Tuesday 9 October 2007

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းများ တက်တာရှိသလို၊ ကျသွားတာလည်းရှိ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့မှုများ နောက်ပိုင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက် တက်မှုများ ရှိသလို ကျဆင်း သွားမှုများလည်း ဖြစ်ပေါ်လာသည်။

ဆန်၊ ဆီ၊ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်ဆဲ ဖြစ်သလို မြန်မာကျပ်ငွေဈေးလည်း ထပ်မံ ကျသွားသည်။

“ပေါ်ဆန်မွှေး ၁ ပြည်ကို အခုလက်ရှိမှာ ၁၂ဝဝ ကျပ် ပေးရတယ်။ အရင်ရက်ပိုင်းက ၁ဝဝဝ ကျပ်လောက်ပဲ ရှိတယ်။ ဆီ (ပဲဆီစစ်စစ်) ကို ဆန္ဒပြပွဲ မတိုင်ခင်တုန်းက တပိဿာ ၄ဝဝဝ ကျပ်၊ အခု ရက်ပိုင်းတော့ ၄၂ဝဝ ကျပ်၊ ကြက်ဥကလည်း အရင်က ၁ဝ လုံးကို ၁၁ဝဝ ကျပ်၊ ဒီနေ့ ဝယ်တာတော့ ၁ဝ လုံးကိုပဲ ၁၂ဝဝ ကျပ်ပေးရတယ်” လမ်းမတော် မြို့နယ် နေသူတဦးက ပြောသည်။

ဘတ်စ်ကားခများနှင့်ပတ်သက်၍ တာမွေ မြို့ခံတဦးက “မြို့ထဲကနေ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်ကို ကားငှားဈေးက ၄ဝဝဝ ကနေ ကျပ် ၅ဝဝဝ ကြားမှာ ရှိနေတယ်။ ဒါကတော့ ဓာတ်ဆီဈေးတွေ တက်ပြီး ဒီထက် နည်းနည်း တက်သေးတယ်။ အခုနောက်ပိုင်းတော့ ဒီဈေးက ပုံမှန်ပါပဲ။ တာမွေကနေ ဆူးလေကို ဘတ်စ်ကားခ ဈေးကတော့ ဇေယျာမင်းကားတွေ၊ ၄၃ အဖြူတွေ ဆိုရင် ၅ဝ ကျပ၊် အဓိပတိ ကားတွေကတော့ ထိုင်ခုံ ထိုင်ရတဲ့ ကားပေါ့၊ မှတ်တိုင်တွေမှာ သိပ်မစောင့်တဲ့ ကားပေါ့ ၁ဝဝ ပေးရတယ်။” ဟု ပြောသည်။

မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာ လဲလှယ်ရာတွင် အမေရိကန် တဒေါ်လာလျှင် ၁၃၅ဝ-၁၄ဝဝ ကျပ်ဈေး ပေါက်သည်။ သြဂုတ်လ အတွင်းက ၁၃ဝဝ ကျပ် အောက်တွင်သာ ရှိသည်။ အက်ဖ်အီးစီကတော့ တဒေါ်လာလျှင် ၁၂ဝဝ ကျပ် ဈေးပေါက်သည်။

သို့သော်လည်း ရွှေထည်ပစ္စည်း၊ သားငါးဈေးနှင့် ဆေးလိပ်ဈေး အချို့ ကျဆင်းသွားခဲ့သည်။

ဆန္ဒပြပွဲ မတိုင်ခင်က ရွှေ တကျပ်သားသည် ၅ သိန်း ၄ သောင်း ၅ ထောင် ရှိခဲ့ရာမှ ယခုအခါတွင် ၅ သိန်း ၂ သောင်းအထိ ကျဆင်းသွားသည်။

လူသောက်အများဆုံး ဆေးလိပ်ဖြစ်သည့် ဗီးဂတ်စ်သည် ယခင်က ၁ဝ ဗူးဝင် တထောင့်လျှင် ၆၅ဝဝ ကျပ်မှ ၅၅ဝဝ ကျပ်အထိ ကျသွားကာ၊ ပဲဆီစစ်စစ် ဈေးက တပိဿာ ဗူး တဗူးလျှင် ယခင်က ၄၂ဝဝ ကျပ်မှ အောက်တိုဘာလမှ စတင်၍ ၃၈၈ဝ ကျပ်အထိ ကျဆင်းခဲ့သည်။

ကြက်သားဈေးမှာမူ ယခင်က ၄ဝဝဝ ကျပ်မှ ၃ဝဝဝ ကျပ်အထိ ကျဆင်းကာ၊ ငါးဈေးများကလည်း ယခု လောလောဆယ်တွင် အတက်အကျမရှိ ဖြစ်နေကြောင်းနှင့် အစားအများဆုံး ငါးကျည်းသည် တပိဿာလျှင် ၄၈ဝဝ ကျပ် ရှိနေသည်။

အင်တာနက် ပြန်လာပါပြီ၊ သို့သော် ပြတ်တောင်း ပြတ်တောင်း

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရန်ကုန်မြို့အတွင်း ယနေ့ နေ့လည်ပိုင်းက အင်တာနက်လိုင်း ပြန်ရခဲ့သော်လည်း နာရီ အနည်းငယ် အကြာ၌ လိုင်းပြတ်တောက်မှုနှင့် ကြုံခဲ့ကြရကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူများက ပြောကြားသည်။

မြန်မာစံတော်ချိန် ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရုတ်တရက် ပြန်ဖွင့်ပေးလိုက်သည့် အင်တာနက်လိုင်းသည် ညနေပိုင်း ၂ နာရီကျော်တွင် ပြန်လည်၍ ပြတ်တောက်သွားခဲ့သည်။ ညဘက်တွင် တဖန် ပြန်လည် ပေါ်ထွက်လေမလား ဟူသည့် မျှော်လင့်ချက်ဖြင့် အင်တာနက် သုံးစွဲသူများ စောင့်စားနေကြသည်။

ပေါ်တလှည့် ပျောက်တလှည့် ဖြစ်ရခြင်းသည် ဆာဗာ ပျက်သွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ တယ်လီပို့ထ်ဌာနက မဇ္ဈိမသို့ ပြောသည်။

“အင်တာနက်ရအောင် ထိုင်ပေးတဲ့ ဆာဗာတမျိုး ဒေါင်းသွားလို့ပါ ခင်ဗျာ။ အဲဒါက လောလောဆယ် မတည်ငြိမ်သေးလို့ပါ ခင်ဗျာ။ ဘယ်တော့ ပြန်ရမယ် ဆိုတာတော့ မပြောတတ်ပါဘူး။ ညဘက် စောင့်ကြည့်ကြပါ ခင်ဗျာ” ဟု မြန်မာ တယ်လီပို့ထ်မှ ဝန်ထမ်းတဦးက ပြောသည်။

လူထု ဆန္ဒပြပွဲများအပေါ် သွေးမြေကျ ဖြိုခွင်းမှုများ ပိုမိုလုပ်လာခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ အင်တာနက်လိုင်းများ စစ်အစိုးရက ဖြတ်တောက်လိုက်သောကြောင့် ဆိုက်ဘာကဖေး အများစု ပိတ်ထားခဲ့ရသည်။

“ဆိုင်က အင်တာနက် မရတဲ့နေ့ ဆိုရင် ပိတ်ထားရတယ်။ အခုက ညဘက်မှာ ရတယ်ဆိုတော့ စာပို့ချင်တဲ့ လူတွေက ကြိုအကြောင်းကြား၊ ဖုန်းဆက်ထားတယ် ဆိုရင် သူတို့ ပို့ချင်တဲ့ စာတွေကို ကျနော်တို့က ညဘက်မှာ ပို့ပေးရတယ်။ စာကို ပရင့်အောက် လုပ်ချင်တဲ့ လူတွေလည်း ကြိုအကြောင်းထားရတယ်” ဟု ရန်ကုန်မြို့မှ အင်တာနက်ကဖေး ပိုင်ရှင်တဦးက ပြောသည်။

လတ်တလောတွင် အင်တာနက် ကဖေးများ၌ တနာရီကို ၅ဝဝ ကျပ်ဖြင့် သုံးစွဲနိုင်ပြီး၊ ည ၉ နာရီ နောက်ပိုင်း ကျပ်ငွေ ၃ဝဝ ဈေးလျှော့ချပေးမှုများ ဖြစ်ထွန်းနေသည်။

ရွေးကောက်ပွဲဝင်ရန် ကေအိုင်အို ခြေလှမ်းနေပြီ

မဇ္ဈိမသတင်းဌာန

အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းပြီး နအဖ စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရေး အတွက် လာမည့် သီတင်းပတ်အတွင်း ထိပ်သီး အစည်းအဝေး တရပ် ခေါ်ယူ ကျင်းပသွားမည် ဖြစ်သည်။

စစ်အစိုးရ၏ နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ အသစ်တွင် အကြီးဆုံးသော ကချင် အဖွဲ့အစည်းအနေဖြင့် ပါဝင် ယှဉ်ပြိုင်ရေး အတွက် အဖွဲ့အစည်း အမည်ပြောင်းရန် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လိုင်ဇာရှိ ဌာနချုပ်၌ ကေအိုင်အို၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် စစ်ဘက် ခေါင်းဆောင်များအကြား ဆွေးနွေးမည် ဖြစ်သည်။

“ဒီအစည်းအဝေးကို ကျနော်လည်း သွားမှာဖြစ်တယ်။ ဘာမှ မစခင်မှာတော့ ကျနော့် အနေနဲ့က ဘာမှ ပြောလို့ မရပါဘူး။ ဒီဟာက တဦးတယောက်နဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ ဗဟိုမှာ အားလုံး စုပေါင်းပြီး ဆုံးဖြတ်မှာ ဖြစ်တယ်” ဟု ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဂျိမ်းစ်လွန်းဒေါင် က မဇ္ဈိမကို ပြောသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကေအိုင်အို၏ လက်အောက်ခံ စစ်တပ်ကို ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဟု ခေါ်သည်။

ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် ၄၆ နှစ်ခန့် အသုံးပြုခဲ့သော အဖွဲ့အစည်း အမည် အပြောင်းအလဲနှင့် ပတ်သက်၍ ကချင်လူထု နှင့် ကေအိုင်အေ စစ်တပ်အတွင်း သဘောထား ကွဲနိုင်သည်ဟု အမည်မဖော်လိုသူ ကေအိုင်အေ ဗိုလ်မှူးတဦးက ပြောသည်။

“ဒီဟာက ညီလာခံ ထောက်ခံပွဲ တက်ပြီးမှ ဒီလိုမျိုးတွေ ဖြစ်လာတာပါ။ ဘယ်လို ဖြစ်လာမလဲ မသိဘူး။ အစည်းအဝေးကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ နာမည်ပြောင်းဖို့ ဆိုတာတော့ မလွယ်ဘူး။ အားလုံးကို ပြောဖို့က ခက်တယ်။ ၁၅ ရက်နေ့မှာ သိရမယ်” ဟု သူက ပြောသည်။

လွန်ခဲ့သည့်လက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို အတွင်းရေးမှူး ဒေါတ်တာ တူးဂျာနှင့် ဒုဥက� ဌ ဂေါ်ရီဇော်ဆိုင်းတို့ တက်ရောက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

“ကချင်လူထုတွေ လက်မခံဘူး ဆိုရင်တော့ ကျနော်တို့ ကေအိုင်အိုလည်း အသိအမှတ် ပြုပေးလို့ မရဘူးပေါ့။ အခြေခံ ဥပဒေ ပေါ်ပြီးမှ ရွေးကောက်ပွဲ ဝင်ရမယ် ဆိုတော့ အဲဒီအချိန်မှ နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်လာမယ် ဆိုတော့ အခုအချိန်မှာတော့ မလုပ်သင့်သေးဘူးလို့ ထင်ပါတယ်” ဟု ကချင် ဗိုလ်မှူးက ပြောသည်။

စစ်အစိုးရသည် လမ်းပြမြေပုံ၏ ပထမအဆင့်နှင့် ဒုတိယအဆင့် ညီလာခံနှင့် အခြေခံ ဥပဒေမူကြမ်း ရေးဆွဲထားပြီး ဖြစ်သော်လည်း ကျန်အဆင့်များနှင့် ပတ်သက်၍ အချိန်ဇယား ထုတ်ပြန်ထားခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပရေးသည် စတုတ္တအဆင့် ဖြစ်သည်။

ကေအိုင်အေ သည် ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ကာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က စတင်၍ စစ်အစိုးရ ဦးဆောင်သည့် အမျိုးသား ညီလာခံတွင် ပါဝင် တက်ရောက်ခဲ့သည်။

တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍လည်း ကေအိုင်အို ကိုယ်စားလှယ်များက ညီလာခံတွင် အလေးထား တင်ပြခဲ့သော်လည်း စစ်အစိုးရက တုံ့ပြန်ခြင်း မရှိခဲ့ပေ

ပြည်ပသတင်းဌာနများကို တိုက်ခိုက်ရန် စစ်အစိုးရ ကြံ့ဖွံ့ကို ညွှန်ကြားထား

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများကို မြန်မာပြည်သူများမှ အလေးထားမှုနှင့် ယုံကြည်မှု ကင်းမဲ့စေရန် အတွက် ကြံ့ဖွံ့ အဖွဲ့ဝင်များမှ လုပ်ဆောင်ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ အပြောအရ သိရသည်။

မြန်မာနိုင်ငံ တဝှမ်းရှိ နအဖ ဝန်ထမ်းများ၊ အောက်ခြေ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အတွင်းမှာပင် ပြည်ပအခြေစိုက် မြန်မာ ရေဒီယို သတင်းဌာနများ ဖြစ်သည့် VOA, DVB, RFA နှင့် BBC တို့မှ ထုတ်လွင့်သည့် သတင်းများကို အားထား နားထောင်လျက် ရှိသည်ကို ချေဖျက်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

“အခုက လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ကိုယ်တိုင်က အစိုးရအပေါ် ယုံကြည်မှု မရှိတာတွေ ဖြစ်လာတယ် ထင်တယ်။ အဲဒါကြောင့် ပြည်ပ မီဒီယာတွေက ဆူပူမှု ဖြစ်အောင် သွေးထိုးနေတယ်လို့ ရေဒီယို သတင်းတွေက သတင်းအမှားတွေ လွှင့်နေတယ်ဆိုတာ လိုက်ရှင်းပြနေရတယ်။ မြို့နယ် အာဏာပိုင်တွေကလေ” ဟု မြစ်ကြီးနားမှ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ အာဘော် နေ့စဉ်ထုတ် သတင်းစာများတွင်လည်း မလိုက်မနေရ ဖိအားပေး ညီလာခံ ထောက်ခံပွဲများနှင့် ဖြစ်ပွားခဲ့သော လူထု ဆန္ဒပြမှုများကို ရှုတ်ချ ပြောဆိုမှုများ အဆက်မပြတ် ဖော်ပြနေပြီး “မိုးလုံးပြည့် မုသာဝါဒီ RFA VOA နှင့် BBC" RFA VOA နှင့် BBC အဖျက်သမားများ သတိထား” RFA VOA နှင့် BBC လေလှိုင်းပေါ်က လူသတ်သမားများ” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့သော သံဃာတော်များမှ နအဖ စစ်အာဏာရှင်များကို ပတ္တိနိက�ုဇ္ဇန ကံဆောင် သပိတ်မှောက်သည့် လမ်းလျှောက် ဆန္ဒပြပွဲများ၊ ပြည်သူလူထု ပူးပေါင်း ပါဝင် လှုပ်ရှားမှုများနှင့် အကြမ်းဖက် နှိပ်ကွပ်မှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာပြည်တွင်း ရေဒီယိုသတင်း နားထောင်မှုများ အထူးပင် ခောတ်စားနေခဲ့သည်။

ထင်းခုတ်မှုဖြင့် အောင်လံသားများ အစုလိုက် အပြုံလိုက် ထောင်ချခံရ

ဖနီဒါ (မဇ္ဈိမသတင်းဌာန)

အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

အာဏာပိုင်များက ခုတ်လှဲထားသည့် ယူကလစ်ပင်များကို ထင်းအဖြစ် ရယူမှုဖြင့် အောင်လံမြို့သား ၃၁ ယောက်ကို ၂၄ နာရီ အတွင်း တရားစီရင်ကာ ထောင်ဒဏ် တနှစ်စီ ချလိုက်သည်။

မြို့အရှေ့ဘက် ၁ မိုင်ခန့် အကွာ သမ္ဘူလ-ရွှေပန်းတော ကားလမ်း ဘေးနှစ်ဖက် မြေထိုးစက်နှင့် ထိုးလှဲထားသည့် ယူကလစ်ပင်များကို အိမ်သုံးထင်းအဖြစ် အသုံးပြုရန် ခုတ်ယူခဲ့သည့် ညောင်ပင်ဝိုင်းနှင့် ရေပေါ်ကျေးရွာမှ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၂၄ ဦးကို မြို့နယ် သစ်တော ဦးစီးဌာနနှင့် မြို့မ ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။ တရားခံ အကျိုးဆောင် ရှေ့နေပင် ငှားရမ်းခွင့် မပြုဘဲ နောက်တနေ့ နံနက်တွင် မြို့နယ် တရားရုံးက ထောင်ဒဏ် ချမှတ်ကာ သရက်ထောင်သို့ ပို့လိုက်သည်။

“တရားရုံး စစ်တယ်ဆိုလည်း ရှေ့နေငှားခွင့် မရှိဘူး၊ ထုချေခွင့်လည်း မရှိဘူး၊ ချေပခွင့်လည်း မရှိဘူး။ သူတို့ကို သရက်ကို ပို့တာတောင် အောင်လံကနေ သရက်ကို သွားတဲ့ စက်လှေဆိပ်က ပို့တာ မဟုတ်ဘူးဗျာ။ မြို့တောင်ဖျားကနေ ကားနဲ့ တိတ်တိတ် ခိုးပို့တာ။ ဆင်းရဲသားတွေက ယူကလစ်ပင်တွေကို ဝင်ခုတ်တယ်ပေါ့။ ရွာသားတွေကို အလစ်အငိုက် တက်ပြီးတော့ ဖမ်းတယ်လေ။ ရွာသားတွေက အနားမှာရှိတဲ့ အပင်တွေကို အိမ်သုံး လုပ်နေကြတာပေါ့ဗျာ။” ဟု ဒေသခံ တဦးက ပြောသည်။

မြို့နယ် သစ်တော ဦးစီးဌာနမှ တောအုပ်ကြီး ဦးသိန်းထွန်းနှင့် အောင်လံ - ကျောက်ပန်းတောင်း အခြေစိုက် ရဲကင်းမှူး ဦးဌေးကြွယ် အပါအဝင် ရဲတပ်သား ၂ဝ ခန့်က ယူကလစ်ထင်းများ ရှိသည့် အိမ်များသို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးလည်း ပါဝင်သည်။

မြို့နယ် အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၅ သကြားစက်မှ ကြံစိုက်ပျိုးရန် အတွက် ယူကလစ်ပင်များကို လွန်ခဲ့သည့် ၂ လကျော်က ခုတ်လဲခဲ့ခြင်း ဖြစ်သည်။

အောင်လံမြို့တွင် စီမံကိန်းအရ အာဏာပိုင်များက ကြံတမျိုးသာ စိုက်ပျိုးခိုင်းနေသဖြင့် ဝါစိုက်ပျိုးခဲ့သည့် တောင်သူများ အနေဖြင့် ဝါနှင့် အခြား အသီးအနှံများ စိုက်ပျိုးခွင့် မပြုမှုနှင့်လည်း ကြုံကြိုက်နေခိုက် ဖြစ်သည်။

“ကာကွယ်ရေး ဝန်ကြီးဌာန ဗိုလ်မှူးရဲနိုင်က အမိန့် ထုတ်ပြီးတော့ မလုပ်ချင်ရင် ထွက်၊ ကုမ္ပဏီကို လွှဲမယ်ပေါ့လေ။ သူက အဲဒီ အမိန့်စာကို တောင်သူတွေကို ပေးထားတယ်” ဟု ရေပေါ် ရွာသားတဦးက ပြောသည်။

ညောင်ပင်ဝိုင်း ကျေးရွာ၊ ရေပေါ် ကျေးရွာများတွင် တောင်သူများမှာ သစ်တောဌာနသို့ တဧကလျှင် ကျပ် ၃ဝဝဝ မှ ၅ဝဝဝ ပေးကာ မြေငှား၍ လုပ်ကိုင်ခဲ့ရာမှ ယခုအခါ မြန်မာ့ ကော်ပိုရေးရှင်းက ကြံခင်းစိုက်ရန် စီမံလာခဲ့ခြင်း ဖြစ်သည်။

မန္တလေး အန်အယ်လ်ဒီ ၃ဝ ကျော် အဖမ်းခံထားရ

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံအဝှမ်း ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် အဖမ်းခံထားရသည့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃ဝ ကျော်သွားပြီ ဖြစ်သည်။

တိုင်းစည်းရုံးရေး အဖွဲ့ဝင် ၆ ဦး၊ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ၂၅ ဦးတို့ အဖမ်းခံရကြောင်း အတည်ပြုချက် ရထားပြီး သူတို့အထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်သည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်က ပြောသည်။

နောက်ဆုံး အဖမ်းခံရသူမှာ အန်အယ်ဒီ တိုင်းအတွင်းရေးမှူး ဦးကံထွန်း ဖြစ်သည်။ အောက်တိုဘာလ ၆ ရက် (စနေနေ့) ည ၁၁ နာရီခွဲခန့်တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။

“အာဏာပိုင်တွေက ကားနဲ့ ရောက်လာပြီး 'ကျနော်တို့နဲ့ အဘ ခဏလိုက်ခဲ့ပါ' ဆိုပြီးတော့ ခေါ်သွားပါတယ်” ဟု သားဖြစ်သူ ဦးကျော်ကျော်မြင့်က မဇ္ဈိမကို ပြောသည်။

လက်ရှိ အချိန်တွင် မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များ ဖြစ်သော မြတောင်၊ မစိုးရိမ်၊ ဘုရားကြီး ကျောင်းတိုက်များတွင် စစ်တပ် အပါအဝင် လုံခြုံရေး အဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာ လလယ်ခန့်မှ လုံခြုံရေး ယူထားခဲ့ရာ ယနေ့အထိလည်း ဆက်လက် ရှိနေသေးသည်။

သံဃာတော်များနှင့် ပတ်သက်၍ အာဏာပိုင်များဘက်က စိုးရိမ်စရာ အခြေအနေ ရှိနေသေးသည်ဟု ယူဆသဖြင့် လုံခြုံရေးများကို ယခုလို ရုပ်သိမ်းခြင်း မရှိသေးကြောင်း ဒေသခံများက ယုံကြည်နေကြသည်။