Monday 8 October 2007

ကလေးမြို့ နအဖ ညီလာခံ ထောက်ခံပွဲ ကျင်းပ

မဇ္ဈိမသတင်းဌာန

အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် နအဖ ညီလာခံ ထောက်ခံပွဲ အခမ်းအနား တရပ်ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသား အများစုဖြင့် ကျင်းပခဲ့သည်။

မြို့ခံပြည်သူများ အနည်းစု ပါဝင်ကာ အများအားဖြင့် ကလေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရွာသားများဖြင့် ကျင်းပသည့် လူအင်အား တသောင်းခန့် တက်ရောက်သော နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲ အခမ်းအနား တရပ်ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

ညီလာခံ ထောက်ခံပွဲသို့ ပါဝင် တက်ရောက်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံ တဦးက ယခုလို မဇ္ဈိမကို ပြောပြသည်။

“ရွာဘက်တွေက လူတွေ များတယ်။ မြို့နယ်တွေမှာတော့ ခေါ်တော့ ခေါ်ပါတယ်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ လိုက်ရတဲ့ လူတွေကလည်း အကြောင်းကြောင်းတွေကြောင့် ဆယ်အိမ်မှူးတွေနဲ့ မျက်နှာနာတဲ့ လူတွေပဲလေ။ မလိုက်တဲ့ အိမ်တွေကိုလည်း ဘာမှမလုပ်ပါဘူး။ ဒဏ်ရိုက်တာလည်း မရှိပါဘူး။ ရွာကျောင်းက မူလတန်းပြ ဆရာ၊ ဆရာမတွေလည်း ပါတယ်တဲ့။ ကျနော်တို့ ဘာမှတောင် မသိလိုက်ဘူး။ ဒီနေ့ သွားကြပြီး ပြန်လာတဲ့ လူတွေက ပြောပြမှ သိရတာ” ဟု သူက ပြောသည်။

အောင်သစ္စာ ရပ်ကွက်ရှိ အားကစားကွင်းအတွင်း ထောက်ခံပွဲ အခမ်းအနားကို ကျင်းပပြီးနောက် ကလေးမြို့ လမ်းဆုံ၊ ပြည်သူ့ဆေးရုံမှ တဆင့် မြို့အတွင်းသို့ လှည့်လည်ကာ လက်ရှိ အစိုးရကို ထောက်ခံကြောင်း အော်ဟစ်ခဲ့ကြောင်းနှင့် ကလေးမြို့ တက� သိုလ် ကျောင်းသူ ကျောင်းသားများကို တက်ရောက်ခွင့် မပြုဘဲ၊ ကလေးမြို့ တောင်ဘက်ရှိ နတ်ချောင်း ကျေးရွာသားများ၊ မြောက်ဘက်ပိုင်းရှိ ကျေးရွာ အများအပြားမှ ရွာသားများ အများဆုံး ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ညီလာခံ ထောက်ခံပွဲ တက်ရောက်သူများကို ဒေသ အာဏာပိုင်များက ဓာတ်ပုံများ ရိုက်ကာ မှတ်တမ်း တင်ခဲ့ကြောင်းနှင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင်လည်း ယနေ့ ကျင်းပမည်ဟု ရည်ရွယ်ထားသော ညီလာခံ ထောက်ခံပွဲသည် အကြီးအကျယ် မိုးရွာသွန်းနေသဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

နအဖ ညီလာခံ ထောက်ခံပွဲကို ကချင်လူငယ်များ ကန့်ကွက်

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်သည့် ကေအိုင်အိုကို ဆန့်ကျင်သောအားဖြင့် ကချင် လူငယ်များက ပြီးခဲ့သည့် စနေနေ့က ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ် တနေရာတွင် ဆန္ဒ ထုတ်ဖော်ပွဲ ကျင်းပခဲ့သည်။

နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ခဲ့သည့် ကေအိုင်အိုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ် တရပ်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် မိုင်ဂျာယန်နှင့် အခြားဒေသများမှ ကချင်လူငယ် ၂ဝဝ ကျော်က ကေအိုင်အို ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန် မြို့တွင်းရှိ လွယ်ဒေါင်းတောင် အရပ်တွင် စုပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နအဖ အမျိုးသား ညီလာခံကို ဆန့်ကျင်တယ်။ ကျနော်တို့က စည်းလုံး ညီညွတ်မှုကို ရချင်တယ်။ ကျနော်တို့က အခြေအနေကို ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ပြန်လုပ်ဖို့ အစီအစဉ်တွေတော့ အများကြီး ရှိသေးတယ်” ဟု အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ လူငယ်တဦးက ပြောသည်။

အစီအစဉ်သို့ ကချင်လူငယ် ၂ဝဝ ကျော် တက်ရောက်ကာ ‘မိုင်ဂျာယန်ဒေသရှိ ကချင်လူငယ်များ၏ အသံ’ အမည်ရှိ ကျေညာချက်ကို ဖတ်ကြား တင်သွင်းပြီး တက်ရောက်လာသူများက ထောက်ခံကြောင်း ကြွေးကြော်၍ ဆန္ဒ ထုတ်ဖော်ခဲ့သလို အဆိုပါ ကျေညာချက်ထဲတွင် အချက် ၇ ချက်ကို ရေးသား တောင်းဆိုထားကာ လူငယ်ပေါင်း ၁၈ဝ ကျော်က ထောက်ခံလက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။

အချက် ၇ ချက်တွင် ‘စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်၊ တန်းတူ အခွင့်အရေး၊ ကချင်လူမျိုးစုများ အားလုံး အမြန် စည်းလုံး ညီညွတ်မှုရရန် လိုလားသလို၊ နအဖ စစ်အစိုးရ၏ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံမှုကို ဆန့်ကျင်သည့်အပြင် ပါဝင် ထောက်ခံနေသည့် ကချင်လူမျိုးများ အားလုံး ထောက်ခံမှုကို မလိုလားကြောင်းနှင့် အမျိုးသား ညီလာခံကို ကြိုဆို ထောက်ခံခြင်းအားဖြင့် ကမ္ဘာ့အမြင်၊ အများအမြင်တွင် ကျရှုံးသွားသည့် ဂုဏ်သိက္ခာကို ပြန်လည် ရုတ်သိမ်းရန်နှင့် အများ၏ ယုံကြည်မှုရရေး ပြုလုပ်ရန် အချိန်ဖြစ်သည်’ဟု ရေးသားထားသည်။

သည့်အတွက် ‘ကေအိုင်အို တည်မြဲရေးနှင့် ကေအိုင်အိုများ၊ ကချင်လူမျိုးများ ကျရှုံးခဲ့ရသည့် ဂုဏ်သိက္ခာကို ပြန်လည် မြှောက်ထူနိုင်ရန် ကချင် ဗဟိုကော်မတီမှ အမြန်ဆုံး အဖြေတခု ထုတ်ပြန် ရှင်းလင်းရန်နှင့် ရှေ့ဆက် ပြုလုပ်သွားမည့် အစီအစဉ်များကို လိုလားကြပါသည်’ ဟု ရေးသားထားသည်။

သည့်အပြင် ‘နအဖ ကို ကုလသမဂ္ဂမှ အမြန်ဆုံး အရေးယူပေးရန်နှင့် နိုင်ငံရေး အကျဉ်းသား နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူ၊ ကျောင်းသား ကျောင်းသူများနှင့် သံဃာတော်များကို အမြန်ဆုံး လွှတ်ပေးရန် လိုလားသည်ဟု ဆိုကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် နေထိုင်သည့် ပြည်သူများ အားလုံးမှ နအဖ ကို ဆန့်ကျင်ရန် အနူးအညွတ် နှိုးဆော်အပ်သည်’ ဟု ဆိုထားကြောင်း ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်သူ တဦးက ပြောသည်။

“ကျနော်တို့ ကချင် လူငယ်တွေကလည်း အခု ဖြစ်ပျက်နေတာတွေကို မလိုလားဘူး။ အခု နိုင်ငံရေးကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံနေရတာတွေကိုရော မလိုလားဘူး။ နောက်ပြီး သူတို့နဲ့အတူ စိတ်တူကိုယ်တူ လုပ်နေကြောင်း အထိမ်းအမှတ် တခုပါ။ အခုလုပ်တာဟာ အောင်မြင်တယ်လို့ ယူဆပါတယ်။ အားလုံးက စည်းလုံး ညီညွတ်တယ်၊ စိတ်တက်ကြွကြတယ်။ အခု ဖော်ထုတ်တာဟာ သူတို့ရဲ့ ရင်ထဲကနေ ထွက်လာတဲ့ အသံတွေ ဖြစ်တယ်” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောသည်။

ထို့အပြင် ကချင်လူငယ်များ အားလုံး စည်းလုံး ညီညွတ်မှု ရရှိသည့်အပြင် မြန်မာပြည်တွင်း၌ ယခုလို ကြွေးကြော်သံများ ထုတ်ပြန်လိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ လူငယ်များ ရည်မှန်းထားသည့်အတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် သတ္တိရှိရှိ ဆန္ဒထုတ်ပြန်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုလ ၃ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လူငယ် ကိုယ်စားလှယ် ၂၆ ဦးနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ရာတွင် လူငယ်များက ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို တက်ရောက်ခြင်း အတွက် ဆုံးရှုံးခဲ့သည့် နိုင်ငံရေးကို မည်ကဲ့သို့ ပြန်လည် ရရန်နှင့် ကချင်တိုင်းရင်းသားများကို မည်သို့မည်ပုံ ပြန်လည်စည်းရုံးကာ ရှေ့ဆက်၍ လုပ်ဆောင်သွားမည့် လုပ်ငန်းရပ်များကို ဆွေးနွေး ပြောဆိုရာတွင် ကေအိုင်အို ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့သေးကြောင်းလည်း သိရသည်။

အင်တာနက် ပြန်ရသော်လည်း နေ့ခင်းဘက် သုံးမရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်တွင် အင်တာနက်လိုင်း ပြန်ဖွင့်လိုက်သော်လည်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ည ၁ဝ နာရီမှ နံနက် ၄ နာရီ အတွင်းသာ သုံးစွဲခွင့် ရရှိသဖြင့် အင်တာနက် သုံးစွဲသူများ အခက် ကြုံနေရသည်။

နအဖ အာဏာပိုင်များက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့မှ စတင်ကာ အင်တာနက်လိုင်းကို ပြန်လည် ဖွင့်ပေးလိုက်သော်လည်း ညမထွက်ရ အမိန့်မှ သတ်မှတ်ထားသည့် အချိန်အတွင်း၌သာ လိုင်းကို လွှင့်ထားပေးသဖြင့် အင်တာနက် သုံးစွဲလိုသူများသည် နေ့ခင်းအချိန်တွင် သုံးစွဲခွင့် မရသောကြောင့် အခက်အခဲ ကြုံနေရခြင်း ဖြစ်သည်။

“ကာဖျူး အချိန်ကျမှ ရတော့ အပြင်ထွက်သုံးလို့ မရသလို ဆိုင်တွေကလည်း မဖွင့်ဘူးဆိုတော့ အင်တာနက် သုံးချင်တဲ့သူတွေ နေ့ခင်းဘက် သုံးမရတော့ဘူးပေါ့။ ကိုယ့်ဆွေမျိုး အိမ်တွေမှာ လိုင်းချိတ်ထားတယ် ဆိုရင်တော့ သွားသုံးပေါ့။ ဒါပဲရှိတယ်” ဟု ရန်ကုန်မြို့နေ အင်တာနက် သုံးစွဲသူ လူငယ်တဦးက ပြောသည်။

“ဟုတ်တယ်။ အင်တာနက်က ည ၁ဝ နာရီမှ စရတာ။ နေ့ခင်းပိုင်းကို မရပါဘူး” ဟု ရန်ကုန်မြို့မှ အင်တာနက်ဆိုင်မှ ဆိုင်ဝန်ထမ်း တဦးက အတည်ပြု ပြောဆိုသည်။

ယခုလို အပြင်ထွက်မရသည့် ညအချိန်၌သာ အင်တာနက် သုံးစွဲနိုင်သဖြင့် အင်တာနက်ကို အဓိကထား ဖွင့်ထားသော အင်တာနက်ဆိုင် အချို့ကို ပိတ်ထားရကြောင်းနှင့် အင်တာနက်နှင့်အတူ ဂိမ်း Game ကို တွဲဖွင့်ထားသော ဆိုင်များမှာ အင်တာနက် မရသော်လည်း ဂိမ်းဖြင့် အသက်ဆက်နေရကြောင်း သူက ဆက်ပြောသည်။

ရုံးလုပ်ငန်းများ၌လည်း အင်တာနက်ကို အသုံးပြု၍ လုပ်ကိုင်ရမည့် နိုင်ငံခြားသို့ အီးမေးလ်ဖြင့် ဆက်သွယ်မှုနှင့် ကိုယ်ပိုင် Website အင်တာနက် စာမျက်နှာများတွင် အသစ်ဖြည့်လိုသည်များကို ဖြည့်နိုင်ရန် အတွက် ညဆိုင်းဆင်းကာ အလုပ် လုပ်ကိုင်ကြရသည်ဟုလည်း သိရသည်။

မကြာသေးခင်က မြန်မာပြည်တဝှမ်း လူထုဆန္ဒပြပွဲများအတွင်း စစ်တပ်နှင့် လုံထိန်းများ၊ လက်ကိုင်ဒုတ်များ၏ ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် နှိမ်နှင်းသည့် ဓာတ်ပုံများ၊ မှတ်တမ်းများကို ပြည်တွင်းမှနေ၍ အင်တာနက်လိုင်းကို အသုံးပြုကာ နိုင်ငံတကာသို့ ဖြန့်ချိခဲ့သဖြင့် အဆိုပါ လမ်းကြောင်းကို ပိတ်သွားစေရန် အတွက် အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။