Thursday 4 October 2007

ဒီကနေ့ ရန်ကုန်မြို့ အခြေအနေ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

လုံခြုံရေး၊ ရှာဖွေရေးနှင့် ကာဖျူး

“ကျိုက� ဆံ ဘုရားဝင်းထဲမှာတော့ အင်အား ၅ဝ လောက် ကျန်သေးတယ်။ အပြင်မှာက ၂ဝ လောက် ရှိတယ်။ ၂၇ ရက်နေ့မှာ အကြီးအကျယ် ဖြစ်သွားတဲ့ နေရာမှာလေ။ ကျိုက� ဆံ ဘုရားဝင်းမှာပါ။

ပုဇွန်တောင်ဘက် ဗိုလ်တထောင် ဘုရားလမ်းနဲ့ ဗိုလ်ချုပ် လမ်းထောင့်မှာလည်း မရှိတော့ဘူး။ လုံထိန်းလည်း မတွေ့တော့ဘူး။ တပ်လည်း မတွေ့တော့ဘူး။ အရင်နေ့ကဆိုရင် ၂ဝ လောက်ရှိတယ်။ တမြို့လုံးမှာ တော်တော်လေးတော့ လျှော့လိုက်ပြီ ခင်ဗျ။

ကျနော် ထင်တာကတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးမှာပဲ ကျန်တော့မယ် ထင်တယ်။ အများကြီး လိုက်ချထားရင် သတင်းပြောမှာ စိုးလို့လား မသိဘူးဗျာ။ သူတို့က အခြေအနေ ကောင်းတယ်လို့ ပြချင်လို့လား မသိဘူး။ လျှော့တာကတော့ တော်တော်လေး လျှော့ထားတယ်။ သံဆူး ကြိုးတွေက ဖြုတ်ထားပေမယ့် လမ်းဘေးမှာ ချထားသေးတယ်။ ပြန်ဖြစ်လာရင် အချိန်မရွေး ဖြစ်ဖို့ နေမှာပေါ့၊ သိမ်းတော့ မသိမ်းသေးဘူးဗျာ။ ပြည်ထဲရေး ရုံးနားမှာ ဆိုရင်လည်း ချထားတုန်းပဲဗျာ။

ပြည်သူတွေကို လူသွားတဲ့ နေရာလမ်းတွေမှာပေါ့။ အရင် ဖြစ်သွားတဲ့ နေရာတွေမှာပေါ့နော်။ ဘုန်းကြီး လမ်းထောင့်တို့မှာတော့ သူတို့လူတွေ ချထားပြီး မသင်္ကာရင် ခေါ်မေးတယ်။ လက်ကိုင်ဖုန်းတို့၊ MP 3 တို့၊ ကင်မရာ ပါတာတို့ဆိုရင် သူတို့က ခေါ်သွားတာ တွေ့ရတယ်။ အေးတော့ တော်တော်အေးသွားပါပြီ။

မြို့ထဲမှာဆိုရင်လည်း မြို့တော် ခန်းမတို့မှာတော့ ထည့်ထားအုန်းမယ်ဗျာ၊ မဆုတ်လောက်ဘူး။ ဆူးလေမှာတော့ ၅ဝ လောက်ရှိမယ်။

ငွေကြာယံ ကျောင်းဘက်မှာ လုံခြုံရေးကတော့ စစ်ကား ၃ စီးစာ ထည့်ထားတယ်။ ကားတော့ ခြံဝင်းနားမှာ ချထားတယ်။ အထဲမှာက ကား ၃ စီးစာ ဆိုတော့ တစီးမှာက သူတို့ စစ်သား ၁၅ ယောက်လောက် စီးတယ်။ ၃ဝ၊ ၄ဝ ယောက်လောက်တော့ ရှိမယ်။ အဲဒီ လမ်းနားလာတဲ့ လူတွေကိုလည်း ဆွဲလား၊ စစ်လား လုပ်တယ်။

ရန်ကင်းမှာ အရင်က ည ၉ နာရီ၊ မနက် ၆ နာရီ ညမထွက်ရ အမိန့် ထုတ်ထားတာ။ အဲဒါကတော့ တပတ်ကျော်လောက်သာ ရှိသေးတယ်။ မနေ့ညကတော့ ည ၁ဝ နာရီ၊ မနက် ၄ နာရီ ပြန်ပြောင်းတဲ့ အကြောင်း ပြန်လိုက်အော်တယ်။ အဲဒီအချိန်မှာ အပြင်မထွက်နဲ့ ဆိုပြီး အော်တယ်။ သူတို့ကားနဲ့ ရယက ကနေပြီးတော့ လိုက်အော်ပြောတယ်။

ကျနော် ထင်တာက အခုလို ပြန်ပြောင်း လုပ်တာဟာ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တယ်ထင်လို့ပေါ့။ နောက် သူတို့က လူတွေ လှုပ်လှုပ်ရှားရှား မရှိအောင် ဒီလို သတ်မှတ်လိုက်တာ နေမှာပေါ့။ တချို့ကျတော့လည်း အဆင်မပြေကြဘူး။ နောက် ဒီမှာကလည်း ဘာမှ ထွေထွေထူးထူး မရှိတော့ဘူးလေ။ ကျောင်းတိုက်တွေက သံဃာတွေ အားလုံး နီးပါးကိုလည်း သူတို့က အေးအေးဆေးဆေး ထည့်ထားတယ် ဆိုတော့ သူတို့က အခုအချိန်ကို ပြန်သတ်မှတ်လိုက်တယ် ထင်တယ်။

အခုတော့ သွားရလာရတာ နဲနဲလေး ကသိကအောက် ဖြစ်တယ်လေ။ ဈေးသမားတွေဆိုရင် အစောကြီး ထွက်ကြရတယ်လေ။ ၄ နာရီလောက်သွားမှ ငါးတို့၊ ဟင်းသီးဟင်းရွက်တို့ဟာ မနက်အစောကြီးသွားမှ ဈေးကို ၆ နာရီလောက် ပြန်ရောက်တယ်လေ။ အခုတော့ ၄ နာရီ သတ်မှတ်လိုက်တဲ့ အခါကျတော့ ၇ နာရီ၊ ၈ နာရီလောက်မှာ ဈေးရောက်တယ်လေ။ ဒါကြောင့် သိပ်ပြီးတော့ အဆင်မပြေဘူးလေ။

အရင်လကတော့ ရန်ကုန်မြို့ထဲမှာ ည ၉ နာရီ၊ မနက် ၅ နာရီ ထွက်ခွင့် မပေးဘူး။ ဒါကတော့ ထောက်ကြံ့အထိ ပါတာပေါ့လေ။ အစတုန်းကတော့ FM မှာ ပြောတယ်။ အခုကျတော့ FM မှာ မလာဘူး။ ကျနော်တို့ ရန်ကင်း မြို့နယ်မှာပဲ လှည့်ပြီး အော်နေတယ်လေ”

ကျောင်း ဝင်စီး၊ သံဃာတွေ ဖမ်းဆီး

“ပုဇွန်တောင်မြို့ ရွှေတောင်ကျောင်းတိုက်မှာ ယနေ့ညက စစ်အစိုးရ အာဏာပိုင်တွေက ဘုန်းကြီး ၃ ပါးနဲ့ လူ ၂ ယောက်ကို လာဖမ်းတယ်။ တပ်မ ၇၇ က ၁ဝ နာရီလောက်မှာ ဝင်လာတယ်။ အားလုံးပေါင်း အင်အား ၄ဝဝ လောက်ရှိတယ်။ ၁ဝဝ လောက်က ထွက်လမ်းတွေ၊ အဝင်ပေါက်တွေ အရင် ပိတ်လိုက်တယ်။ တဘက်က ၁ဝဝ လောက်က စောင့်ပြီး၊ ကျန်တဲ့ ၃ဝဝ လောက်က အထဲကို ဝင်ပြီး စစ်ဆေးတယ်။ တပ်မ ၇၇ လို့ ပြောတယ်ဗျာ။

ကျောင်းတိုင်းကို အကုန် ဝင်ရှာသွားတယ်။ သူတို့ လိုချင်တာတွေရော၊ ပိုက်ဆံတွေရော ယူသွားတယ်လို့တော့ ကြားတယ်။ ရွှေတောင် ကျောင်းတိုက်ထဲမှာ ကျောင်းက သူ့အဆောင်နဲ့ သူ နေကြတာ ဆိုတော့ ဘုန်းကြီးတွေက အားလုံးပေါင်း ၆ဝ လောကှ်ိတယ်ဗျာ။ သူတို့ လိုချင်တာက ဘုန်းကြီးက ၃ ပါး လိုချင်တယ်။ အဲဒီ ဘုန်းကြီးတွေက အရင်တုန်းက နာမည်နဲ့ ထောင်ကျဖူးတဲ့ သူတွေဗျာ။ အရင် အရေးအခင်း ကာလမှာ နိုင်ငံရေး လုပ်ခဲ့ဖူးတဲ့ အဲဒီ ဘုန်းကြီးတွေကို လာဖမ်းတဲ့ သဘောရှိတယ်။ ကျန်တဲ့ ဘုန်းကြီးတွေက အေးအေးဆေးဆေးနေတဲ့ ဘုန်းကြီးတွေပေါ့နော်။ ဒါပေမဲ့ ၂ ပါး ခေါ်သွားတယ်။ သူတို့ လိုချင်တဲ့ ဘုန်းကြီးက ၃ ပါးပဲ။ တပါးက မရသေးဘူး၊ တပါး ကျန်သေးတယ်ဗျာ။

ဘာမှ မရိုက်နှက်ဘူး။ ဘုန်းကြီးတွေ အားလုံး စုပြီး၊ ဝင်ရှာတဲ့ လူတွေက ရှာကြတယ်။ သူတို့ လိုချင်တာကို ထည့်သွားတယ်။ ပိုက်ဆံတွေပေါ့နော်။ သူတို့ထဲက ခေါင်းဆောင်က ဘာရာထူးလဲတော့ မသိဘူး၊ အဲဒီ ခေါင်းဆောင်ရှေ့မှာ ပုံတာက ၆ သိန်းလောက် ရှိမယ်။ အခု သူတို့ စာရင်း ပျောက်တာတွေက အများကြီးပဲ။ အဲဒီ ငွေတွေကိုလည်း ယူသွားတယ်။

အခုတောင် စောင့်ကြည့်နေဆဲပဲ။ လူဘယ်လောက်ဆိုတာ မသိဘူး။ သူတို့က အရပ်ဝတ်တွေနဲ့ စောင့်နေတယ် ထင်တယ်။ ကျနော်တော့ မတွေ့မိဘူး။ အဲဒီနေရာက ပုဇွန်တောင် ဘူတာနဲ့ ကပ်ရက်ဆိုတော့ လူလည်း စည်တယ်။ တပ်နဲ့ စောင့်ကြည့်တာ မတွေ့ဘူး။

သူတို့က ပုဇွန်တောင် ရထားလမ်းအတိုင်း လျှောက်လာပြီး ဝင်လာတယ်။ ပြီးမှာ သူတို့က ကားကို လှမ်းခေါ်လိုက်တယ်။ အဲဒီမှာ စစ်ကား ၁ စီး ဝင်လာတယ်။ အထဲက ကိုယ်တော်တွေကတော့ ‘သွားပြီ၊ အားလုံး ပါပြီ’ ဆိုပြီး ထင်တယ်။ ဒါပေမဲ့ သံဃာ ၃ ပါးနဲ့ လူ ၂ ယောက်ကို ခေါ်သွားတယ်”

ဆူးလေနဲ့ ခြောက်ထပ်ကြီးက လုံခြုံရေး

“ဆူးလေမှာတော့ အခုထိ လုံခြုံရေးတွေ ရှိနေတုန်းပဲ။ မြို့တော်ခန်းမ တဝိုက်မှာတော့ အစောင့်စစ်သားတွေ ၄ဝ၊ ၅ဝ လောက်တော့ ရှိနေသေးတယ်။ သူတို့ မသင်္ကာတဲ့ လူတွေကိုတော့ လှမ်းခေါ် စစ်နေတာတွေတော့ ရှိတယ်။ ကျောင်းတွေလည်း ပြန်တက် နေကြပါပြီ။

ခြောက်ထပ်ကြီးဘုရားမှာတော့ စစ်တပ် ဆွဲထားပြီး စောင့်နေတာ ရှိတယ်။ တခြားကျောင်းတွေမှာတော့ စောင့်နေတာတွေ မရှိပါဘူး။”

နအဖ ကျေညာချက် ၅ ချက် ထုတ်

“ရန်ကုန်က မြို့နယ်တိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကိုတော့ နအဖ က သတိပေး ကြေညာချက် ၅ ချက်ကို ထုတ်ပြန်ထားတယ်လို့ သိရတယ်။ ပါတဲ့ အချက်တွေကို အကြမ်းဖျင်း ပြောပြရမယ် ဆိုရင် (၁) ဘုန်းကြီးကျောင်းတွေမှာ လူတွေကို ညအိပ်ခွင့် မပြုရဘူး။ (၂) နာမည်စာရင်းရှိတဲ့ ဘုန်းကြီးတွေပဲ ကျောင်းမှာ လက်ခံရမယ်။ (၃) စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ဝိုင်းမယ်၊ ဝင်စီးနင်းမယ် ဆိုတာတွေကို မယုံကြည်ရန်။ (၄) ဘုန်းကြီးတွေက သက်ဆိုင်ရာကို စုံစမ်း မေးမြန်းရမယ်။ (၅) ဆွမ်းအခက်အခဲ ရှိရင် မယက ကို အကြောင်းကြားရမယ်လို့ ပြောထားတယ်”

ရန်ကုန်တွင် လမ်းသွားလမ်းလာများကို ဓာတ်ပုံနှင့် တိုက်စစ်ကာ ဖမ်းနေ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရန်ကုန်မြို့ အတွင်းတွင် လုံခြုံရေးများ တင်းကြပ်နေဆဲ ဖြစ်ပြီး လမ်းသွားလမ်းလာများကို လုံထိန်း၊ စစ်သားများက ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများ၏ ဓါတ်ပုံများနှင့် တိုက်ကြည့်ကာ ဖမ်းဆီး နေသည်ဟု မြို့ခံများက ပြောဆိုသည်။

ယခင်ရက်ပိုင်းက ဆူးလေဘုရား အနီးတဝိုက် အစရှိသည့် လူစည်ကားရာ နေရာများတွင် လမ်းသွားလမ်းလာများကို အသေးစိတ် စစ်ဆေးကာ ကျောင်းသားများကို ဖမ်းဆီး စစ်ဆေးနေခဲ့ပြီး ယခုတဖန် ဓာတ်ပုံနှင့် တိုက်ကြည့်ကာ ဆန္ဒပြပွဲအတွင်း ပါဝင်သူများကို ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့သား တဦးက ပြောသည်။

“ဓာတ်ပုံတွေကို မြို့နယ်တွေ အထိ ပို့ပေးထားပြီး မြို့နယ်ကနေ ရပ်ကွက်ကို ပြန်ချ။ ရပ်ကွက်က အဲဒီ ဓာတ်ပုံမှာ ပါတဲ့လူတွေရဲ့ အိမ်တွေကို ဝင်ဖမ်း၊ လုပ်နေကြတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက� လာပရှိ ရပ်ကွက်တခုတွင် နေသူတဦးက “ကျနော်တို့ ရပ်ကွက်ရုံးကိုလည်း ဓာတ်ပုံတွေ ရောက်နေတယ် ကြားတယ်။ လောလောဆယ်ထိ ဖမ်းသံတော့ မကြားသေးဘူး။ ဖမ်းမယ် ဆိုရင် တရပ်ကွက်လုံးကို ဖမ်းရမှာ။ တရပ်ကွက်လုံးက ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင်တာဆိုတော့။ သူတို့ ဖမ်းနိုင်မယ် မထင်ပါဘူး” ဟု ပြောသည်။

ဆန္ဒပြပွဲအတွင်း အာဏာပိုင်များ ရရှိထားသည့် ဆန္ဒပြသူများ၏ ဓာတ်ပုံ အများစုမှာ တင်မောင်လတ် (အင်းစိန်) ဆိုသူ ရဲသတင်းပေး၏ လက်ချက်များဖြစ်ပြီး၊ သူက ဆန္ဒပြပွဲ ဖြစ်ပွားနေစဉ် အတွင်း လုံထိန်းများ၊ စစ်သားများ၏ နောက်ကွယ်မှ အကာအကွယ် ယူကာ ဓာတ်ပုံ ရိုက်လေ့ရှိသူ ဖြစ်သည်ဟု လုံခြုံရေး သတင်းရပ်ကွက် တခုက ပြောသည်။

ရန်ကုန်မြို့အတွင်း နေရာအနှံ့ တပ်စွဲခြင်းကို အရှင်သဘောထားကာ စစ်သားနဲ့ လုံထိန်းများ တင်ဆောင်ထားသည့် စစ်ကားများ ကင်းလှည့် စောင့်ကြည့်နေသည်ကို တွေ့နေရကြောင်းနှင့် ညအချိန်တွင်လည်း စစ်ကားများဖြင့် လမ်းအနှံ့ ဝင်ရောက်ကာ ကင်းလှည့်နေကြောင်း အဆိုပါ သတင်းရပ်ကွက် အဆိုအရ သိရသည်။

အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် အွန်လိုင်း လေယာဉ်လက်မှတ် အဝယ်ခက်
နန်းဒေဝီ (မဇ္ဈိသတင်းဌာန)
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ စစ်အစိုးရပိုင် တခုတည်းသော ပုဂံဆိုင်ဘာမှ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ပြည်ပလေကြောင်းလိုင်း အွန်လိုင်း ကြိုတင်လက်မှတ် ဝယ်ယူရာတွင် ကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့နေရသည်။

ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ စစ်အစိုးရက အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လက်မှတ်များ အင်တာနက်မှတဆင့် အွန်လိုင်းဖြင့် ကြိုတင် မှာယူခြင်းများကို FAX (တယ်လီဖုန်းဖြင့် မိတ္တူပို့စနစ်) ဖြင့် အစားထိုး လုပ်ကိုင်နေရသည်။

“အခု လောလောဆယ် ကျမတို့ဘက်မှာ အင်တာနက်တွေ မရဘူး။ တော်တော်ကြာပြီ အမရေ။ စက်တွေက သုံးလို့မရဘူး ဖြစ်နေတယ်။ လက်မှတ်တွေကိုတော့ အခက်အခဲ မရှိအောင် ကျမတို့ အတတ်နိုင်ဆုံး FAX တွေ့နဲ့ ထိုးပေးနေပါတယ်။ အဆင်ပြေအောင်လို့ လုပ်နေရပါတယ်။ ဒါပေမယ့်လို့ နဲနဲတော့ အခက်အခဲ ရှိနေတာပေါ့နော်” ဟု ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်က လေယာဉ် ကြိုတင် ဝယ်ယူနိုင်သည့် ဌာန Ticket Reservation Center ရှိ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း မရမ်းကုန်း မြို့ရှိ ၈ မိုင်လမ်းဆုံမှ Shopping Centre တွင် ဖွင့်ထားသော အင်တာနက် ကဖေးဆိုင်မှ ဝန်ထမ်း တဦးကလည်း ယခုလို ပြောဆိုသည်။

“ဒီမှာက အင်တာနက်နဲ့ Games တွဲပြီး ဖွင့်ထားတယ်။ အင်တာနက် မရပေမယ်လို့ Games က ဆက်ဖွင့်ထားတယ်။ အင်တာနက် သုံးတဲ့သူ မရှိတော့ ငွေမဝင်ဘူးပေါ့။ အခုလို အခြေအနေမျိုးဆိုတော့ ပိတ်ထားတာနဲ့ တူတယ်” ဟု ပြောသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းသည် လတ်တလော ဖြစ်ပွားနေသည့် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နှင့် သူတို့ ကျောထောက် နောက်ခံ ပြုနေသော အဖွဲ့အစည်းများက အကြမ်းဖက် နှိမ်နှင်းသည့် သတင်း၊ ဓာတ်ပု၊ံ ဗွီဒီယို မှတ်တမ်းများကို ပြည်ပသို့ ထုတ်လွင့်နေခြင်းကို ပစ်မှတ်ထားသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် သုံးစွဲသူများက ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက်ရခြင်းသည် Maintenance ခေါ် ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည့်အတွက် ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် ပုဂံဆိုင်ဘာမှ ဝန်ထမ်းတဦးက ယခုလို ပြောသည်။

“ကျနော်တို့ လောလောဆယ် အင်တာနေရှင်နယ်၊ Residence တွေ Backbone Maintenance လုပ်နေရလို့၊ အဲဒါကြောင့်မို့ လောလောဆယ် အဆင်မပြေသေးတာပါ။ လိုကယ် (ဒေသတွင်း) တော့ အဆင်ပြေပါတယ်။ oversea (ပြည်ပ) သာ အဆင်မပြေတာပါ။ ဒီလိုပါ မြန်မာပြည်ထဲက ပုဂံမေးလ်၊ ဒါပေမဲ့ MPT က ယူထားတဲ့ local ထဲက မေးလ်တော့ အဆင်ပြေပါတယ်။ အဲလိုမှ မဟုတ်ဘဲ Gmail/ Yahoo တို့ oversea mail တို့က လောလောဆယ် အဆင်ပြေအုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ Maintenance လုပ်တာ မပြီးသေးလို့ပါ” ဟု ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက် အချိန်ယူမယ်ဆိုတာ Maintenance လုပ်နေတဲ့ ကာလဆိုတော့ အတိအကျတော့ ပြောလို့ အဆင်မပြေဘူး ခင်ဗျ။ ဖုန်းပြောပြီးတော့ နာရီဝက် အတွင်းလည်း ကောင်းသွားနိုင်ပါတယ်။ မဟုတ်ရင် မနက်ဖြန်၊ သဘက်ခါလည်း ကောင်းသွားနိုင်ပါတယ်။ အတိအကျကိုတော့ ကျနော်တို့ အထက် လူကြီးတွေကပဲ သိမှာပါ” ဟု ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက် လိုက်သည့်အတွက် ပြည်တွင်းရှိ မိသားစုများနှင့် ပြည်ပရောက် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ အကြား အဆက်အသွယ် ပြတ်တောက်သွားကာ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ထိခိုက်စေနိုင်ကြောင်း အင်တာနက် ဆိုင်ပိုင်ရှင် တဦးက ယခုလို ပြောသည်။

“ဒီမှာတော့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေ ရှိတယ်လေ။ သူတို့တွေအတွက် ဒုက္ခရောက်တာတော့ ရှိတယ်။ ပြည်တွင်းတွေ အနေနဲ့ နိုင်ငံရပ်ခြားက မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်သွားတာတွေ ရှိပါတယ်” ဟု ပြောသည်။

ရုပ်ရှင်မင်းသား ကျော်သူ ထိုင်းဒုက္ခသည်စခန်းသို့ ရောက်ရှိ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

နာမည်ကြီး ရုပ်ရှင်မင်းသား ကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ယခုအခါ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် မြို့နယ် မယ်လ ဒုက္ခသည် စခန်းရှိ သီရိစန္ဒာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေပြီ ဟူသော သတင်းများ ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ပေါ်ထွက်နေသည်။

မြန်မာစစ်အစိုးရ အာဏာပိုင်များ၏ လိုက်လံ ရှာဖွေ ဖမ်းဆီးမှုကြားမှ ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့် ဇနီးသည် ရွှေဇီးကွက်တို့ ထိုင်းနိုင်ငံ မဲဆောက် မြို့ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုရေးအတွက် တောင်းခံနေပြီဟုလည်း သတင်းတရပ်က ဆိုသည်။

တည်းခိုနေသည်ဟု သတင်းထွက်သည့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့သူ တဦးက ဒုက္ခသည်စခန်း လုံခြုံရေး တာဝန်ရှိသူများ အဆိုအရ ဦးကျော်သူ ရောက်ရှိနေခြင်းသည် မှန်ကန်ကြောင်းနှင့် သို့သော်လည်း အပြင်လူများကို ပေးမတွေ့ကြောင်း ယခုလို ပြောသည်။

“မတွေ့ခိုင်းဘူး။ ရောက်တာတော့ သေချာတယ်။ ဒီဘုန်းကြီးကျောင်းမှာ ရှိနေတယ်။ ဘယ်သူနဲ့မှ မတွေ့ဘူး။ မရဘူးတဲ့၊ ပေးမတွေ့ဘူး၊ ဘယ်သူနဲ့မှ ပေးမတွေ့ဘူးတဲ့။ မပေးတွေ့ဘူးဆိုတာ သူ့ကို ထိန်းသိမ်းထားတဲ့ ဒီက လူတွေပေါ့နော်။ လုံခြုံရေး ခေါင်းဆောင်တွေနဲ့ သိတော့ မေးကြည့်တယ်လေ။ ရောက်တာတော့ သေချာတယ်။ အဲဒီဟာ ဘုန်းကြီးကျောင်းမှာတော့ သေချာတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှ ပေးမတွေ့သေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ဒါရိုက်တာနှင့် ရုပ်ရှင်မင်းသား ကျော်သူသည် အမျိုးသားရေး ဦးဝင်းနိုင်မှ ဦးဆောင်ကာ ရွှေတိဂုံဘုရားတွင် သံဃာတော်များကို ဆွမ်းနှင့် ရေကပ်လှူပွဲ၌ ရုပ်ရှင် ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ၊ စာရေးဆရာ မင်းလူ၊ ဒါရိုက်တာနှင့် စာရေးဆရာ မောင်ဝဏ္ဏနှင့်အတူ ပါဝင် ကပ်လှူခဲ့ပြီး ဦးဝင်းနိုင်နှင့် ဇာဂနာတို့ကို အာဏာပိုင်များက ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ချိန်တွင် အဖမ်းမခံရဘဲ ရန်ကုန်မြို့တွင် တိမ်းရှောင်နေခဲ့ကြောင်း လုပ်ဖော်ကိုင်ဘက်များက ပြောခဲ့သည်။

အာဏာပိုင်များက ကျော်သူ၏ နေအိမ်နှင့် မိဘများ၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သူသည် ၂ဝဝ၅ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ဆုရရှိခဲ့ပြီး ရန်ကုန်မြို့ရှိ ဈာပန ချရာတွင် အခက်အခဲရှိသည့် ဆင်းရဲ နွမ်းပါးသူများကို ကူညီရန်အတွက် နာရေးကူညီမှု အသင်းကို ဦးဆောင်ကာ ကိုယ်တိုင်ကလည်း နိဗာန်ကား မောင်းပြီး အသုဘ ချပေးနေသည့် ထင်ရှားသော လူမှု အကျိုးဆောင် ရုပ်ရှင်မင်းသား တဦးဖြစ်သည်။

အင်တာဗျူး
မန္တလေးတိုင်းက မြို့နယ် နှစ်ခုတွင်လည်း ညီလာခံ ထောက်ခံပွဲလုပ်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်

မန္တလေးတိုင်းရှိ မြင်းခြံနှင့် မိတ္ထီလာ မြို့တွင် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲများ ကျင်းပရာသို့ မြို့နယ် အတွင်းရှိ ကျေးရွာ အချို့မှ ရွာသားများကို မတက်မနေရ အမိန့်ဖြင့် အတင်းအကြပ် ခေါ်ယူကာ ယခု ရက်ပိုင်းအတွင်း ကျင်းပခဲ့ပုံများကို ဒေသခံများ၏ ပြောဆိုချက်အတိုင်း တင်ပြ လိုက်ပါသည်။

မြင်းခြံ
(ယခုလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် ညီလာခံ ထောက်ခံပွဲ အခြေအနေ)

“လူက ၂ဝဝ လောက်ပေါ့။ မြင်းခြုံမြို ဘောလုံးကွင်းကနေ စုပြီး ထွက်ကြတာ။ မြို့ကို ပတ်တယ်ပေါ့။ လမ်းမှကတည်းက ပျောက်ကုန်ကြတယ်။ ဘယ်သူမှ စိတ်မပါဘူးလေ။ ခြိမ်းခြောက်ခံရလို့ လိုက်လာတဲ့ လူတွေလေ။ လိုက်ပါကြသူ အများစုက မြို့ခံတွေ မဟုတ်ဘဲ မြင်းခြံမြို့ ဘေးပတ်ပတ်လည် ရွာတွေက လှည့်ပတ်ခြိမ်းခြောက် ခေါ်လာတဲ့ ရွာခံလူတွေပါ။ မလိုက်မနေရ အမိန့်နဲ့ တရွာကို ၄ ယေက်၊ ၅ ယောက်၊ ၁ဝ ယောက် မပေးမနေရ စုဆောင်းလာတာ။

လေးအိမ်တန်းရွာကတော့ ဘယ်သူမှ မလိုက်ဘူး။ လာခြိမ်းခြောက်ခေါ်တဲ့ ကြံ့ဖွတ် အဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ရန်ဖြစ်ခဲ့ကြတယ်တဲ့။ ကျောက်ဖရှတ်ရွာက လူ ၅ဝ ကို အတင်း အဓမ္မ ခေါ်တယ်။ ရွာသားတွေက ဦးဆောင်ခေါ်တဲ့ အထဲက ရွာသူကြီးကို ဓားနဲ့ ခုတ်လို့ ဆေးရုံ တက်နေရတယ် ပြောတယ်”

မိတ္တီလာ
(ယခုလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံ ထောက်ခံပွဲ အခြေအနေ)

“မိတ္တီလာမှာ မနေ့က ထောက်ခံပွဲကို လုပ်တယ်။ ရွာကလူတွေကို ခေါ်တာပေါ့။ လုပ်တာကတော့ ကြံ့ဖွံ့က ဦးသန်းတိုးက ဦးဆောင်ပြီး လိုက်လုပ်နေတာပေါ့။ အဖွဲ့ဝင်ကတော့ ဦးလှမြင့်ပေါ့။ သူတို့နှစ်ယောက်က ဦးဆောင်ပြီး လိုက်စည်းရုံးတာပေါ့။ လိုက်တဲ့လူတွေကို ၁၅ဝဝ ပေးမယ်၊ မလိုက်တဲ့ အိမ်ကိုတော့ ဒဏ်ငွေ ၁ဝဝဝဝ (တသောင်း) ဆိုပြီးတော့ ပြောတယ်။ ရွာကလူတွေက လိုက်ကြတယ်။ မြို့က လူတွေကို ခေါ်တယ်။ တချို့ကလည်း ကြောက်လို့ လက်မှတ်ထိုးပြီး ပြန်လာတယ်။ ချီတက်တဲ့ အထဲမှာ မြို့ပေါ်က လူတွေ မပါဘူး။ ဘေးကနေပြီးတော့ ကြည့်ရုံပဲ ကြည့်နေတာ။

မြို့ထဲကို စပြီးလှည့်တာက နေ့လည် ၂ နာရီက စပြီးလှည့်တယ်။ ရွာက လူတွေကိုတော့ ၁၅ဝဝ ပေးမယ်။ ထမင်းကျွေးမယ်နဲ့ ပြောပြီး ဒီရောက်တော့ ထမင်းလည်း မကျွေးဘူး။ သူတို့ရှေ့ကနေ ကားတွေနဲ့ မြို့ကိုပတ်ပြီး အော်ကြတယ်လေ။ အမျိုးသား ညီလာခံကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ၊ ဘုန်းကြီးတွေ ဆန္ဒပြတဲ့ဟာကို ကန့်ကွက်တယ်နဲ့ အမျိုးမျိုးပါပဲ။ ကျနော်တို့က နောက်က လိုက်တယ်ဆိုတော့ စိတ်မဝင်စားပါဘူး။ ချီတက်ပြီး လိုက်အော်နေတဲ့အချိန် ကျနော်တို့လည်း ပါမယ်ဆိုပြီး ပူးပေါင်းမယ် ဆိုတဲ့ လူတွေကိုတော့ ၆ဝဝဝ ပေးတယ်။ လူနာမည်တွေ မှတ်ပြီး ၆ဝဝဝ ပေးတယ်။ ရေတော့ တိုက်တယ်၊ ရေသန့်တွေ။

မိတ္တီလာ ဘောလုံးကွင်းမှာ လုပ်တာပါ။ လူဦးရေက ၂ဝဝဝဝ (နှစ်သောင်း) ကျော်လောက်ပါ။ သူတို့ပြောတာက ၆ဝဝဝဝ (ခြောက်သောင်း) ကျော် တက်တယ်ဆိုပြီး ကျေညာတယ်။ ဒဏ်ငွေ မပေးနိုင်လို့ တက်ကြတယ်လို့ ရွာက လူတွေက ပြောတယ်။ တချို့ဆို ဘာလုပ်နေမှန်းတောင် မသိကြဘူး။ သူတို့လည်း ကောင်းကောင်း မရှင်းပြရဲဘူးလေ။ ဒိုအရေး အော်မယ့်အစား ‘ဗိုက်ဆာတယ် … ဗိုလ်ဆာတယ်’ နဲ့ အော်ကြတယ်။ တချို့ လူတွေပေါ့။ ကားနဲ့ လိုက်ခေါ်တယ်၊ ရွာက လူတွေကို။

ချီတက်လာပြီး ဈေးနားရောက်တော့ ဈေးက မိန်းမတယောက်က ထွက်လာပြီး အော်ပြောတယ်။ ‘မင်းတို့ ဒီလောက်တောင် ငတ်နေတာလား’ လို့ အော်တယ်။ ‘အဒေါ်ကြီးရေ … ဒဏ်ငွေ ပေးစရာမရှိလို့ လိုက်လာတာပါ’ လို့ ရွာက လူတွေလည်း ပြောတယ်။ ၄ နာရီကျော် ၅ နာရီလောက်မှာ ပြီးတယ်။ ရွာက လူတွေကို အပြန်ကျရင် ကားစီစဉ် ပေးမယ်လို့ ပြောပြီး အဆင်မပြေလို့ ခြေကျင် ပြန်ကြတယ်တဲ့”

အန်အယ်ဒီ ခေါင်းဆောင်များ ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးခံရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြို့နယ်အချို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ခေါ်ယူ စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပဲခူး၊ ပုသိမ်ကြီး၊ မတ္တရာ၊ သာစည်၊ ပခုက�ူ အစရှိသည့် မြို့နယ်များရှိ အန်အယ်ဒီ ခေါင်းဆောင်များကို ရဲနှင့် ရပ်ကွက် အာဏာပိုင်များက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကာ မြင်းခြံနှင့် ကျောက်ပန်းတောင်း မြို့မှ ပါတီဝင် အချို့ကိုလည်း ဖမ်းဆီး ထိမ်းသိမ်းထားခြင်း ဖြစ်သည်။

ပဲခူးတိုင်း ပဲခူးမြို့ အန်အယ်ဒီ ဥက� ဌ ဦးမြတ်လှကို ယမန်နေ့နံနက် ၁ဝ နာရီခန့်က နယ်ထိန်း ရဲတဦးနှင့် ရယက လူကြီးတဦးမှ ခေါ်ဆောင် စစ်ဆေးပြီးနောက် နေ့တွင်ချင်း ည ၈ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်။

“စစ်ဆေးမေးမြန်းတာ ၇ ဖွဲ့လောက် ရှိတယ်။ မေးတာတော့ စုံနေတာပဲ။ ဆန္ဒပြတဲ့ အကြောင်းတွေ မေးတယ်။ အဓိက မေးတာကတော့ ဆန္ဒပြပွဲတွေ လုပ်နေတာ အန်အယ်ဒီဘက်က မြှောက်ပေးတာလားပေါ့ မေးတယ်” ဟု ဦးမြတ်လှ က မဇ္ဈိမကို ပြောသည်။

ဦးမြတ်လှသည် ယခုလ ၂၈ ရက်နေ့တွင်လည်း ပထမအကြိမ် အဖြစ် ခေါ်ယူ စစ်ဆေးခံခဲ့ရသေးသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဦးဇော်ဟိန်းကို ယခုလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အရပ်ဝတ် ရဲ ၁ဝ ဦးခန့်က ‘အထက်လူကြီးက တွေ့ချင်လို့ပါ’ ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
အလားတူပင် မန္တလေးတိုင်း မတ္တရာမြို့ မြို့သစ် ရပ်ကွက် အမှတ် ၂ တွင် နေထိုင်သည့် အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ကိုလည်း ယမန့်နေ့ည ၁၂ နာရီခွဲတွင် စခန်းမှူး ဦးခင်မောင်သိန်းနှင့် မြို့နယ်မှူး ဦးခင်မောင်စိုး အပါအဝင် ၂၅ ဦးခန့်က ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“လူကြီးတွေနဲ့ စကားပြောရုံလေးပါ။ ‘ရယက ရုံးထဲမှာ ဖမ်းမှာလား၊ ဖမ်းမယ်ဆိုလည်းပြော၊ အဝတ်အစားတွေနဲ့ ဆေးဝါးတွေ ယူမယ်’ ဆိုတော့ ‘မဟုတ်ပါဘူး၊ ပြောရုံ သက်သက်ပါ’ ဆိုပြီးတော့ ခေါ်တယ်။ ရယက တွေကလည်း ‘ခဏလေးပါ၊ ရုံးတင် ခဏ ပြောရအောင်’ ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ အဖေက လိုက်သွားတယ်” ဟု သားဖြစ်သူက ပြောသည်။

မန္တလေးတိုင်း သာစည်မြို့မှ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ဌေးကိုလည်း ယမန်နေ့ ည ၁၁ နာရီတွင် ရဲစခန်းမှ ကားတစီးဖြင့် လာရောက် ခေါ်ဆောင်သွားသော်လည်း ယခုအခါ မည်သည့်နေရာတွင် ထားရှိကြောင်း မသိသေးဘဲ ဖြစ်နေသည်။

“သာစည် ရဲစခန်းက ‘ပြောစရာ ရှိတယ်’ ဆိုပြီး ရဲသား တယောက်ကို ခေါ်ခိုင်းလိုက်တယ်။ စခန်းရောက်တော့ စခန်းမှူးက သူခေါ်တာ မဟုတ်ဘူး၊ မိတ္တီလာက ခေါ်တယ်ပေါ့၊ မြို့နယ်မှူးက တွေ့ချင်တယ်ပေါ့။ ဒါကြောင့် ဦးမြင့်ဌေးက အိမ်ကို တခေါက် ပြန်လာတယ်။ အင်္ကျီတထည်ပဲ ပါသွားတယ်။ ဘယ်မှာထားတယ် ဆိုတာလည်း မသိသေးဘူး။ ဘာမှကို မသိသေးပါဘူး။ အားလုံးက ငြင်းနေတယ်။ ကျနော်တို့ ပြန်သွားမေးကြည့်တော့ ခရိုင်မှူးကလည်း မသိဘူးနဲ့ ငြင်းတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

မကွေးတိုင်း ပခုက�ူမြို့မှ အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးကို ယမန်နေ့ည ၁ နာရီခန့်တွင် ရဲနှင့် ရယက များက လာရောက် ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ယခုလို ပြောပြသည်။

“၁ နာရီခွဲလောက်က လာဖမ်းသွားတာ။ နေအိမ်ကတော့ ပခုက�ူ မြို့နယ် အမှတ် ၁၂ ရပ်ကွက်မှာ နေတယ်။ ဒီနေ့ မိသားစုဝင်တွေက ရဲစခန်းကို သွားမေးတော့ မရှိဘူးလို့ ပြန်ပြောတယ်။ နောက်တယောက်ကတော့ ပခုက�ူ မြို့နယ်ထဲမှာ ရှိတဲ့ ကမ္မရွာက အန်အယ်ဒီ အဖွဲ့ဝင် ဦးစန်းပွင့်လည်း အဖမ်းခံတယ်လို့ ကြားရတယ်” ဟု သူက ပြောသည်။

သည့်အပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိန်ကျော်လှိုင်၊ ဦးမြတ်စိုး၊ ဦးဝင်းရွှေ၊ ဦးသန်းလွင်၊ ဦးပေါအေး၊ ကိုရဲထွန်းနှင့် မြင်းခြံမြို့မှ အန်အယ်ဒီ အတွင်းရေးမှူး ကိုပေါသိန်း၊ အဖွဲ့ဝင် ကိုဝင်းနိုင်နှင့် ဦးဘိုဝင်းတို့ကိုလည်း ပြီးခဲ့သည့်လ နောက်ဆုံးပတ် အတွင်းက ဒေသ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့

မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံပြီးနောက် ယခုအခါ သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ရန်ကုန်ရှိ ကုလသမဂ္ဂရုံး အဆိုအရ သူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကုလအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့် နအဖ ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် အခြား စစ်ခေါင်းဆောင်များကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တနာရီခန့် အကြာ ယနေ့ တွေ့ဆုံခဲ့သေးသည်။

နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ပြီးနောက် နိုင်ဂျီရီးယမ်း သံတမန် မစ္စတာ ဂမ်ဘာရီသည် ရန်ကုန်သို့ ပြန်သွားကာ အထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒုတိယ အကြိမ်မြောက် ထပ်မံ တွေ့ဆုံခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲများ၏ အခြေအနေ အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ကုလ ကိုယ်စားလှယ်သည် နှစ်ဘက်စလုံးသို့ ပြောဆိုခဲ့သည်ဟု ယုံကြည်ရသည်။

ဂမ်ဘာရီသည် နေပြည်တော်ရှိ အဆင့်နိမ့် အရာရှိများနှင့် တွေ့ဆုံမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့ အစောပိုင်းတွင် ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉ဝ မျှအကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ကုလ အထူး ကိုယ်စားလှယ်ဟာ ဒီညနေမှာပဲ ပြန်သွားပါပြီ” ဟု ရန်ကုန်ရှိ ကုလဝန်ထမ်းက ပြောသည်။

မစ္စတာ ဂမ်ဘာရီသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲမှုများဖြင့် နအဖ လုံခြုံရေး တပ်ဖွဲ့များက နှိမ်နင်းနေစဉ် မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီး၊ ယခုအခါ နယူးယောက်သို့ ပြန်သွားမည် ဖြစ်ကာ ကုလ အတွင်းရေးမှူးချုပ်ကို အစီရင်ခံမည်ဟု ကုလ ကျေညာချက်က ဆိုသည်။

သူသည် အထိန်းသိမ်းခံ လူထု ခေါင်းဆောင်အပြင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သော်လည်း ယခု ခရီးစဉ်မှ ရလဒ်ကောင်းများ ထွက်ပေါ်ခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ သူ၏ အကောင်အထည် ဖော်နိုင်စွမ်းပေါ်တွင် မူတည်သည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။