာခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင် အနည်းဆုံး လူ ၆ဝ ကျော် သေဆုံးခဲ့သည်။

သို့သော် သွေးကင်ဆာ ရောဂါ ခံစားခဲ့ရပြီး လများစွာ စင်္ကာပူတွင် ဆေးရုံတက် ကုသခဲ့ရပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က ပြန်ပို့ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံ အတွင်းလူနာခန်းတွင် တင်ထားခဲ့သည်။

ရောဂါ မတွေ့ရှိမီက ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်ချင်ခဲ့သော်လည်း ဗိုလ်ချုပ်သန်းရွှေက ဆက်လက် ခန့်ထား၍ နေခဲ့ရပြန်သည်။

အမ်အေအိုင်ကို အာမခံ မပေးတော့

မြန်မာ အဲယားဝေး အင်တာနေရှင်နယ်၏ ထိုင်းနှင့် မလေးရှားသို့ ပျံသန်းသည့် လေယာဉ် ခရီးစဉ်များကို ရပ်နား ထားရသည်မှာ လန်ဒန် အခြေစိုက် အာမခံ ကုမ္ပဏီက လျော်ကြေးပေးမည့် အစီအစဉ်ကို ရပ်နားထားလိုက်၍ ဖြစ်သည်ဟု လေကြောင်းလိုင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မကြာသေးခင်က မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့်” ဟု ကြေညာချက်တွင် ပါရှိသည်။

ရွှေတောင်ကျောင်းမှာ စစ်ကားတွေဝိုင်း

ပုဇွန်တောင်မြို့နယ် ရွှေတောင် ကျောင်းတိုက်သို့ စစ်တပ်က ရှာဖွေ စစ်ဆေးမှုများ လုပ်လျှက်ရှိပြီး စစ်ကား ၁ဝ စီးကျော်ပင် ကျောင်းဝင်းအတွင်း ရှိနေသည်။ အောက်တိုဘာ ၇ ရက်နေ့က ကျောင်းတိုက်တွင်း ရှာဖွေရာတွင် နိုင်ငံရေး စာရွက်စာတမ်းများ တွေ့၍ဟု စစ်တပ်က ပြောပြီး ကျောင်းတိုက်မှ သံဃာတော် တပါးကိုလည်း လိုက်လံ ရှာဖွေလျှက် ရှိသည်။ ကျောင်းတိုက်မှ ရဟန်းတော် ၂ ပါးကို အောက်တိုဘာ ၂ ရက်နေ့ညက တပ်မ ၇၇ က ဖမ်းဆီးခဲ့သည်။

ပေါက်ကွဲမှုဖြစ်တဲ့ မြဝတီ

“ဒီနေ့ ညနေ ၃း၄၅ နာရီလောက်မှာ တံတားနဲ့ သိပ်မဝေးဘူး၊ ကမ်းနားလမ်းမှာ ရှိတဲ့ တည်းခိုခန်း နားမှာပေါ့နော်၊ ကုန်သည်တွေ ပြောနေတာကတော့ ဗုံးပေါက်တယ်လို့ ပြောနေကြတယ်။ နောက်မှာ တချို့ကတော့ ဂက်စ်အိုး ပေါက်တယ်လို့ ပြန်ပြောနေကြတယ်။” ဟု မြဝတီ ဒေသခံ တဦးက ပြောသည်။

မဇ္ဈိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ရွှေပြည်သာက စက်ရုံတခု လူ ၅ဝ

ရန်ကုန်မြို့တွင် ပြုလုပ်မည့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် ရွှေပြည်သာရှိ စက်ရုံများသို့ လူ ၅ဝ လွှတ်ပေးရန်နှင့် မလိုက်နာပါက လိုင်စင် သိမ်းခံရမည်ဟု အာဏာပိုင်များက မှာကြားလိုက်ကြောင်း ရွှေပြည်သာမှ စက်ရုံတခုက ပြောသည်။

မနက်ဖြန် မနက် ၃ နာရီတွင် ကားနှင့်လာခေါ်မည်ဟု မှာကြားသွားသည်ဟု သိရသည်။


ဒီပဲယင်း စိုးဝင်း သေပြီ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

ဒီပဲယင်း လက်သည်ဟု နာမည်ကျော်သော ရက်ရှည်လများ နာမကျန်း ဖြစ်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်းသည် ယနေ့တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ရင်း လူယုံ ဝန်ကြီးချုပ်သည် ၂ဝဝ၃ ခုနှစ်က ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ များကို ဒီပဲယင်းတွင် ခြုံခို တိုက်ခြင်းကို ကွပ်ကဲခဲ့သူ ဖြစ်ပြီး နောက်ပိုင်း ရာထူး တိုးလာခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင် အနည်းဆုံး လူ ၆ဝ ကျော် သေဆုံးခဲ့သည်။

သို့သော် သွေးကင်ဆာ ရောဂါ ခံစားခဲ့ရပြီး လများစွာ စင်္ကာပူတွင် ဆေးရုံတက် ကုသခဲ့ရပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က ပြန်ပို့ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံ အတွင်းလူနာခန်းတွင် တင်ထားခဲ့သည်။

ရောဂါ မတွေ့ရှိမီက ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်ချင်ခဲ့သော်လည်း ဗိုလ်ချုပ်သန်းရွှေက ဆက်လက် ခန့်ထား၍ နေခဲ့ရပြန်သည်။

ညီလာခံထောက်ခံပွဲများနှင့် မွန်ပြည်သစ်ပါတီ ကင်းကင်းရှင်းရှင်းနေ

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာ စစ်အစိုးရမှ အမျိုးသားညီလာခံ ထောက်ခံပွဲ ပြုလုပ်နေသော်လည်း နအဖနှင့် အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ အနေဖြင့် ပါဝင် ပတ်သက်မှု မရှိဟုဆိုကာ ကင်းကင်းရှင်းရှင်း နေကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူတဦးက ယနေ့ ပြောဆိုလိုက်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အောက်တိုဘာ ၁ဝ ရက်နေ့က အမျိုးသား ညီလာခံ ထောက်ခံပွဲနှင့် လူထုဆန္ဒပြမှု ရှုတ်ချပွဲ ပြုလုပ်ရာ မွန်ပြည်သစ်ကို ဖိတ်ကြားပြီး ဟောပြောခိုင်းသော်လည်း ငြင်းဆန်ခဲ့သည်။ လူ ၅ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကိုတော့ စေလွှတ် နားထောင်ခဲ့သည်။

“ကျနော်တို့ အခု ညီလာခံ ကြိုဆို ထောက်ခံပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာက မွန်ပြည်သစ်ပါတီ အနေနဲ့ပေါ့နော် လေ့လာသူ ကိုယ်စားလှယ် အဖြစ်နဲ့ပဲ ဒီညီလာခံမှာ အဆုံးသတ်ခဲ့တယ် ဆိုတော့ ဒီကြိုဆို ထောက်ခံပွဲမှာ ပါဝင် ပတ်သက်မှု မရှိပါဘူး” ဟု မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင် ကျင်းပခဲ့ရာ ၁၄ နှစ်ကြာ ကျင်းပခဲ့ရာ ၂ဝဝ၆ ခုနှစ်မှစ၍ လေ့လာသူ အနေဖြင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

နိုင်အောင်မငေးက “တရားဝင် ကိုယ်စားလှယ် မဟုတ်တော့ ဒီညီလာခံမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောနိုင်ပါတယ်” ဟု ဆက်ပြောသည်။

ထောင်နှစ်ရှည်ကျ ၆ ဦး၏ မိသားစုဝင်များက ILO ကို အကူအညီတောင်း

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် လျော့ပေါ့ရေး အတွက် ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်ထားသည့် အိုင်အယ်အို ခေါ် ကမ္ဘာ့ အလုပ်သမား အဖွဲ့ကြီးမှ အကူအညီ ပေးရန် မိသားစုဝင်များက ယခုလ ၁ဝ ရက်နေ့ ကတည်းက တောင်းခံခဲ့ကြသည်။

မေလ ၁ ရက်၊ ကမ္ဘာ့ အလုပ်သမားနေ့က အမေရိကန် စင်တာတွင် ကျင်းပသည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လှိုင်သာယာမှ အလုပ်သမား ၆ ဦးကို အာဏာပိုင်များက တရားမဝင် အဖွဲ့အစည်း ဖွဲ့စည်းမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနှင့် အစိုးရကို အကြည်ညို ပျက်စေမှုတို့ဖြင့် စွပ်စွဲကာ စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာ စစ်အစိုးရက အင်းစိန် ထောင်အတွင်း၌ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်ကို လျှော့ပေါ့ လာစေရေးအတွက် သူတို့၏ မိသားစုဝင်များက အိုင်အယ်အိုထံ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုမျိုးမင်း၊ ကိုကျော်မင်း ကို ထောင်ဒဏ် ၂၈ နှစ်စီနှင့် ကိုကျော်ကျော်နှင့် နေနေဇော်ကိုမူ ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အလုပ်သမားအရေး လှုပ်ရှားသူ တဦး၏ မိသားစုဝင် တဦးက “ရန်ကုန်မှာရှိတဲ့ အိုင်အယ်အို အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ အိုင်အယ်အို ပြောတာက ကူညီမယ်တဲ့၊ ပြီးတော့ မြန်မာ အစိုးရကိုလည်း လာမယ့် နှစ်ပတ်အတွင်း တွေ့ဆုံ စကားပြောဖို့ အစီအစဉ် ရှိတယ်တဲ့” ဟု ပြောသည်။

အိုင်အယ်အို အရာရှိများက မိသားစုဝင်များကို အိုင်အယ်အိုရုံးနှင့် အဆက်အသွယ် ပြုလုပ်ရန် အခွင့်ပေးထားပြီး နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက် လည်ပတ်မည့် အစီအစဉ်လည်း ရှိသည်ဟု မိသားစုဝင်များက ပြောသည်။

တရားခံ အကျိုးဆောင် ရှေ့နေများ ဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့သည် ခရိုင် တရားရုံးသို့ အယူခံ ဝင်ရာ၌ အဆင်မပြေပါက တိုင်းတရားရုံးသို့ ဆက်သွားမည် ဖြစ်ကာ၊ လိုအပ်ပါက ဗဟို တရားရုံးအထိ တက်ရောက်သွားမည့် အစီအစဉ် ရှိကြောင်း ဦးအောင်သိန်းက ပြောပြသည်။

ကချင်လူထု အစည်းအဝေး ကေအိုင်အို က ခေါ်ယူသွားမည်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ စစ်အစိုးရ၏ အမျိုးသား ညီလာခံ၊ ရွေးကောက်ပွဲသစ်နှင့် ပတ်သက်၍ ကချင်လူထုကို ရှင်းလင်း တင်ပြရမည့် အစည်းအဝေး တရပ်ကို ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) မှ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ယခုလ စတုတ္ထပတ် အတွင်း ကျင်းပသွားမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲခဲ့သည့် နအဖ အမျိုးသား ညီလာခံနှင့် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲသစ်နှင့် ပတ်သက်၍ ကချင်လူထု ရှင်းလင်းပွဲ တရပ်ကို ယခုလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ကေအိုင်အို ထိပ်သီး ခေါင်းဆောင်များက ခေါ်ယူ ကျင်းပသွားမည့် အစီအစဉ် ဖြစ်သည်။

“ကျနော်တို့ (ကေအိုင်အို) က အမျိုးသား ညီလာခံ တက်ပြီးတိုင်း ဒီလိုပဲ လူထုနဲ့ လုပ်နေကျပါ။ သူတို့ကို ရှင်းပြမယ်၊ နားလည်အောင် ပြောတာပေါ့နော်။ ကျနော်တို့ ညီလာခံမှာ ဘာတွေ လုပ်တယ်၊ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတဲ့ အကြောင်းစုံပေါ့၊ တိုင်ပင် ဆွေးနွေးကြဖို့ပါ။ လူထုဘက်ကလည်း တိုင်ပင် ဆွေးနွေးချင်တဲ့ ကိစ္စတွေ ဆွေးနွေးသွားမှာပါ” ဟု အေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် လူထုဘက်မှ လူဦးရေ ၁ဝဝ အနည်းဆုံး ပါဝင်ရန် စီစဉ် ထားရှိပြီး၊ အနယ်နယ် အရပ်ရပ်မှ လူထု ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ ကချင်လူမျိုးစု ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူငယ်များလည်း ပါဝင် ဆွေးနွေးမည်ဟု သိရသည်။

စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် (အေအိုင်အို) ကို အမည်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်မည့် ကိစ္စများလည်း အစည်းအဝေးတွင် လူထုနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဗိုလ်မှူးက ပြောပြသည်။

“၂၅ ရက်နေ့အထိ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ အားလုံးကို အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ။ ကျနော်တို့မှာလည်း ညီလာခံနဲ့ ပတ်သက်ပြီး လူထုကို ရှင်းပြဖို့ တာဝန် ရှိတယ်လေ။ လူထုတွေရဲ့ ဆုံးဖြတ်ချက် လိုလားမှုတွေကိုလည်း သိမှ ကောင်းတယ်လေ။ ဒါမှ ကျနော်တို့ အနေနဲ့ပါ လုပ်တင့်တယ် ဆိုတာ ပါသိတာပေါ့” ဟု သူက ဆက်ပြီး ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့က မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် နအဖ ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်သော ကေအိုင်အို ကို ဆန္ဒပြသည့် ကချင် လူငယ်များနှင့် ပတ်သက်၍ ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူး ဂွမ်မော် က “ဒီနေ့ ကျနော်တို့ ကေအိုင်အိုနဲ့ လူငယ်တွေနဲ့၊ ဗဟို လူကြီးတွေနဲ့ တွေ့နေတယ်။ အဓိကကတော့ သူတို့ ဘာတွေလိုလဲ၊ လူငယ်တွေရဲ့ သဘောထားပေါ့။ သိဖို့ လိုတယ်လေ။ ဒါကြောင့် သူတို့ကို ခေါ်ပြီး တွေ့တာပါ။ လူငယ်တွေရဲ့ သဘောထားလည်း အရေးကြီးပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် နအဖ ညီလာခံထောက်ခံပွဲသို့ တက်ရောက်သော ကေအိုင်အို ကို အောက်တိုဘာလ ၆ ရက်နေ့တွင် ဆန္ဒပြသည့် ကချင်လူငယ်များနှင့် ပတ်သက်၍ ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူး ဂွမ်မော် က “ဒီနေ့ ကျနော်တို့ ကေအိုင်အိုနဲ့ လူငယ်တွေနဲ့၊ ဗဟို လူကြီးတွေနဲ့ တွေ့နေတယ်။ အဓိကကတော့ သူတို့ ဘာတွေလိုလဲ၊ လူငယ်တွေရဲ့ သဘောထားပေါ့။ သိဖို့ လိုတယ်လေ။ ဒါကြောင့် သူတို့ကို ခေါ်ပြီး တွေ့တာပါ။ လူငယ်တွေရဲ့ သဘောထားလည်း အရေးကြီးပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာပါ” ဟု ပြောသည်။

တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍ အမျိုးသား ညီလာခံတွင် ကေအိုင်အို ကိုယ်စားလှယ်များက တင်ပြခဲ့သော်လည်း စစ်အစိုးရမှ ထည့်သွင်း ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။

လံကြုတ် ညီလာခံထောက်ခံပွဲများ ရန်ကုန်တွင် ကျင်းပမည်

ဖနီဒါ (မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

ညီလာခံ ထောက်ခံပွဲနှင့် စစ်အစိုးရ ဆန့်ကျင်သည့် လူထု ဆန္ဒပြမှုများကို ရှုတ်ချပွဲများကို ပြုလုပ်ရန် ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက စီစဉ်လျှက်ရှိသည်။

မနက်ဖြန်တွင် ပြုလုပ်ဖွယ် ရှိသည့် ထောက်ခံပွဲ အတွက် သုဝဏ္ဏ အားကစားကွင်း အနီးတဝိုက် စစ်တပ်၊ ရဲများစွာ ချထားပြီး စစ်ကြောရေး ဂိတ်များကိုလည်း အသင့် ပြုလုပ်ထားသည်။

ဟန်ပြ ပြုလုပ်မည့် ထောက်ခံပွဲသို့ အစိုးရ ရုံးဝန်ထမ်းများ၊ အထက်တန်း ကျောင်းများနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ တက်ရောက်ရန် စီစဉ်ထားပြီး စစ်ဆေးမှု အဆင့်ဆင့် ပြုလုပ်ခံရမည် ဖြစ်သည်။

“ရွှေပြည်သာမှာ တရပ်ကွက်ကို ၅ဝ တက်ရမယ်လို့ ပြောတယ်။ မတက်ရင် လူငှားပေး၊ လူငှားခ ၃ဝဝဝ ပေးရမယ်လို့ ပြောတယ်။” ဟု ဒေသခံ တဦးက ပြောသည်။

မြောက်ဥက္ကလာပ မြို့နယ် နေသူတဦးက “ကျနော်တို့ ရပ်ကွက်ကတော့ သူ့ဘာသာသူ အဆင်ပြေအောင် လုပ်လိုက်တယ် ထင်တယ်ဗျာ။ ရယက က သူဟာသူ သွားကြမယ် ထင်တယ်။ နောက် ကြံ့ခိုင်ရေးရုံး ရှိတယ်။ ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်တွေဘဲ သွားကြမယ်လို့ ထင်တယ်။” ဟု ပြောသည်။

ရန်ကင်းမြို့နယ်နေသူ စည်ပင်သာယာ ဝန်ထမ်းများကို မလိုက်မနေရ လိုက်ရန်နှင့် မလိုက်နာသူများကို ရုံးက ပေးထားသည့် တိုက်ခန်းမှ ထွက်ခွာရမည်ဟု ဆိုကာ ခြိမ်းခြောက်ထားကြောင်း ဝန်ထမ်းတဦးက ပြောသည်။

ကျိုက္ကဆံကွင်း အတွင်းလည်း ထောက်ခံပွဲများ ပြုလုပ်မည်ဟု ကြံ့ခိုင် ဖွံ့ဖြိုးရေး ဦးဆောင်သူများက သတင်းလွှင့်ထားသည်။

သို့သော် “ဆန္ဒပြ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဖမ်းဆီး ထိန်းသိမ်းထားရာ စစ်ကြောရေး စခန်းများ ရှိနေ၍” မဖြစ်နိုင်ဟု အကဲခတ် တဦးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ညီလာခံ ထောက်ခံပွဲကို စစ်အစိုးရက ပြုလုပ်ရာ တက်ရောက် လာသူများက အခမ်းအနား အပိတ်ပွဲ တိုင်ကြားခိုင်းထားသော ကြွေးကျော်သံများ မအော်ဘဲ “ဒို့အရေး၊ ဒို့အရေး” အော်ဟစ်၍ စစ်အာဏာပိုင်တို့ မျက်လုံး ပြူးသွားခဲ့ရသည်။

ထို့နောက်ပိုင်း ကန့်ကွက် ဆန္ဒပြသည့် လုပ်ရပ်များ မဖြစ်ပေါ်ရန် တက်ရောက်မည့် လူများကို စီစစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြ အစစ်များကို သွေးမြေကျအောင် နှိမ်နင်းပြီး ဟန်ပြ ထောက်ခံပွဲများ လုပ်မည့်အပေါ် အထက်တန်းကျောင်း အချို့မှ ကျောင်းသားများက ထောက်ခံပွဲ လိုက်ပါရင်း ငြိမ်းချမ်းစွာဖြင့် ကန့်ကွက် ဆန္ဒပြမည် ဟူသော သတင်းများ ပေါ်ထွက်နေသည်။

အိန္ဒိယ နိုင်ငံသား ၅ဝဝဝ စစ်အစိုးရကို ရှုတ်ချ၊ အိန္ဒိယ အစိုးရအား ကြားဝင် ဆောင်ရွက်ရန် ပန်ကြား

မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

မကြာသေးမီက မြန်မာပြည်တွင် ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲများသည် အိန္ဒိယ နိုင်ငံသို့လည်း ဂယက် ရိုက်ခတ်ခဲ့သည်။ အိန္ဒိယ အရှေ့မြောက် ပြည်နယ် မဏိပူတွင် လူ ၅ဝဝဝ ခန့်က ကြာသပတေးနေ့တွင် လမ်းမများပေါ်သို့ ထွက်ဆန္ဒပြခဲ့ကြပြီး စစ်အစိုးရကို ရှုတ်ချခဲ့ကြပြီး အိန္ဒိယ အစိုးရကိုလည်း မြန်မာပြည် အရေးတွင် ကြားဝင် ဆောင်ရွက်ပေးရန်လည်း တောင်းဆို ခဲ့ကြသည်။

ဇိုမီး ကျောင်းသား သမဂ္ဂက ဦးစီး စီစဉ်သည့် ဆန္ဒပြပွဲတွင် မဏိပူပြည်နယ် ချုရာချန်ပူ မြို့မှ နိုင်ငံသားများ ပါဝင် ချီတက် ဆန္ဒပြခဲ့ကြပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများကို စစ်အစိုးရက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
'ဆန္ဒပြပွဲ အတွင်းနဲ့ ဆန္ဒပြပွဲ အပြီး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ သူအားလုံးကို စစ်အစိုးရ အနေနဲ့ ချက်ချင်း လွှတ်ပေးဘို့ ကျနော်တို့ တောင်းဆိုပါတယ်။ အိန္ဒိယ အစိုးရ အနေနဲ့လည်း အခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ မြန်မာပြည် ပြဿနာကို ဖြေရှင်းရာမှာ အတူတကွ ကြားဝင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်' ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

ဆန္ဒပြသူများသည် 'မြန်မာပြည် လွတ်လပ်ရေး' 'ဒေါ်အောင်ဆန်းကြည် လွှတ်ပေးရေး' 'နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး' စသော ပိုစတာများကို ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပြီး ဒေသခံ ရဲအရာရှိများကိုလည်း စာတစောင် ပေးအပ်ခဲ့သည်ဟု သိရသည်။

မြန်မာပြည်အတွင်း အပြောင်းအလဲများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားများ တိုးပွါး လာသည့်နောက် ယခု ဆန္ဒပြပွဲသည် အိန္ဒိယ-မြန်မာ နယ်စပ်ပြည်နယ် ဖြစ်သော မဏိပူတွင် အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ကလည်း ကမ္ဘာတဝှမ်းမှ လွှတ်တော် ကိုယ်စားလှယ်များက စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေသည့် အတွက် ပြစ်တင် ရှုတ်ချခဲ့ကြပြီး မြန်မာပြည်၏ အခြေအနေများ ပိုမို ဆိုးရွားလာခဲ့ပါက လက်နက် တင်ပို့မှု ပိတ်ဆို့ရေး အပါအဝင် ပိတ်ဆို့မှုများ ပိုမို မြှင့်တင်ရန် တောင်းဆို ခဲ့ကြသည်။

နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ ပါလီမန် အမတ် ၄ဝဝဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ပါလီမန် အမတ်များ သမဂ္ဂ IPU ကလည်း မြန်မာ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရ ဆက်လက် ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းနေခြင်း အတွက် အကြီးအကျယ် စိုးရိမ် ပူပန်မိကြောင်း ဗုဒ္ဓဟူးနေ့က အဆို တင်သွင်းခဲ့သေးသည်။

ပါလီမန် အမတ်များ အပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်နေသည့် အိုင်ပီယူ၏ လူ့အခွင့်အရေး ကော်မတီက မြန်မာ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံနေရသည့် မြန်မာ လွှတ်တော်အမတ် အနည်းဆုံး ၂၆ ဦး ရှိသည်ဟု မှတ်တမ်း တင်ထားသည်။ ထိုလွှတ်တော် အမတ်များ၏ ကျန်းမာရေး အတွက် စိုးရိမ် ပူပန်ကြောင်းနှင့် သူတို့ကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

စစ်အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အကြား အဆိုပြု ကမ်းလှမ်းထားသော ဆွေးနွေးပွဲများ အမှန်တကယ် တိုးတက်မှု ရှိလာသည် အထိ အဖွဲ့ဝင် ၁ဝ နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ရပ်ဆိုင်းထားရန်ကို အဆိုပါ အရေးပေါ် အဆိုက နိုင်ငံတကာ အသိုင်းအဝိုင်းအား တောင်းဆိုထားသည်။

ထိုအတောအတွင်း အမေရိကန် နိုင်ငံကလည်း ဗြိတိန်၊ ပြင်သစ်တို့နှင့် အတူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို လွန်ခဲ့သော သောကြာနေ့က ကြီးမှူး တင်သွင်းခဲ့သည်။ အဆိုပါ မူကြမ်းတွင် အကယ်၍ မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ၏ ကြားဝင် ဖြန်ဖြေမှုကို လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံတကာ ပိတ်ဆို့မှုများကို ပိုမို ပြုလုပ်ရန် တွန်းအား ပေးသွားရေး ပါရှိသည်။

သို့သော် မြန်မာ စစ်အစိုးရ၏ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပြီး ကာလရှည်ကြာ မဟာမိတ် ဖြစ်ခဲ့သည့် တရုတ်နိုင်ငံကမူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းပါ စာသားကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည်။ မြန်မာ စစ်အစိုးရသို့ ပေးပို့မည့် သတင်းစကားနှင့် စပ်လျဉ်း၍ လုံခြုံရေး ကောင်စီ၏ ၁၅ နိုင်ငံ အဖွဲ့ဝင်များ အတွင်း သဘောတူညီချက် မရသေးကြောင်း သိရသည်။

အမေရိကန်က ကြီးမှူး တင်သွင်းသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်နှင့်ရုရှက ယခုနှစ် ဇန်နဝါ ရီလက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် တက်ကြွ လှုပ်ရှားသူများနှင့် စည်းရုံး လှုံ့ဆော်သူများက ပီကင်းတွင် ၂ဝဝ၈ ခုနှစ် ကျင်းပမည့် အိုလံပစ်ပွဲကို သပိတ်မှောက်ရန် ဦးတည် ကြိုးပမ်းနေကြသည်။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း မြန်မာ စစ်အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးမှုများ စတင်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသို့ တက်လှမ်းနိုင်ရေး အတွက် မိမိ၏ သြဇာ အရှိန်အဝါကို အသုံးချကာ မြန်မာ စစ်အစိုးရကို ဖိအားပေးပါရန် ကမ္ဘာ့ ခေါင်းဆောင်ဟောင်း ၂၁ ဦးက တရုတ် အစိုးရကို တောင်းဆိုခဲ့သည်။

အဆိုပါ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများက တရုတ်သမတ ဟူကျင်းတောင် သို့ ပေးပို့ခဲ့သော အိတ်ဖွင့် ပေးစာတွင် ယင်း၏ မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်ရန်နှင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် တောင်းဆိုနေမှုများကို ထောက်ခံပါရန် တရုတ် အစိုးရအား တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံကို လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူရေးနှင့် နိုင်ငံစုံ အကျိုးတူ နိုင်ငံရေးအရ ကြိုးပမ်းမှုများကို ပိုမို ခိုင်မာ အင်အား တောင့်တင်းရေး အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ငြိမ်းချမ်းပြီး စည်းနှောင်မှု ရှိသည့် (မလိုက်နာ မနေရသည့်) ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ရေး သဘော တူညီချက် ရရှိရန် ဆောင်ရွက်မှုများကို တရုတ်အစိုးရ အနေဖြင့် ထောက်ခံပါရန်လည်း အဆိုပါ သမတဟောင်းများနှင့် ဝန်ကြီးချုပ်ဟောင်းများက တရုတ်အစိုးရ ကို တိုက်တွန်း ပြောကြားခဲ့သည်။

အော်ပီကျယ် ကာတွန်းများ ဖတ်ခွင့်မရပြန်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဆန္ဒပြ သံဃာတော်များကို ဆွမ်းကပ်လှူရာတွင် ပါဝင်ခဲ့၍ နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်၏ ရုပ်ပြောင် ကာတွန်းများကို ပုံနှိပ် ဖြန့်ချိခွင့်ကို စစ်အစိုးရက ပိတ်ပင် လိုက်ပြန်သည်။

“သူ့ကလောင် နာမည်ကို ဆင်ဆာအဖွဲ့က ခွင့်မပြုတော့ဘူးလို့ ဂျာနယ်တိုက်တွေက အကြောင်းကြားလို့ သိရတာပါ။ သူ့ဆီကိုယ်တိုင် လာအကြောင်းကြားတာတော့ မရှိပါဘူး” ဟု ကာတွန်းဆရာ အော်ပီကျယ်၏ ဇနီးက မဇ္ဈိမကို ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးက ထုံးစံအတိုင်းပင် အကြောင်းပြချက်လည်း ထုတ်ပြန်ခြင်း မရှိပေ။

အော်ပီကျယ်သည် စက်တင်ဘာလတွင်းက ရွှေတိဂုံဘုရား၌ ဆန္ဒပြ သံဃာတော်များအား အမျိုးသားရေး ဦးဝင်းနိုင် ဦးဆောင်၍ ဆွမ်းကျွေးရာတွင် အခြား အနုပညာရှင်များနှင့် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သောကြောင့် ပိတ်ပင်ခြင်း ဖြစ်သည်ဟု စာပေ အသိုင်းအဝိုင်းက ယုံကြည်ကြသည်။ ဆွမ်းကျွေးရာတွင် ပါဝင်သူ အချို့လည်း အဖမ်းခံထားရသည်။

‘စာပေ ကင်ပေတိုင်’ ဟု မီဒီယာများက ဘွဲ့ပေးထားသည့် ဆင်ဆာဘုတ် အဖွဲ့သည် အာဏာပိုင်များကို ဝေဖန် ဆန့်ကျင်သူဟု ယူဆလျှင် စိတ်ကြိုက် တားမြစ်လေ့ ရှိသည်။ အော်ပီကျယ် အတွက်မူ ဆင်ဆာက ပိတ်ဆို့ ဖြတ်တောက်ခြင်းမှာ မထူးဆန်းသည့် အရာတခုပင် ဖြစ်သည်။

“သူကတော့ အရင်ကတည်းက ခဏခဏ ဆင်ဆာ ထိနေတဲ့လူ ဆိုတော့ ဒီတခေါက် ပြန်ထိတာက သိပ်ကြီး မဖြစ်ပါဘူး။ ပြန်ဆွဲခွင့် ရတဲ့အခါ ဆွဲတော့လည်း (ဆင်ဆာဘုတ်က) ဒီပုံကတော့ ဘာဖြစ်တယ်။ ဒီစာကတော့ ဘာဖြစ်တယ်နဲ့ ပြန်ပြန် ထိဖူးပြန်တယ်” ဟု သူမက ပြောသည်။

အော်ပီကျယ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့် ကတည်းက မဂ္ဂဇင်းများတွင် ကာတွန်းများ ရေးဆွဲခဲ့သူ ဖြစ်သည်။

စစ်အစိုးရက ညမထွက်ရ အမိန့်နှင့် လူမစုဝေးရ အမိန့်ကို ပြန်လည်ရုပ်သိမ်းဘွယ်ရှိနေခြင်း

မုံးပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာစစ်အစိုးရ ထိပ်တန်း အရာရှိကြီးများလည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၂ မြို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်းသင့်မသင့် ခေါင်းချင်းရိုက် တိုင်ပင်လျက် ရှိသည်ဟု ရန်ကုန်ရှိ သတင်း ရပ်ကွက်များက ဆိုသည်။

'ညမထွက်ရ အမိန့် ကာဖျူးက ခုထိ ပြန်မရုပ်သိမ်း ရသေးဘူးဗျ၊ ဒါပေမဲ့ ပြန်ရုပ်သိမ်းဘို့တော့ စဉ်းစားနေတယ်လို့ သိရတယ်' ဟု အမည် မဖေါ်လိုသူ ရဲအရာရှိ တဦးက မဇ္ဈိမသို့ ပြောသည်။

ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပို၍ မစုဝေးရ ဆိုသော အမိန့်များကို ရုပ်သိမ်းရန် စဉ်းစားရခြင်းမှာ မကြာမီကျ ရောက်တော့မည့် သီတင်းကျွတ် မီးထွန်းပွဲတော်ကြောင့် ဖြစ်ဘွယ်ရှိသည်ဟု အဆိုပါ အရာရှိကပင် ဆက်လက် ပြောကြား ခဲ့ပါသည်။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများဆုံး နေထိုင်သော မြန်မာပြည်တွင် အကြီးဆုံးသော ဘာသာရေး ပွဲတော်တခု ဖြစ်သည်။ ထိုပွဲတော်သည် အောက်တိုဘာ ၂၅ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

သို့သော် မည်သည့် အကြောင်းကြောင့် ရုပ်သိမ်းမည် ဆိုသည်မှာမူ ယခုအထိ သဲကွဲခြင်း မရှိသေးဟုလည်း ဆိုသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးနေစဉ် အတွင်း ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပိုမစုဝေးရ အမိန့်များကို စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တားဆီး ကန့်သတ်မိန့်များ ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်အစိုးရက ဆန္ဒပြသူများကို အကြမ်းဘက် နှိမ်နင်းခဲ့သည်။ လူပေါင်းများစွာ အဖမ်းခံခဲ့ရသည်၊ သေဆုံးခဲ့ရသည်။ ယင်းနောက် ညသန်းခေါင်ယံ ဘုန်းကြီးကျောင်းများ နှင့် တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်များကို ဝင်စီးခြင်းစသည့် နှိမ်နင်းရေး လုပ်ငန်းများကိုဆက်လက် လုပ်ဆောင်ခဲ့သည်၊

စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များ အရ ဆန္ဒပြပွဲများအတွင်း လူ ၁ဝ ဦး သေဆုံးပြီး လူ ၂ဝဝဝ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံများ နှင့် သံတမန်များကမူ ထိုကိန်းဂဏန်းများထက် အများကြီး ပိုဘွယ်ရှိသည်ဟု ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်အား အသစ်တဖန် နှိမ်နင်းမှုများ ထပ်မံ ပြုလုပ်နေသည့် ရက်သတ္တပတ် အတွင်း စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ၏ အထူး သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သွားရောက် လည်ပတ်ခဲ့သည်။ စစ်အစိုးရကို ကန့်သတ်မှုများ ချက်ချင်း ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့သည်။

'ခုတော့ အခြေအနေတွေက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဗျာ၊ ခုအချိန် ကန့်သတ်မှုတွေကို ရုပ်သိမ်းဘို့ သင့်ပြီလို့ အစိုးရကလဲ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်' ဟု အထက်ပါ အရာရှိကပင် ဆက်လက်ပြောဆိုခဲ့ပါသည်။

ကမ္ဘာ့တပ် ဝင်ရောက်ရေး မြန်မာအချို့ မျှော်လင့်နေကြ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ စေလွှတ်စေလိုသည့် စိတ်ဆန္ဒများ ပြည်သူအချို့ အကြား ဖြစ်ပေါ်နေသည်ဟု ရန်ကုန် ဒေသခံများက ပြောကြသည်။

မကြာသေးခင်က မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများ၏ ဆန္ဒပြပွဲများကို နအဖ စစ်အာဏာပိုင်များ ဘက်က အကြမ်းဖက် နှိပ်ကွပ်မှုများကြောင့် ပြည်သူများ အကြားတွင် ခိုကိုးရာမဲ့ နေသည့် အခြေအနေများကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ကြီးကို အားကိုးတကြီး မျှော်လင့်နေကြသည်ဟု ဆိုသည်။

“ပြည်သူတွေက မြက်တပင်ပဲရရ အားကိုးစရာ ရှာနေကြတာကိုး။ အမေကျော် ဒွေးတော် လွမ်းတယ်ပဲ ပြောပြော ဒီမှာ အားကိုးစရာ မရှိတော့ အားကိုးစရာ ရှာကြတဲ့ သဘောပဲပေါ့ဗျာ။ အမှန်ကတော့ ဘယ်သူမှ သူတို့ကို အန်တုနိုင်မှာ မဟုတ်တဲ့အခါ အန်ပြန်တုနိုင်မယ့် လူတွေ၊ ပြည်သူတွေက မျှော်လင့်နေကြပဲပေါ့။ အမေက တအားဆိုးနေတော့ ဒွေးတော်ကမှ တော်ရင် တော်နိုင်အုံးမယ်လို့ စဉ်းစားမိကြတာပေါ့။ အဖေ ခေါ်ရလည်း ခေါ်ရပေါ့လေ။ အဲလို ဖြစ်ကုန်ကြတာပေါ့” ဟု ရန်ကုန်မြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာ အမျိုးသမီးတဦးကလည်း “ကျမတို့ ဖြစ်စေချင်တာကတော့ ကမ္ဘာ့ ငြိမ်းချမ်းရေးတပ်က ပြည်တွင်းထဲကိုလာပြီး ဆန္ဒပြ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လာစောင့်ကြည့်ပေးရင် ဆိုတာပါပဲ။ သူတို့က လာပြီး နအဖ စစ်အစိုးရကြီးကို လာတိုက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ ရောက်လာမယ်ဆိုရင် ပြည်သူတွေက အေးအေးဆေးဆေး ဆန္ဒပြနိုင်မယ်။ မဟုတ်ရင် ဟိုလူတွေ (နအဖ စစ်တပ်) က သေနတ်တွေနဲ့၊ ပြည်သူတွေက လက်နက်မဲ့။ ဘယ်လောက် ခံနိုင်မလဲ။ လူတွေလည်း တော်တော် သေကုန်နေကြပြီ” ဟု ပြောသည်။

မန္တလေးမြို့တွင်လည်း ကုလကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက ကုလတပ်ဖွဲ့ကြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ကာ ထိန်းသိမ်း ဆောင်ရွက်ပေးပြီး ပြည်သူများကို ကူညီနိုင်လိမ့်မည်ဟု သာမာန် ပြည်သူအများက မျှော်လင့် နေကြကြောင်း သွားရောက် လေ့လာခဲ့သူ တဦးက မဇ္ဈိမ သို့ ပြောသည်။

ဥရောပ-မြန်မာရုံးမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဟန်ယောင်ဟွေက နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး စေလွှတ်ရေးဟူသည် ဖြစ်တန်ချေ မရှိဘဲ ပထမ အချက်အနေဖြင့် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ရယူရမည် ဖြစ်ကာ ဒုတိယ အနေဖြင့် လုံခြုံရေး ကောင်စီက စစ်တပ်ပို့မည် ဆိုလျှင် လက်ရှိ အစိုးရမှ လက်ခံမည် မဟုတ်သဖြင့် မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်နေပါက မှားလိမ့်မည်ဟု ပြောသည်။

သူက ဆက်ပြီး “နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် နအဖက အခု ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပြီး စကားပြောနေကြပြီ။ ဒီအခွင့်အရေးကို ဒေါ်စုအနေနဲ့ ကောင်းကောင်း အသုံးချရမယ်။ ကျနော့်အမြင် ပြောရရင် ဒေါ်စုအနေနဲ့ နိုင်ငံရေး ကိစ္စကိုပဲ အတင်းဆွဲသွားတဲ့ ပုံစံမျိုး မလုပ်သင့်ဘူး။ လူထု တကယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အရင်ဆွေးနွေးပြီး ဖြေရှင်းပေးရမှာ။ ပြဿနာတွေ ပြေလည်တဲ့အခါ နအဖ က ဒေါ်စုနဲ့ လက်တွဲလို့ ပြဿနာတွေ ပြေလည်တယ်ဆိုတဲ့ အမြင်လေးတွေ ရလာမယ်။ ဘာလို့လဲဆိုတော့ ဒေါ်စုကို နအဖ က သူတို့အာဏာ လုမယ့်လူလို့လည်း မှတ်နေတာလေ” ဟု ပြောသည်။

ကျောက်ခဲ ထောင်ဒဏ် ၂ နှစ်ကျခံရ

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ခေါင်းဆောင်ကို ဆန့်ကျင်စကား ပြောဆိုမှုနှင့် ဗုဒ္ဓသာသနာ ထွန်းတောက်စေရန် ဟောပြောသူ စစ်ကိုင်းတိုင်း အောင်လံမြို့နယ်ရှိ အန်အယ်ဒီ အဖွဲ့ဝင် တဦးကို မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်သည်။

ကိုကျောက်ခဲကို (ခ) ကိုအောင်ဆန်းဦးသည် ပြီးခဲ့သည့်လ ၂၉ ရက်နေ့ ညက အိမ်အနီးရှိ စားသောက်ဆိုင် တဆိုင်တွင် ဂြိုလ်တု စလောင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် သံဃာနှင့် ပြည်သူ ဆန္ဒပြပွဲများကို နအဖ မှ အကြမ်းဖက် နှိမ်နှင်းသည့် သတင်းကို ကြည့်ပြီး မကျေမချမ်း ဖြစ်ကာ “ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းတောက်ပါစေ” ဟု ကြွေးကျော်ပြီး အစိုးရ ဆန့်ကျင်ရေး စကားများ ပြောကြားခဲ့ရာ ရဲများက ဖမ်းဆီး၍ တရားလို လုပ်ကာ ရုံးတင် စစ်ဆေးလာရာမှာ ယခုအခါ ပုဒ်မ ၅ဝ၅ (ခ) အရ နိုင်ငံတော်ကို အကြည်ညို ပျက်စေရန် ပြုလုပ်သည်ဟု ဆိုကာ မြို့နယ် တရားသူကြီး ဦးမြင့်ဆွေက ထောင်ဒဏ် ၂ နှစ် ချလိုက်ခြင်း ဖြစ်သည်။

“ရုံးတော်က ဘယ်လို သုံးသပ်သလဲ ဆိုတော့ မြို့ပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ စာရေးခဲ့တယ်။ နောက်တချက် သံဃာတော်များ ၂၄ ရက်နေ့က ပတ္တနိကုဇ္ဇန ကံဆောင်တာကို ထောက်ခံပြီး စီတန်း လှည့်လည်မှုမှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။ နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့ စကားတွေကိုလည်း ဆိုခဲ့တယ်။ ဒီအချက်အလက်တွေကို သုံးသပ်ပြီးတော့ ဒါဟာ အစိုးရကို ဆန့်ကျင်တယ်လို့ ရုံးတော်က ဆုံးဖြတ်တယ်” ဟု တရားရုံးသို့ သွားရောက် ကြည့်ရှုသူ ဒေသခံ တဦးက ပြောသည်။

တရားလိုအဖြစ် မြို့မ ရဲစခန်းမှူး ဦးကျော်ရွှေဝင်းက ရုံးတော်တွင် သတင်းပေး တိုင်ကြားချက်ကို သက်သေခံကာ၊ ဒုတိယ သက်သေအဖြစ် အောင်လံမြို့နယ် နယ်ထိန်း ကြီးကြပ်ရေးမှူး ဒုရဲအုပ် ကျော်ထူးက အစစ်ဆေးခံပြီး နောက်ပိုင်းတွင် သယော်ကုန်း ရယက လူကြီးများလည်း စစ်ဆေးခံခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “ပတ္တနိကုဇ္ဇန ကံဆောင်တာကို ထောက်ခံပြီး စီတန်း လှည့်လည်နေတဲ့ ရဟန်း သံဃာတွေနဲ့ ပြည်သူလူထု၊ ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက် သွေးထွက်သံယို ဖြစ်အောင် လုပ်တာနဲ့ ပတ်သက်ပြီးတော့ လူတိုင်းမှာ ခံစားချက်တွေ ရှိကြမှာပဲ။ ခံစားချက်တွေရှိတဲ့ နေရာမှာ ပေါက်ကွဲတတ်တဲ့ လူက ပေါက်ကွဲသွားတာပဲ” ဟု ပြောသည်။

မြို့နယ် အန်အယ်ဒီက စာပေ၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲ တရပ် ကျင်းပရာတွင် ကိုလိုနီ နယ်ချဲ့ လက်အောက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းက အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ် ရေးထိုးနေပုံကို ပြိုင်ပွဲဝင်ရာတွင် ဆုရရှိခြင်း မရှိသော်လည်း နိုင်ငံခြားသားတဦးက ဒေါ်လာ ၂ဝဝ ဖြင့် ပေးဝယ်သွားပြီးနောက် ရောင်းချငွေကို အန်အယ်ဒီ (ဗဟို) သို့ ရန်ပုံငွေအဖြစ် ပေးလှူခဲ့သူ ဖြစ်သည်။

ဆန္ဒပြသူ ၄၅ ဦး သရက်ထောင်သို့ပို့

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်က ဖမ်းဆီး ခံရသူများ အနက် ၄၅ ဦးကို ယမန်နေ့က သရက်ထောင်သို့ ဆက်လက် ပို့ဆောင်လိုက်ကြောင်း မျက်မြင် သက်သေများက ပြောသည်။

ရဲဝန်ထမ်း ၂ဝ ခန့် စောင့်ကြပ် လိုက်ပါလာသည့် ဖမ်းဆီးခံ သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ၂၉ ဦး ကို အောင်လံ-သရက် မော်တော်ဆိပ်မှတဆင့် သရက်မြို့သို့ စက်လှေများဖြင့် ဗုဒ္ဓဟူးနေ့ နံနက်က ပို့ဆောင်ခဲ့သလို ၁၆ ဦးပါ နောက်တသုတ်ကိုလည်း ညဘက်တွင် ဆက်လက် ပို့ဆောင်ခဲ့သည်။

“ရဟန်း သံဃာလို့ ယူဆရတဲ့ ကတုံးတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့က လူဝတ်တွေပဲ။ အမျိုးသမီးလည်း ပါတယ်။ သူတို့ကို ဇက်နဲ့ တိုက်ရိုက်ပို့တာ မဟုတ်ဘူး။ စစ်လှေဘုတ်ပေါ့နော်။ ဒါတွေနဲ့ ပို့လိုက်တာ။ ဘတ်စ်ကား တစီးက မင်းဘူး-အန်း ဆိုပြီး ရေးထားတယ်။ အဲဒီ ကားတွေမှာ လုံခြုံရေး အပြည့်ပါတယ်။ သူတို့က ရဲယူနီဖောင်း အပြည့်အစုံနဲ့ ပါလာတယ်” ဟု မျက်မြင် သက်သေ တဦးက ပြောသည်။

ညဘက် ပို့လိုက်သည့် အသုတ်တွင် မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ကျောက်ပန်းတောင်းဘက် ဆန္ဒပြပွဲများတွင် ပါဝင်၍ ဖမ်းဆီး ခံခဲ့ရသူများ ဖြစ်သည်။

သရက်ထောင်တွင် ထောင်ဖွင့်ချိန် နံနက် ၅ နာရီနှင့် ထောင်ပိတ်ချိန်အဖြစ် ညနေ ၆ နာရီကြားတွင် သတ်မှတ် ထားသော်လည်း ယခုအခါ ခရိုင် ခယက ဥက္ကဌ အမိန့်ဖြင့် အချုပ်သား၊ အကျဉ်းသားများ လာရောက် ပေးပို့သည်ကို အချိန်မရွေး လက်ခံရမည်ဟု အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရသည်။

ကျော်သူ ပါဝင်သရုပ်ဆောင်သည့် “အကြွင်းမဲ့လုံခြုံရာ” ဖြန့်ချိခွင့် မရ

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူ ပါဝင်ခဲ့သည့် 'အကြွင်းမဲ့ လုံခြုံရာ' အမည်ရှိ အိပ်ခ်ျအိုင်ဗီ ပညာပေး ဗီဒီယို ဇာတ်လမ်းကို ဖြန့်ချိခွင့်ကို ဗီဒီယို ဆင်ဆာဘုတ်က ဆိုင်းငံ့ထားသည်။

ကျော်သူက ခေါင်းဆောင် မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သော ၄၅ မိနစ်ကြာ ဗီဒီယို ဇာတ်လမ်းကို ဖြန့်ချိခွင့်ကို ယခုလ ၈ ရက်နေ့က PSI Myanmar ထုတ်လုပ်ရေး တာဝန်ခံက တောင်းခံရာ ပြသခွင့် မပြုကြောင်း ဆင်ဆာဘုတ်က အကြောင်းပြန်ခဲ့သည်။

“ကျမကလည်း ဒီကားထုတ်ကို ရ၊ မရ သေချာအောင်လို့ မေးလိုက်တာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီ ကားထုတ်ကလေးမှာ ကိုကျော်သူက ခေါင်းဆောင် မင်းသားအဖြစ်နဲ့ ပါထားပြီးတော့လေ။ ကျမတို့လည်း ဆင်ဆာ လက်မှတ် (Certificate) နဲ့ဆိုတော့ ကိုယ်ပြချင်တဲ့ နေရာမှာလည်း ပြမရဆိုတော့ ထုတ်ဝေ ဖြန့်ချိနိုင်မှု ရှိ၊ မရှိ တချက် မေးကြည့်တာပါ။ အဲဒီမှာ သူတို့က နေပြီးတော့မှ မပြပါနဲ့ ဆိုတာကို ပြောလိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ မသိဘူး” ဟု PSI မှ ဒေါ်ဆွေဇင်ထိုက်က မဇ္ဈိမကို ပြောသည်။

ဗီဒီယို ဆင်ဆာဘုတ်သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ “ခတ္တခဏ ရပ်ဆိုင်းထားပါတယ်” ဟု တာဝန်ရှိသူ တဦးက ပြောသည်။

'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်ကားတွင် မင်းသားကျော်သူက ရွှေ့ပြောင်း လှေလုပ်သား အိမ်ထောင်သည်တဦး ဖြစ်ပြီး ကာရာအိုကေ ဆိုင်တခုမှ အဆိုတော် မိန်းကလေး တဦးနှင့် ထပ်မံ ညိစွန်းရာမှ အမျိုးသမီးတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပုံကို ကျန်းမာရေး ပညာပေးအဖြစ် ရိုက်ကူး တင်ဆက်ထားသည်။

ကျော်သူနှင့်အတူ ရတနာခင်၊ အိုင်းရစ်လေပြေဦး၊ သူထူးစံတို့ ပူးတွဲ သရုပ်ဆောင်ထားသည့် ဇာတ်လမ်းခွေကို ဧရာဝတီ မြစ်ရိုးတလျှောက် စုန်ချီဆန်ချီ သွားလာနေရသည့် လှေလုပ်သားများကို ပြသရန် ၂ဝဝ၂ ခုနှစ်တွင် PSI Myanmar ခေါ် အစိုးရ မဟုတ်သော လူမှု အကူအညီ ပေးရေး အဖွဲ့အစည်းက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့က အမျိုးသားရေး ဦးဝင်းနိုင်၏ ရွှေတိဂုံ ဘုရားတွင် သံဃာတော်များကို ဆွမ်းနှင့် ရေကပ်လှူရာတွင် ကျော်သူသည် အခြားသော ရုပ်ရှင် အနုပညာရှင် စာရေးဆရာများနှင့် အတူ ပါဝင်ခဲ့သည်။ ဦးဝင်းနိုင်နှင့် ဟာသ သရုပ်ဆောင် ဇာဂနာတို့ကို နောက်တရက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် အဖမ်းမခံဘဲ တိမ်းရှောင်နေခဲ့သည်။

နာရေး ကူညီမှုအသင်း၏ ဦးဆောင်သူ လူအများ ချစ်ခင်သည့် မင်းသားကျော်သူနှင့် ဇနီးသည် ဒေါ်ရွှေဇီးကွက်ကို အာဏာပိုင်များက ရန်ကုန်မြို့ တနေရာမှ ဖမ်းဆီး ရမိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။