Friday 5 October 2007

ဆန္ဒပြမည်စိုးသဖြင့် မိထ္ထီလာမှ စာသင်သား ရဟန်းပျိုများ အိမ်ပြန်လွှတ်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

မန္တလေးတိုင်း မိတ္တီလာမြို့ရှိ အကြီးဆုံး စာသင်တိုက်ကြီး နှစ်ခုမှ စာသင်သား ရဟန်းပျိုများကို ဆန္ဒပြမည် စိုးသဖြင့် အုတ်ထိန်းသူများမှ အမြန်ဆုံး ခေါ်ယူရန်အတွက် ကြံ့ဖွံ့များနှင့် ကျောင်းထိုင် ဆရာတော်များက ယခုလ ၃ ရက်နေ့က အမိန့်ထုတ်လိုက်သည်။

သံဃာတော်များနှင့် ပြည်သူများမှ ပူးပေါင်း၍ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် မိတ္ထီလာ-မန္တလေး အဝေးပြေး လမ်းဘေးတွင် တည်ရှိသည့် အကြီးဆုံး စာသင်တိုက်ကြီးများ ဖြစ်သော သာသနာ့ ဝေဘုံနနှင့် ဝင်းသော်ပြည့် ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်များနှင့် ကြံ့ဖွံ့ အာဏာပိုင်များက စာသင်သား ရဟန်းပျိုများ၏ မိဘများကို အမြန်ဆုံး လာရောက် ခေါ်ယူကြရန် အတွက် ယခုလို အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။

“ကြံ့ဖွံ့တွေပေါ့၊ ကျောင်းကိုလာပြီး ဘုန်းကြီးတွေကို ပြောတာတဲ့။ စာသင်သား ရဟန်းပျိုတွေပေါ့၊ သူတို့ရဲ့ မိဘတွေကို အကြောင်းကြားပြီး ခေါ်ယူခိုင်းတယ်ပေါ့။ နေရပ်ကို ပြန်ခိုင်းတယ်။ အတင်းပါပဲ။ မိဘတွေကို ခေါ်ခိုင်းပြီးမှ အပ်လိုက်တယ်။ ကိုယ့်နေရပ်မှာ ဘာလုပ်လုပ်ပေါ့။ ဆူပူမှု မဖြစ်အောင် ကြိုပြီး ပိတ်လိုက်တာ။ ကျောင်းထိုင် ဘုန်းကြီးတွေလည်း စိုးရိမ်လို့နေမှာ။ စာသင်သားတွေက ရှေ့က ဦးဆောင်မယ့်သူ ရှိရင် ဆန္ဒပြမယ်လို့ ပြောနေကြလို့တဲ့။ သူတို့က လုပ်ချင်နေတာ ကြာပြီ။ ကျောင်းထိုင်တွေက လုပ်ရင် အိမ်ယာလိပ်ပြီး ပြန်ဆိုပြီး ပြောထားတော့ စပြီး ဘယ်သူမှ မလုပ်ရဲဘူးပေါ့” ဟု ကျောင်းတိုက်များနှင့် နီးစပ်သူ မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

မိတ္ထီလာသို့ နယ်ဒေသများမှ လာရောက် သင်ကြားသော စာသင်သား ရဟန်းပျိုများသည် ကျောင်းတိုက် တတိုက်လျှင် အပါး ၄ဝဝ ခန့် ရှိကာ အခြား သံဃာတော်များနှင့် ဆိုလျှင် စုစုပေါင်း ၈ဝဝ ပါးခန့် ရှိသည့် ကျောင်းတိုက်များ ဖြစ်ပြီး၊ ကျောင်းတိုက်ငယ်ပေါင်း ၁၃ ကျောင်းခန့်လည်း ရှိသည်ဟု သိရသည်။

ရဟန်းပျိုများကို ယခုလို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်သွားစေရန် စီမံသော်လည်း အများစုသည် မိဘများက လာမခေါ်သလို ပြန်ရန်အတွက်လည်း ငွေကြေးမတတ်နိုင်သဖြင့် အခက်အခဲ ဖြစ်နေကြောင်း အခြား ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

“တချို့ဆို အဝေးကလာတဲ့ စာသင်သားတွေပေါ့။ ပြန်စရိတ်က ခက်ခဲနေကြတာပေါ့။ မိဘတွေကလည်း လာမခေါ်နိုင်ကြဘူး ထင်တယ်။ ဒုက္ခတွေ ရောက်နေကြတာပေါ့။ ဘာမှတောင် မလုပ်ရသေးဘူး၊ ဒုက္ခ ပေးနေကြတယ်။ ကြံ့ဖွံ့တွေပေါ့။ လိုက်ရှုတ်နေတာ။ ကျောင်းကို ခဏခဏလာပြီး အရေးယူမယ်၊ ဖမ်းမယ်နဲ့ အမျိုးမျိုး ခြိမ်းခြောက်တယ်တဲ့” ဟု သူက ပြောသည်။

ဗုဒ္ဓသာသနာ ထွန်းတောက်စေရန် ဟောပြောသူကို နအဖ က ဖမ်းဆီး

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

မကွေးတိုင်း အောင်လံမြို့သား အန်အယ်ဒီ အဖွဲ့ဝင် ကိုကျောက်ခဲကို ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်မှုဖြင့် မြို့နယ် အာဏာပိုင်များက ဖမ်းဆီး၍ ယခုအခါ တရား စွဲဆိုထားသည်။

အောင်လံမြို့ အန်အယ်ဒီ အဖွဲ့ဝင် ကိုကျောက်ခဲ (ခ) ကိုအောင်ဆန်းဦး (၄ဝ နှစ်) ကို မြို့နယ်စခန်းမှူး ဦးကျော်ရွှေဝင်းက ဖမ်းဆီးကာ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်မှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွပ်စွဲပြီး မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၉ ရက်နေ့ ညပိုင်းက အော်လံမြို့ သရော်ကုန်း ရပ်ကွက်ရှိ တန်ဆောင်တိုင် ဆွမ်းလောင်း အသင်းမှ မြို့ပေါ်ရှိ သံဃာတော်များကို ၃ဝ ရက်နေ့ နံနက်၌ အာရုံဆွမ်းကပ်ရန် အတွက် ဆွမ်းချက်ရာတွင် ကိုကျောက်ခဲသည် ဝေယာဝစ္စ ကူညီလုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ဆွမ်းဒါယိကာ၊ ဒါယိကာမများက ဆွမ်းချက်ရာ၌ ကူညီသူများကို ၃ဝ ရက်နေ့ညပိုင်းတွင် အစားအသောက်များဖြင့် ဧည့်ခံရာ၌ ကိုကျောက်ခဲလည်း ပါဝင်ခဲ့သည်ဟု ဒေသခံတဦး အဆိုအရ သိရသည်။

ကိုကျောက်ခဲက အနီးရှိ ဆိုင်တခုတွင် ဂြိုလ်တုစလောင်းမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် သံဃာနှင့်ပြည်သူ ဆန္ဒပြပွဲများကို နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းသည့် သတင်းတိုတခုကို ကြည့်ပြီး မကျေမချမ်း ဖြစ်ကာ ‘ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းတောက်ပါစေ’ ဟု အော်ဟစ်သလို အစိုးရ ဆန့်ကျင်ရေး စကားများ ပြောကြားခဲ့ပြီးနောက် ရဲများက လာရောက် ဖမ်းဆီးခဲ့ပုံကို သူက ယခုလို ပြောပြသည်။

“စခန်းမှူးက သတင်းရတော့ လာဖမ်းတာ။ သူ့ကို တိုင်ကြားတဲ့သူတွေ ရှိလို့ပေါ့။ ဖမ်းသွားပြီး နောက်နေ့မှာ တရားရုံးမှာ တရားစွဲတင်တယ်။ တရားရုံးမှာ စစ်တယ်ပေါ့၊ လူတွေက နားမထောင်ရပါဘူး။ အပြင်ကနေပဲ နည်းနည်းပါးပါး နားထောင်ရတာပါ။ တရားရုံးက ကျဉ်းကျဉ်းလေးကိုး” ဟု သူက ပြောသည်။
ယခုလ ၃ဝ ရက်နေ့တွင် မြို့နယ် တရားသူကြီး ဦးမြင့်ဆွေ၏ တရားခွင်၌ စတင် စစ်ဆေးခြင်း ဖြစ်ပြီး ရဲစခန်းမှူး ဦးကျော်ရွှေဝင်းက တရားလိုအဖြစ် တရားစွဲဆိုကာ နယ်ထိန်း ကြီးကြပ်ရေးမှူး ဦးကျော်ထူးနှင့် တရော်ကုန်း ရပ်ကွက်နေ ဦးစောထွန်းတို့က သက်သေခံခဲ့ရာမှ အမှုကို ယခုလ ၃ ရက်နေ့သို့ ရက်ချိန်း ပေးလိုက်ကြောင်းနှင့် ၃ ရက်နေ့တွင် ယခုလ ၈ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။

မြို့နယ် အန်အယ်ဒီက စာပေ၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲတရပ် ကျင်းပရာတွင် ကိုလိုနီ နယ်ချဲ့လက်အောက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းက အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ် ရေးထိုးနေပုံကို ပြိုင်ပွဲဝင်ရာတွင် ဆုရရှိခြင်း မရှိသော်လည်း နိုင်ငံခြားသား တဦးက ဒေါ်လာ ၂ဝဝ ဖြင့် ပေးဝယ်သွားပြီးနောက် ရောင်းချငွေကို အန်အယ်ဒီ (ဗဟို) သို့ ရန်ပုံငွေအဖြစ် ပေးလှူခဲ့သူ ဖြစ်သည်။

ယခုအခါ ကိုကျောက်ခဲကို အောင်လံမြို့ ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားသည်ဟု သိရသည်။

မကွေးမြို့ ညီလာခံထောက်ခံပွဲ တက်ရောက်ရန် မြို့နယ်အချို့ အဓမ္မ အခေါ်ခံရ

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

မကွေးမြို့၌ ယခုလ ၇ ရက်နေ့တွင် ကျင်းပမည့် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် အတွက် မကွေးတိုင်းအတွင်း ပါဝင်သည့် အောင်လံ၊ တောင်တွင်းကြီးနှင့် ချောက်မြို့မှ ဒေသခံများကို အာဏာပိုင်များက ယနေ့တွင် လိုက်လံ ဆော်သြနေသည်။

အောင်လံမြို့တွင် မယက အမိန့်ဖြင့် ရယက၊ ဆယ်အိမ်ခေါင်းများသည် အောင်လံမြို့ရှိ ရပ်ကွက်တိုင်းသည် တရပ်ကွက်လျှင် လူဦးရေ ၅ဝ နှုန်းဖြင့် မကွေးမြို့၌ ယခုလ ၇ ရက်နေ့တွင် ကျင်းပမည့် နအဖ အမျိုးသားညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် ယနေ့တွင် အတင်းအကျပ် လိုက်ခေါ်နေသည်။

“မြို့နယ် မယက ကနေ ရယကတွေကို ဒီစီမံချက်ကြီးကို အကောင်အထည် ဖော်ဖို့ လုပ်ကြတယ်လေ။ အကြောင်းကြားပြီး လုပ်ကြတယ်။ အထက်ကလူက အဓမ္မ လုပ်ခိုင်းတော့ အောက်ကလူတွေကလည်း အဓမ္မပဲ အကောင်အထည် ဖော်ပေးရတာပဲလေ။ ဆယ်အိမ်မှူးတွေ ကနေပေါ့နော် လိုက်ပြောနေတယ်။ တရပ်ကွက်ကို ၅ဝ။ မလိုက်နိုင်လို့ရှိရင် လူငှား ထည့်ရမယ်။ ငှားခ ပေးရမယ်။ ဒီလိုပေါ့ဗျာ။ ထုံးစံအတိုင်း ပါပဲ။ ကုန်းဟောင်း ကုန်စုတ်ကြီးကို ထုတ်ရောင်းတဲ့ အတိုင်းပေါ့” ဟု အောင်လံ ဒေသခံ တဦးက ပြောသည်။

အောင်လံမြို့တွင် ရက်ကွက်ပေါင်း ရွာထောင်၊ စက်ရုံ၊ စမ်းချောင်း၊ သရော်ကုန်း၊ ဇေယျဝတီ၊ သရက်တော၊ ဈေးကုန်း၊ မကျီးကုန်း၊ ကန်ကြီး အစရှိသည့် ရပ်ကွက်များ ရှိပြီး မြို့နယ်အတွင်း၌ ကျေးရွာပေါင်း ၁၁၁ ရွာ ရှိကြောင်း သိရသော်လည်း ကျေးရွာသားများကို မည်သို့မည်ပုံ ခေါ်ယူနေသည်ကို မသိရသေးပေ။

အောင်လံသည် မကွေးနှင့် မိုင် ၁ဝဝ ကျော် ကွာဝေးပြီး ညီလာခံ ထောက်ခံပွဲကို ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်၍ ဒေသခံများ အနေဖြင့် မနက်ဖြန်တွင် အရောက် သွားရမည် ဖြစ်ကြောင်းနှင့် အာဏာပိုင်များက ချောဆွဲထားသည့် ကားများဖြင့် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“တချို့ သက်ဆိုင်ရာကို မှီခိုပြီးနေရတဲ့ သူတွေကတော့ လိုက်ရင် လိုက်မှာပေါ့ဗျာ။ ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့တော့ လိုက်မှာပေါ့ဗျာ။ မလိုက်ချင်ဘူးဆိုတဲ့ သူတွေဆီကနေ ပိုက်ဆံ တောင်းပြီးတော့ အဲဒီ ပိုက်ဆံတွေနဲ့ လူငှားပြီး ထည့်လိုက်မှာပေါ့ဗျာ။ အဲဒီ သဘောတွေလည်း ရှိနိုင်တယ်ပေါ့ဗျာ” ဟု ဒေသခံက ဆက်ပြောသည်။

ချောဆွဲခံရသူ ကားသမားကမူ “မတရားဘူး၊ မကျေနပ်ဘူးပေါ့၊ မလိုက်နိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ချောဆွဲတဲ့အခါ ကိုယ့်စရိတ်နဲ့ကိုယ်၊ ကိုယ့်ဆီ ကိုယ်ထည့်ရတယ်။ ပေးမယ် ဆိုပြီးတော့ ပေးချင်မှ ပေးတာကိုး။ အဲဒီလို အနိုင်ကျင့်တဲ့ အခါကျတော့ မလိုက်နိုင်ဘူး။ ကျနော်တို့က အခွန် ထမ်းထားတဲ့ ယာဉ်ဖြစ်တယ်” ဟု ပြောသည်။

အလားတူပင် တောင်တွင်းကြီးမြို့မှ ဌာနဆိုင်ရာတခုလျှင် ၆ ဦးကျ အနည်းဆုံး တက်ရောက်ရမည်ဟု မယက မှ ပြောထားရာ မီးသတ်၊ ကြံ့ဖွံ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး၊ စွမ်းအားရှင်များ အနေဖြင့် ၇ ရက်နေ့နံနက် ၁ နာရီတွင် တောင်တွင်းကြီးမှ မကွေးမြို့ရှိ ညီလာခံ ထောက်ခံပွဲသို့ သွားရမည်ဟု တောင်တွင်းကြီး ဒေသခံက ပြောသည်။

ချောက်မြို့၌လည်း ရယက ဥက� ဌ များ အပါအဝင် ဆယ်အိမ်မှူးများက ယနေ့တွင် တအိမ်တက် တအိမ်ဆင်း သွားရောက်ကာ မကွေးမှ ညီလာခံ ထောက်ပွဲသို့ မတက်မနေရ တက်ခိုင်းနေပြီး၊ မတက်ရောက်ပါက ကျပ် ၁ဝဝဝ မှ ၃ဝဝဝ အထိ ဒဏ်ငွေ ပေးဆောင် ရနိုင်သည်ဟု ပြောဆိုနေကြောင်း ချောက်ဒေသခံက ပြောသည်။

ကရင်နီတပ်နဲ့ နအဖ တပ်ရင်းများ တိုက်ပွဲဖြစ်
သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်များက ကယားပြည်နယ် အနီးတွင် အခြေစိုက်ထားသည့် နအဖ တပ်ရင်း နှစ်ခုကို ယမန်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာတွင် စစ်လက်နက် ပစ္စည်းများ သိမ်းဆည်းရမိကာ နအဖ တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ၃ မိုင်အကွာတွင် တည်ရှိသည့် ချီကပ်နှင့် ဒေါတချာရွာ အကြားတွင် အခြေစိုက်ထားသည့် နအဖ ခလရ ၅၄ တပ်စခန်း တခုကို ကရင်နီ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာတွင် လက်နက်ခဲယမ်း မီးကျောက်များနှင့် သေဆုံးတပ်သား ရုပ်အလောင်း ၃ လောင်းကို သိမ်းဆည်းရမိကာ ဖရူဆိုမြို့နယ် ကဒါလာ ကျေးရွာ အနီးတွင်လည်း ခလရ ၃၃၇ နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ကရင်နီဘက်က နေပြီးတော့ နအဖ အလောင်း ၃ လောင်းရတယ်။ နောက်ပြီးတော့ MA ၄ လက် ရတယ်။ PA ၁ တလက်နဲ့ လက်နက်ခဲယမ်း တချို့ သိမ်းဆည်း ရမိတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်” ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ) မှ အတွင်းရေးမှူး (၂) ခူဦးရယ် က ပြောသည်။

နအဖ တပ်စခန်းကို ကရင်နီတပ်သား အင်အား ၄ဝ ခန့်က ယခုလို စီးနင်း တိုက်ခိုက်ရာတွင် ကရင်နီဘက်၌ အကျအဆုံး မရှိကြောင်းနှင့် နအဖ တပ်များသည် အဆိုပါ ဒေသတွင် ခလရ ၅၄ ၊ ခလရ ၁ဝ၂ တပ်ရင်းများ လှုပ်ရှားနေသကဲ့သို့ အမြောက်တပ်များလည်း အခြေစိုက်ထားကြောင်း သိရသည်။

ဖရူဆိုမြို့နယ် ကဒါလာကျေးရွာ အနီးတဝိုက်တွင်လည်း ယမန်နေ့ နံနက် ၈ နာရီခန့်က ခလရ ၃၃၇ နှင့် ကရင်နီ တပ်ဖွဲ့များ ရင်ဆိုင်တိုက်ပွဲ တခု ထပ်မံ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်း ခူဦးရယ်က ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရု နယ်စပ် ဒေသများတွင် အခြေစိုက်ကာ နအဖ စစ်အစိုးရကို တိုက်ပွဲ ဝင်နေသော စစ်ရေး မဟာမိတ်အဖွဲ့ - အမ်အေ (Military Alliance-MA) က ယခုလ ၁ ရက်နေ့တွင် ကျေညာချက်တရပ် ထုတ်ပြန်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး အနေဖြင့် စစ်ရေး လှုပ်ရှားမှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ကျေညာခဲ့ပြီးနောက် ယခုလို တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမ်အေအဖွဲ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကချင် အမျိုးသား တပ်ဦး၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) နှင့် ချင်းအမျိုးသား တပ်ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကြားသိရသမျှ ရန်ကုန်က အခြေအနေ

ညီလာခံ ထောက်ခံပွဲ ရန်ကုန်မှာ မကျင်းပရဲ

စစ်အစိုးရ ဝန်ကြီးချုပ် စိုးဝင်း သေပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
အောက်တိုဘာလ ၄ ရက်၊ ၂၀၀၇ ခုနှစ်။

ကြားသိရသမျှ ရန်ကုန်က အခြေအနေ

ဒီကနေ့ ကြားသိရသည့် ရန်ကုန်မြို့က အခြေအနေ အချို့ကို တင်ပြလိုက်ပါသည်။

ညီလာခံ ထောက်ခံပွဲ မကျင်းပရဲ

“ညီလာခံ ထောက်ခံပွဲကိုတော့ သူတို့တွေ နယ်တွေမှာလို ရန်ကုန်ကို တအိမ်တယောက် မလိုက်မနေရတော့ လုပ်ခိုင်းမှာ မဟုတ်ဘူး။ အခုလည်း ဘာမှ မပြောသေးပါဘူး။ ကျနော် ထင်တာကတော့ သူတို့လူတွေ၊ ဝန်ထမ်းတွေ၊ စွမ်းအားရှင်တွေကိုပဲ အဓိကထားခေါ်ပြီး ထောက်ခံနိုင်မယ့် လူတွေကိုပဲ ခေါ်နိုင်တယ်။ အခုထိ မစီစဉ်ကြသေးတာကိုတော့ ကျနော်အနေနဲ့ ပြောရရင် ရန်ကုန်က ဆန္ဒပြတုန်းက အဓိက ဦးဆောင်တဲ့ လူတွေဆိုတော့ အခုချက်ချင်း သူတို့လုပ်ရင် ထောက်ခံပွဲ မဖြစ်ဘဲ၊ ဆန္ဒ ထုတ်ဖော်ပွဲ ဖြစ်နိုင်တယ် ဆိုတာလည်း သူတို့ တွက်မိနိုင်တယ်လေ”လို့ ရန်ကုန် မြို့ခံတဦးက သူ့အမြင်ကို ပြောဆိုပါတယ်။

အားလုံးက ထောက်ခံပွဲက အနုနည်းနဲ့တော့ ငြင်းကြမှာပါပဲ။ လာပါဆိုရင် လာမယ်ပေါ့။ ပြီးမှ မသွားကြတာပေါ့။ ထိပ်တိုက်ငြင်းရင်လည်း လောလောဆယ် သူတို့ လက်ထဲမှာလေ၊ ကိုယ်ပဲ ခံနေရမှာ။ ငွေညှစ်လို့ ရမယ့်လူဆိုရင် ငွေညှစ်မှာပေါ့။ ဆိုင်ဖွင့်နေတဲ့ လူတွေပေါ့ဗျာ။ သူတို့နဲ့ ဆက်စပ်နေတဲ့ လူတွေကိုပေါ့ဗျာ”

မသင်္ကာရင် ဖမ်းတယ်

“မနေ့က လှိုင်သာယာ ဂုံးတံတားမှာ ဝင်လာတဲ့ကားတွေကို ရပ်ခိုင်းပြီး စစ်ဆေးတယ်။ မသင်္ကာတဲ့ လူတွေကို ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်တဲ့ လူတွေကိုတောင် ငွေညှစ်တယ်။ ဈေးရောင်းသမား ဆိုတာကိုတောင် အစားအစားအလိုက် ၄-၅-၆ဝဝဝ၊ တသောင်းအထိ ငွေတောင်းတယ်။ ပြီးတော့ ဒါတွေ လုပ်တာတွေကို ပြင်ပ မီဒီယာ သမားတွေကိုလည်း မပြောရဘူးဆိုပြီး လက်မှတ် ထိုးခိုင်းတယ်လို့ ပြောတယ်။ ကိုယ့်အချင်းချင်းတွေဆီမှာပဲ ပြန်ပြောကြလို့ ကျနော်တို့လည်း တဆင့်သိရတာ။ ပြည်သူတွေကတော့ သူတို့တွေကို မုန်းရင်း မုန်းရင်းနဲ့ ရွံလာကြပြီဗျာ။ သူတို့ကိုတွေ့ရင် ပြဿနာ မဖြစ်အောင်သာ ရှောင်နေရတယ်။

ကျောက်တံတားမြို့နယ်တို့၊ ဆူးလေတဝိုက်က မြို့နယ်တွေမှာတော့ ကားတစီး မယက က လူတွေ ၅ ယောက်၊ ၆ ယောက်လောက် ရှိမယ်၊ ဆန္ဒပြထဲမှာပါတဲ့ လူတွေရဲ့ ဓာတ်ပုံ သူတို့တွေဆီမှာ ရှိတယ်။ လက်ခံထားတဲ့ အိမ်တွေကို၊ အိမ်ရှင်တွေကိုပါ အရေးယူမယ် ဆိုပြီးတော့ လိုက်အော်နေတယ်”

ငွေကြာယံက ဘုန်းကြီးအတုနဲ့ လုံခြုံရေး

“တောင်ဥက္ကလာ ငွေကြာယံ ကျောင်းတိုက်မှာတော့ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ သူတို့ လူတွေထဲက ဘုန်းကြီး အတုတွေပေါ့ ၄-၅ ပါးလောက် ထည့်ထားတယ်လို့ ပြောတယ်။ အခုတော့ မရှိတော့ဘူး။ ပတ်ဝန်းကျင်က သိတော့ ပြန်ထွက်သွားကြတယ်တဲ့။ လက်ကျန် ၅ ပါးလောက်ပဲ ကျောင်းမှာ ရှိတယ်။ လောလောဆယ်ပေါ့။ အစောင့်တွေတော့ တရားဝင် ရပ်ကြည့် စောင့်နေတာမျိုးတော့ မရှိဘူး။ နာရီဝက် တခါလောက်တော့ စစ်ကား ၅ စီးက လှည့်နေတယ်လို့ သိရတယ်။ ဒါကတော့ တမြို့လုံး နီးပါးကို လှည့်နေတဲ့ သဘောပါ။

လှည့်နေတဲ့ တပ်တွေကတော့ တပ်မ ၂၂၊ ၆၆၊ ၇၇ တွေပေါ့။ အရာရှိက ကားသေးသေးလေးနဲ့ အလယ်မှာပါတယ်။ တန်းစီပြီး နာရီဝက် တခါ၊ တချို့ နေရာတွေတော့ ၁ နာရီ တခါပေါ့ဗျာ၊ လှည့်နေတာပဲ။ စောင့်ကြည့်နေတာကို တွေ့တွေ့နေရတယ်။

ဈေးတွေမှာလည်း သီးသန့် စောင့်နေတာတော့ မရှိပါဘူး။ စစ်ကား ၅ စီး၊ ၆ စီးကတော့ ဒီကောင်တွေပဲ၊ လှည့်နေတာ။ ပြန်လူစုနေတယ်လို့ သူတို့လည်း သတင်းကြားလို့ ထင်တယ်။ နည်းနည်း လုံခြုံရေး ပြန်ကျပ်နေတယ်”

သံဃာတော်တွေ ပျောက်ဆုံးနေ

“အလုံမြို့နယ်၊ အောင်မင်္ဂလာ ကျောင်းက ဘုန်းကြီးတွေကို နေရပ်တွေကို ပြန်ခိုင်းတယ်။ ဒကာ၊ ဒကာမတွေက မြိတ်ပြန်မယ့် ဘုန်းကြီး တွေကို ကားတစီး စင်းလုံးငှါးပြီး၊ ပြန်ခိုင်းတာ၊ ဘုန်းကြီးကျောင်းကနေတော့ အပါး ၆ဝ လောက် အတူတူ ထွက်လာခဲ့ပြီး လမ်းမှာ ကျနော် ထင်တယ်၊ ရန်ကုန်အထွက်မှာ ဘုန်းကြီးတွေကို ၁ဝ ပါးလောက်ကိုပဲ လမ်းမှာ စောင့်ကြပ်နေတဲ့ အာဏာပိုင်တွေက သွားခိုင်းပြီး ကျန်တာတွေကို အုပ်စု ခွဲခိုင်းပြီး၊ သွားခိုင်းတယ်။ သာမန် ပြည်သူတွေထက်တောင် ဘုန်းကြီးတွေကို ဖိနှိပ်တယ်၊ မသင်္ကာ လုပ်တယ်လို့ သိရတယ်။ ပြန်သွားတဲ့ ဘုန်းကြီးတွေ တချို့ဆို အိမ်ကို ပြန်မရောက်ကြသေးဘူးလို့လည်း သိရတယ်။

ကျနော်တို့ ဘုန်းကြီးတပါးလည်း ဖမ်းသွားတဲ့အထဲ ပါသွားတာ၊ မနေ့ကတော့ ပြန်လွတ်လာပြီ။ သူလည်း ဒီမှာ မနေတော့ဘူး။ သူ့ရွာကိုပဲ ပြန်တော့မယ်လို့ ပြောတယ်။ မျက်နှာမှာ ဒဏ်ရာတွေနဲ့ဗျာ။ အထဲမှာ အရိုက်ခံရတဲ့ ဘုန်းကြီးတွေလည်း များတယ်တဲ့၊ တချို့လည်း မခံရတာလည်း ရှိတယ်တဲ့ဗျာ”

ကျောင်းသားတွေလည်း ကျောင်းမတက်သေး

“ကျောင်းတွေကတော့ ပြန်ဖွင့်နေပါပြီ။ ဒါပေမဲ့ ကျောင်းသားတွေ၊ တချို့ မိဘတွေကတော့ ကြောက်တော့ မတက်ခိုင်းကြဘူး။ ဒါကို ကျောင်းကလည်း ပျက်ရက် များတယ်၊ ဘာတယ် ပြောတာမျိုးတော့ မရှိပါဘူး။ အရင်ဆို ဒါမျိုးကို ကျောင်းက နားမလည်ပေးဘူးလေ။ အခုတော့ အချင်းချင်း နားလည် ပေးနေကြတယ်”

စစ်ကိုင်းတိုင်း ရွှေဘိုက တန်ပြန်ဆန္ဒပြပွဲ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း သံဃာလူထု ဆန္ဒပြပွဲကြီးကို ဆန့်ကျင်သည့် အနေဖြင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာသားများကို ခေါ်ယူကာ ယနေ့ နံနက်ပိုင်းက တန်ပြန် ဆန္ဒပြပွဲ တရပ်ကို ပြသခဲ့သည်ဟု ဒေသခံ တဦး၏ ပြောဆိုချက်ကို တင်ပြလိုက်ပါသည်။

“သူတို့က မြို့ပေါ်ကလူတွေကိုတော့ သိပ်မခေါ်ဘူး။ တချို့ ရပ်ကွက်တွေဆို မသိရဘူးဗျာ။ ကျနော်ဆို မသိဘူး။ အော်သံကြားမှ သိရတယ်။ တက်လဲ မတက်ချင်ကြဘူးလေ။ အနီးတဝိုက်မှာ ရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေကို တအိမ်တယောက် မတက်မနေရလို့ ပြောတယ်။ ဒါပေမဲ့ တချို့ လာကြတယ်။ အားလုံးတော့ မလာကြဘူး။ ထမင်းကျွေးမယ်၊ ပိုက်ဆံလည်း ပေးမယ်ဆိုပြီး ခေါ်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ချိုချဉ် နှစ်လုံးနဲ့ ရေပဲတိုက်လို့ မကျေနပ်ဘူးလို့ ပြောနေကြတယ်လေ။

စခေါ်တာကတော့ ရပ်ကွက်တွေမှာပေါ့နော် သူတို့ ရယက ကို ၅ နာရီခွဲ အရောက်လို့ ပြောတယ်။ ခေါ်ပြီး အဲဒီကနေမှ ပန်းခြံကို ချီတက်သွားတယ်။ ပန်းခြံမှာ စုရပ်လုပ်ပြီးမှ ထွက်တယ်။ လမ်းလေးခွကနေ နန်းမတော်ပေါ့၊ နန်းမတော်ကနေ မြို့ပြင်မှာရှိတဲ့ တောင်တံခါးရပ် ကားကြီးကွင်းနဲ့ကပ်ရက် ကြံ့ခိုင်ရေးရုံးမှာ ဂိတ်ဆုံးတယ်။

ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တို့ ဦးဆောင်ပြီး ‘ဆူပူမှုကို အလိုမရှိ၊ ငြိမ်းချမ်းမှုကို လိုလားသည်၊ အေးချမ်းမှုကို လိုလားသည်’ တို့ကို ရှေ့ကနေ မိုက်နဲ့ အော်ပေးတာပေါ့လေ။ ဒါပေမဲ့ နောက်က လူတွေက လိုက်မအော်ဘဲနဲ့ ‘ဒို့အရေး ... ဒို့အရေး’ တွေ လျှောက်အော်တယ်။ အမှတ် ၅ ရပ်ကွက်ကတော့ ပြောင်းပြန်။ ‘ဒို့အရေး’ အော်လို့ အဲဒီလူတွေကို လိုက်ဖမ်းတယ်လို့ ရပ်ကွက်မှာ ပြောနေကြတယ်။ အဲဒီလူတွေလည်း ထွက်ပြေးနေတယ်လို့ ပြောနေကြတယ်လေ။

သူတို့ကတော့ တရပ်ကွက်ကို လူ ၅ဝ သွားရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ မြို့ကလူတွေက ဘယ်သူမှ စိတ်မဝင်စားကြဘူးလေ။ တချို့က လမ်းဘေးနား ရောက်လာလို့ ထွက်ကြည့်တော့ သူတို့က ကြံ့ခိုင်ရေးတွေက ဓာတ်ပုံရိုက်တာကို ဘေးက ရပ်ကြည့်နေတဲ့ အဲဒီ လူတွေက အရိုက်မခံဘူးပေါ့ဗျာ။ အိမ်ထဲကို ထွက်ပြေးကြတယ်လေ။ သူတို့က ဓာတ်ပုံရိုက်တာပေါ့ဗျာ။ ကျောင်းဆရာ၊ ဆရာမတွေကလည်း အရိုက်မခံဘူး။

ဒီပွဲက ကျနော်တို့ မသိရဘူးဗျာ။ ကြွေးကြော်မှပဲ ဘာဖြစ်လဲလို့ အချင်းချင်း လိုက်မေးမှ အဲလို ရှုတ်ချပွဲ လုပ်တာပေါ့လေ။ သံဃာတွေ ဆန္ဒပြတာကို တန်ပြန်ပြီးတော့ ကြံ့ခိုင်ရေးကနေ ဦးစီးပြီးတော့ လုပ်တယ်လို့ အများက ပြောနေကြတယ်လေ။ ဇီးတော၊ မင်းကုန်း၊ ဦးရနော်၊ ခဒေါင်း၊ ကျား၊ ပဲခူး၊ မင်းကျောင်း စတဲ့ ရွာတွေကို ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက လိုက်ခေါ်ထားတာ။

ကျနော်တို့ ရွှေဘိုကတော့ ၈၈ တုန်းက တနိုင်ငံလုံး ပါတုန်းကတော့ ရွှေဘို မပါသေးဘူးပေါ့နော်။ ရွှေဘိုက အောင်မြေမြို့ကိုး။ ဦးအောင်ဇေယျ လမ်းတရာမြို့ကို နာမည်ကလည်း ငါးမည်ရ ပြည်ရွှေဘို ဆိုတာလေ။ ရွှေဘိုပါသွားရင် တနိုင်ငံလုံး ပါသွားတယ်လေ။ အရေးအခင်း ဖြစ်တုန်းက ရွေဘိုက နောက်ကျမှ ဖြစ်တယ်လေ။ နောက်ရက်တွေ ကြာတော့ တနိုင်ငံလုံး ဖြစ်သွားတယ်လေ။

အခုလည်း သံဃာတွေ ၃ ရက်လောက် လှည့်ပြီးတော့ နည်းနည်းတော့ ဖြစ်သွားတယ်လေ။ နောက်ထပ် ရွှေဘိုမြို့မှာ ဆူပူမှု မဖြစ်အောင်လို့ပဲ ထိန်းထားတာပေါ့ဗျာ။ ရွှေဘို စပြီဆိုရင် အမြဲတမ်း ဒီအတိုင်းပဲ။ ကျနော်တို့ မှတ်သားထားသလောက်က တပြည်လုံး ဖြစ်တာ များတာကိုး။ ပြီးတော့ လူကြီး ဆရာသမားတွေ၊ ကိုးကွယ်နေတဲ့ ဆရာတော်တွေက ပြောတယ်လေ ရွှေဘိုပါရင် အကုန်လုံး ပါတာ များတယ်တဲ့၊ ထိန်းလို့ မရတော့ဘူးတဲ့လေ။ ရွှေဘိုက အဓိက ကျတယ်တဲ့။

ဟို တခြားနေရာမှာ ဆူနေချိန် ဒီ ရွှေဘိုမှာ အနောက်မြောက်တိုင်းမှူး ဗိုလ်ချုပ် သာအေးကိုယ်တိုင် ၂ ရက် နေသွားတယ်။ လာစောင့်တယ်ဗျာ။ ဒီမှာလှည့်မယ် ဆိုပြီးတော့။ မလှည့်ခင် ၂ ရက်လောက်ကပေါ့နော်။ ဘုန်းကြီး အတုတွေလည်း လွှတ်ထားတာ အများကြီးပဲ။ ဒါပေမဲ့ ဗိုလ်ချုပ် သာအေး ပြန်တဲ့ နောက်တရက်မှာပဲ ဖြစ်သွားတယ်။ နောက်တရက် နေ့ခင်း ၁၂ နာရီ၊ ၁ နာရီလောက်မှာ စပြီး ထဖြစ်တယ်လေ။

ပြတုန်းက နှစ်ဖွဲ့ ဖြစ်သွားတယ်လေ။ တောင်ပိုင်း သံဃာနဲ့ မြောက်ပိုင်း သံဃာပေါ့လေ။ ကျနော်တို့ စတာကတော့ တောင်ပိုင်း ဘုံစံက စတယ်။ မြောက်ပိုင်း စတော့ စာသင်တိုက်တွေ များတော့ စုရပ်အနေနဲ့ ထွက်လာတယ်လေ”

မြစ်ကြီးနား တက� သိုလ်ကို စစ်တိုင်းမှူးက ပိတ်ပစ်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တက� သိုလ်အား အာဏာပိုင်များက စက်တင်ဘာ ၂၇ ရက်နေ့တွင် ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး နယ်ကျောင်းသားများကို ယခုလ ၁ ရက်နေ့တွင် အတင်းအကျပ် နေအိမ်များသို့ ပြန်ခိုင်းနေသည်။

သံဃာတော်များ၏ ဦးဆောင်မှုအောက်တွင် ကျောင်းသားများ ပါဝင် ဆန္ဒပြလာမည်ကို စိုးရိမ်သဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့်၏ အမိန့်ဖြင့် မြစ်ကြီးနား တက� သိုလ်ကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ် မရှိ ပိတ်လိုက်ခြင်း ဖြစ်ပြီး နယ်ကျောင်းသားတွေကို ယခုလ ၁ ရက်နေ့မှ စတင်ကာ နေရပ်သို့ ပြန်ခိုင်းလိုက်ခြင်း ဖြစ်သည်။

“ချက်ချင်းကြီး ပိတ်လိုက်တာပါ။ ပထမနှစ်တွေရဲ့ စာမေးပွဲ နောက်ဆုံးရက်မှာပေါ့။ ဘာကြောင့်လည်း ဆိုတော့ ကျောင်းသားတွေ ဆန္ဒပြလာမှာ စိုးလို့တဲ့။ အဝေးသင်နဲ့ ဒေး (နေ့ပိုင်း) တက်တဲ့လူတွေ အားလုံးကို ပိတ်လိုက်တာပါ။ တိုင်းမှူး ကိုယ်တိုင် ဆရာ၊ ဆရာမတွေကို ပြောထားတယ်တဲ့။ မနက်ဖြန်ကနေ ကျောင်းပိတ်လိုက်ပြီလို့ ဆရာမတွေ လာပြောတယ်။ ဒါပဲပြောတယ်။ တလလောက် ပိတ်မယ်လို့တော့ ပြောတယ်” ဟု ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။

နယ်ကျောင်းသားများ နေရပ်ရင်းသို့ အမြန်ဆုံး ပြန်သွားနိုင်ရန်အတွက် တိုင်းမှူးက လေယာဉ်၊ မီးရထားနှင့် ကားလက်မှတ် အရောင်းဌာနများကို ကျောင်းသားများအတွက် ဦးစားပေး ရောင်းချရန် အမိန့် ထုတ်ထားသည်ဟုလည်း သိရသည်။

တက� သိုလ်ကျောင်းကို ပိတ်လိုက်ပြီ ဖြစ်သော်လည်း အထက်တန်း ကျောင်းများမှာမူ ဆက်လက်၍ ပုံမှန် ဖွင့်နေသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့စွန် စီတာပူ ရပ်ကွက်တွင် တည်ရှိသည့် မြစ်ကြီးနား တက� သိုလ်တွင် မိုးကောင်း၊ မိုးညင်း၊ ဟိုပင်၊ ဗန်းမော် အစရှိသည့် နယ်မြို့များမှ ကျောင်းသူ ကျောင်းသားများမှာ ကျောင်းနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသည့် အဆောင်အခန်းများကို ငှားကာ စုပေါင်း နေထိုင်ကြရသဖြင့် ယခုလို ရုတ်တရက် ကျောင်းပိတ်ကာ နေရပ်သို့ ပြန်ခိုင်းနေသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

“အဝေးကလာတဲ့ လူတွေဆို ပိုခက်တာပေါ့။ တချို့ဆို ပြန်ဖို့ လမ်းစရိတ် မရှိဘူးလေ။ နယ်က လာတဲ့လူက ပိုများတယ်။ ကျောင်းကတော့ ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာ နိုဝင်ဘာ လကုန်လောက်မှ သိရမှာ ဆိုတော့ တချို့ နယ်ကျောင်းသားတွေက သူငယ်ချင်းအိမ်တွေမှာ ခိုကပ်နေရတယ်” ဟု အခြား ကျောင်းသား တဦးက ပြောပြသည်။

နိုင်ငံနှင့်အဝှမ်း သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေချိန်တွင် မြစ်ကြီးနားမြို့ရှိ ကျောင်းသားများကလည်း သံဃာတော်များ စီတန်း လှည့်လည်မှုတွင် လိုက်ပါခဲ့ကြရာ အာဏာပိုင်များက ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ကျောင်းသားအချို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုလည်း သိရသည်။

ရွှေဘို အန်အယ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦးကို ယမန်နေ့ညတွင် ဒေသ အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားသည်။

ရွှေဘိုမြို့နယ် အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင် ဦးအောင်မျိုး (၅ဝ နှစ်)၊ ပါတီဝင် ကိုကျော်သီဟ (၂ဝ နှစ်)နှင့် ကျူရှင်ဆရာ ကိုမောင်မောင်သန်း (ဓါတုဗေဒ) တို့ ၃ ဦးအပြင် အခြားဒေသခံများ ဖြစ်သည့် အောင်စုထူးပိုင် ထီဆိုင်ပိုင်ရှင် ကိုသန်းနိုင်ဦး၊ ကိုမင်းညိုတို့ ၅ ဦးကို ယနေ့ညတွင် ဒုရဲအုပ် နိုင်နိုင်ထွန်း၊ ရဲတပ်သား ၃ ဦး၊ ရယက အဖွဲ့ဝင် ဦးတင်အောင်တို့က နေအိမ်များသို့ လာရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဧည့်စာရင်း စစ်တာပါလို့ ပြောပြီး လာခေါ်သွားကြပါ။ သူ့ဖုန်းလိုင်း အဖြတ်ခံထားရတယ်လေ” ဟု ဦးအောင်မျိုး၏ မိသားစုဝင်များနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံတဦးက “ကိုမင်းညိုက ကွမ်းသီးရောင်းတယ်။ သူက သံဃာတွေ ဆန္ဒပြတုန်းက ဆိုင်ကယ်နဲ့ ရေသန့်ဗူးတွေ ကပ်လှူနေတဲ့ ပုံက ရန်ကုန်က ထောက်လှမ်းရေး ကင်မရာထဲမှာ ပါတယ်။ အဲဒီဆိုင်ကယ် ပါနေတယ်လို့ ပြောတယ်” ဟု ပြောသည်။

ကိုကျော်သီဟ၏ နေအိမ်ရှိ ပစ္စည်းများကိုမူ မွှေနှောက် ရှာဖွေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ယခင်နှစ်များ အတွင်းက ချဲနှင့် ပတ်သက်သည့် စာရွက်အချို့ကို သိမ်းဆည်းသွားကြောင်းနှင့် ယနေ့ နေ့ခင်းပိုင်းတွင် မိဘများမှ ခယက၊ အထူး ရဲသတင်း တပ်ဖွဲ့၊ စုံစမ်း စစ်ဆေးရေး ရုံးနှင့် မြို့နယ် ရဲစခန်းသို့ သွားရောက် စုံစမ်းရာတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားခြင်းကို မသိရှိရဘဲ ပြန်လာကြရကြောင်း သိရသည်။

“သူတို့က အခုအချိန်မှာ အန်အယ်ဒီတွေကို ဦးစားပေးပြီး ဖမ်းနေတာ။ တနိုင်ငံလုံးပဲ လျှောက်ဖမ်းနေတာ။ အဖွဲ့ဝင်အဖြစ် မလုပ်နိုင်အောင်ပေါ့ဗျာ။ ဥပမာ အသံလွှင့် ဌာနတွေနဲ့ မပြောနိုင်အောင်လို့ ပေါ့ဗျာ။ ပြန့်မသွားအောင် ထိန်းချုပ်တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

မတ္တရာမြို့နယ် ညီလာခံ ထောက်ခံပွဲ ခြိမ်းခြောက်၍ တက်ခိုင်း

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

မန္တလေးတိုင်း မတ္တရာမြို့တွင် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲ တရပ်ကို ယခုလ ၂ ရက်နေ့က ကျင်းပရာတွင် အာဏာပိုင်များက အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာသားများကို မတက်ရောက်ပါက ဒဏ်ငွေပေးရမည်ဟု ဆိုကာ ခြိမ်းခြောက်၍ အတင်းအကျပ် တက်ခိုင်းခဲ့သည်။

ညီလာခံ ထောက်ခံပွဲအတွက် ရာအိမ်မှူးများနှင့် ကြံ့ဖွံ့ အဖွဲ့ဝင်များက မြို့နယ် အနီးရှိ ကျေးရွာများမှ ရွာသား ၃ဝဝဝ ခန့်ကို မတက်မနေရ တက်ခိုင်းပြီး မတက်ရောက်လျှင် ဒဏ်ငွေပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုကာ တက်ရောက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“မတက်ရင် နောက်ပြဿနာကို ကိုယ်တိုင် ရှင်းရမယ်တဲ့။ တချို့လူတွေ ရှိတာပေါ့နော်၊ တနေ့လုပ်မှ တနေ့စားရတာ။ သူတို့ ပြောတာက ကျပ် ၂ဝဝဝ ပေးရမယ် ပြောလိုက်၊ ၅ဝဝဝ ပေးရမယ် ပြောလိုက်နဲ့ လူတွေက ကြောက်ပြီးတော့ သွားကြတယ်” ဟု မြို့ခံတဦးက ပြောသည်။

ကျေးရွာသားများ၊ မြို့ပေါ် အာဏာပိုင် အဖွဲ့ဝင်များ အပါအဝင် လူဦးရေ ၄ဝဝဝ နီးပါးဖြင့် မြို့လယ်သို့ ချီတက်ပြီး မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး အနောက်ဘက်ရှိ မြနန္ဒာလမ်းအတိုင်း ဆက်သွားကာ ဘောလုံးကွင်းထဲသို့ ဝင်ရောက်၍ ပြန်လာခဲ့ကြကြောင်းနှင့် လမ်းတလျှောက် ကြွေးကြော်သံများ အော်ဟစ်သွားကြကြောင်း သိရသည်။

“ကြွေးကြော်သံတွေက ရှေ့ကနေ ကားတစီးပေါ်ကနေ မိုက်နဲ့ အော်တယ်။ ဒီအတိုင်း လိုက်အော်ကြတာပေါ့နော်။ နောက်ဆုံးက လူတွေကတော့ ကိုယ်အော်ချင်တာ အော်တာပေါ့။ ‘အကုန်လုံးကို ဆန့်ကျင်ကြ ... ဆန့်ကျင်ကြ’ လိုက်အော်တဲ့ လူတွေလည်း ရှိတယ်။ နောက်ကနေ နောက်ဆုံး အလုံးလေးတွေအပြီး ‘ရေး’-‘ရေး’-‘ရေး’ လို့ အော်တဲ့သူက အော်နဲ့” ဟု မြို့ခံကပင် ဆက်ပြောသည်။

လက်ကိုင်ပိုစတာများတွင် ‘အန်အယ်ဒီ ... အဖျက်သမားများ’၊ ‘သာသနာကို ... ထွန်းကားအောင် လုပ်ကြ’ အစရှိသည်များ အပါအဝင် စာတမ်း အများအပြားကို ရေးသားထားကာ ကိုင်ဆောင် ထားရသည်ဟု သိရသည်။

မတ္တရာမြို့ရှိ တခုတည်းသော အထက်တန်းကျောင်းကို ဆက်လက်၍ ဖွင့်လှစ်ထားပြီး လုံခြုံရေးလည်း အထူးအထွေ ချထားခြင်း မရှိကြောင်း သိရသည်။

ကုလ လူ့အခွင့်အရေး ကောင်စီက မြန်မာပြည်တွင်း ဝင်ရောက်စစ်ဆေးလို

မုံပီး (မဇ္ဈိမသတင်းဌာန)

အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်မှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြင်းထန်စွာ ရှုတ်ချလိုက်ကာ မြန်မာပြည်တွင်း အခြေအနေများကို ချက်ချင်း စုံစမ်း စစ်ဆေးရန်အတွက် ခွင့်ပြုရန်လည်း တောင်းဆိုလိုက်သည်။

ကုလ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ အပေါ် အထူးဆွေးနွေးပွဲ တရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ စုံစမ်းစစ်ဆေးရေး အတွက် အထူး ကိုယ်စားလှယ်ကို စေလွှတ်ခွင့်ပြုရန် နအဖ စစ်အစိုးရကို တောင်းဆိုသည့် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဆုံးဖြတ်ချက်တွင် “ဆက်လက် ကျူးလွန်နေသည့် အာဏာပိုင်များမှ အာဏာသုံး၍ ရိုက်နှက်မှုများ၊ သတ်ဖြတ်မှုများ၊ တဖက်သတ် ဖမ်းဆီးမှုများ အပါအဝင် မြန်မာပြည်တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖိနှိပ်နေသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်”ဟု ဖော်ပြ ပါရှိသည်။

“လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ပေါ်ဆာဂျီယို ပီညဲရိုးကို မြန်မာပြည်ထဲ လာရောက်ခွင့်ပြုဖို့နဲ့ အခြေအနေတွေကို စုံစမ်း စစ်ဆေးနိုင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုလိုက်တယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြန်မာ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်း နအဖ စစ်အစိုးရက သံဃာတော်များ ဦးဆောင်သည့် ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲများကို ပစ်ခတ်မှုများ ပြုလုပ်ခြင်းအားဖြင့် လူမဆန်စွာ နှိမ်နင်းခဲ့ပြီး၊ သန်းခေါင်ယံတွင် ဘုန်းတော်ကြီး ကျောင်းများသို့ ဝင်ရောက်စီးနင်းကာ သံဃာတော် အပါး ၂ဝဝ ထက်မနည်း ဖမ်းဆီးခဲ့သည်။

မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး သက်တမ်း နှစ်ပေါင်း ၂ဝ နီးပါးအတွင်း အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နှိမ်နင်းစဉ်အတွင်း လူပေါင်း ၁ဝ ဦးမျှသာ သေဆုံးခဲ့သည်ဟု နအဖ စစ်အစိုးရက တရားဝင် ပြောဆိုခဲ့သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ ထောင်ပေါင်းများစွာ မဟုတ်လျှင်ပင် ရာချီ၍ သေဆုံးနိုင်သည်ဟု ပြောဆိုသည်။

ရန်ကုန်ရှိ သတင်း ရပ်ကွက်များက သံဃာတော်များ၏ ရုပ်အလောင်းများစွာကို ရန်ကုန်မြစ်အတွင်း မျောပါနေသည်ကို တွေ့ရှိခဲ့သည်ဟု ပြောဆိုကြကာ၊ ခန္ဓာကိုယ်များတွင် သေဆုံးသည်အထိ ရိုက်နှက် ခံထားရသည့် ဒဏ်ရာများကိုလည်း တွေ့မြင်ရသည်ဟု ဆိုသည်။

အဆိုပါ သတင်းရပ်ကွက်များက မြန်မာစစ်တပ်သည် သန်းခေါင်ယံတွင် အနည်းဆုံး ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းကို ဝင်ရောက် စီးနင်းခဲ့ကာ အနည်းဆုံး သံဃာတော် အပါး ၂ဝဝဝ ခန့်ကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးရှိ ဘုန်းတော်ကြီးကျောင်းများကို ဆက်လက် ပိတ်ဆို့ထားပြီး၊ အတိုက်အခံ ပါတီဝင်များ သာမက အခြား တက်ကြွသူများ၏ နေအိမ် အများအပြားသို့လည်း ညပိုင်းတွင် အာဏာပိုင်များက စီးနင်းမှုများ ပြုလုပ်ခဲ့သည်ဟု သတင်း ရပ်ကွက်များက ပြောသည်။

ကုလ လူ့အခွင့်အရေး ကောင်စီက အစိုးရတရပ်ကို မကြုံစဖူး ဝေဖန်လိုက်ပြီး စေလွှတ်မည့် အထူး ကိုယ်စားလှယ်သည် ရှာဖွေ တွေ့ရှိချက်များကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြုံရေး ကောင်စီသို့ တင်သွင်းမည် ဖြစ်ကာ တင်သွင်းချက်များကြောင့် ကုလ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးရန်အတွက် အထောက်အကူ များစွာ ပံ့ပိုးပေးနိုင်မည်ဟု သုံးသပ်သူများက မျှော်လင့်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာဖြစ်သူ ကိုအောင်မျိုးမင်းက လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်သည် လုပ်ပိုင်ခွင့် အာဏာ မရှိသည့်အတွက် စစ်အစိုးရက အထူး ကိုယ်စားလှယ်ကို ဝင်ရောက်ခွင့် မပြုပါက အကျိုးသက်ရောက်မှု နည်းပါးနိုင်သည်ဟု ပြောဆိုသည်။

“မေးခွန်းတင်တာက နအဖ စစ်အစိုးရက အထူး ကိုယ်စားလှယ်ကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုရင် ဘာဆက်လုပ်ကြမလဲ။ တကယ်လို့ ဝင်ခွင့်ပြုတယ်ပဲ ထားအုံးတော့ အစိုးရက အခုအခါ သက်သေ အထောက်အထားတွေကို ဖျက်ဆီးနေတယ်လို့ ကြားတယ်။ ဒါကြောင့် အထူး ကိုယ်စားလှယ်အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ တိတိကျကျ စုံစမ်း ဖော်ထုတ်နိုင်မလဲ ဆိုတာလည်း မေးခွန်း ထုတ်စရာပါပဲ” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန်အတွက် လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက ငြင်းပယ် ခံထားရသည့် မစ္စတာ ပီညဲရိုးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ၆ ဦးနှင့်အတူ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲသည့် လုပ်ရပ်နှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရကို ရှုတ်ချသည့် ကျေညာချက်တစောင် ထုတ်ပြန်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ ကောင်စီအနေဖြင့် “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု ရှိလာစေရန်အတွက် လိုအပ်သည့် လုပ်ငန်း အဆင့်များကို ဆောင်ရွက်ရေးအတွက် ခိုင်မာသည့် ဆုံးဖြတ်ချက်များ ပြသရန်” လည်း ပြောဆိုထားသည်။