ရန်ကုန်နှင့် မန္တလေးတို့တွင် လုံခြုံရေး တင်းကျပ်
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
အောက်တိုဘာလ ၂ ရက်၊ ၂၀၀၇ ခုနှစ်။
နယူးဒေလီရှိ မြန်မာသံဃာတော်များ၊ ကျောင်းသားများ ပူးတွဲဆန္ဒပြပွဲ (နောက်ဆက်တွဲ)
(ပြောကြားချက်များ)
အိန္ဒိယနိုင်ငံ မဇ္ဈိမ ဒေသတွင် ပညာ ဆည်းပူးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်၏ ယနေ့ နေ့လည်ပိုင်းက နယူးဒေလီ မြိုလယ် ဂျန်တားမန်တား အရပ်တွင် နအဖ စစ်အစိုးရ ဆန့်ကျင်ရေး ပူးတွဲ ဆန္ဒပြပွဲ၌ သံဃာ၊ ကျောင်းသား ပြောကြားချက်များကို စုစည်း တင်ပြလိုက်ပါသည်။
ဦးပညာဆာမိ
(ပြောခွင့်ရပုဂ္ဂိုလ်၊ အိန္ဒိယနိုင်ငံရောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ရဟန်းတော်များကိုယ်စား)
“ဦးဇင်းတို့ အခုလို လာရောက်ဆန္ဒပြရာမှာ မြန်မာ ရဟန်းတော်တွေတင် မကပါဘူး။ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ ပါဝင်ပါတယ်။ ဘင်္ဂလားဒေရှ့်၊ ထိုင်းနိုင်ငံ၊ တိဘက် စသည်ဖြင့် ပါဝင်ပါတယ်။ ဒီလို စုပေါင်းပြီး ပါဝင်ခြင်းရဲ့အဓိကကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ မေတ္တာပြနေတဲ့၊ လူအခွင့်အရေးနဲ့ ဒီမိုကရေစီရေးတွေကို တောင်းဆိုနေကြတဲ့ သံဃာတော်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေကို ဥပဒေမဲ့စွာ အတင်းအဓမ္မ နှိပ်စက် ညှဉ်းပမ်း ရိုက်နှက်၊ ထောင်ချနေတဲ့ အတွက်ကြောင့် ဒါတွေကို ကန့်ကွက်သောအားဖြင့် လာရောက် ဆန္ဒပြတာ ဖြစ်တယ်။
ပက်စပို့စ်၊ ဗီစာ ကိစ္စတွေကို အိန္ဒိယ အစိုးရက ကန့်ကွက်လာမယ် ဆိုရင်လည်း ဦးဇင်းတို့က မဆုတ်မတွန့် ဆက်လက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက်နဲ့ သာသနာရေး မညှိုးနွမ်းဖို့အတွက် ကြိုးစားသွားမှာပါ။ ပြည်တွင်းမှာ ရှိနေတဲ့ သံဃာတော်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ခါးစီးပြီး ခံစားနေကြရတယ်။ ဒီမှာရှိတဲ့ သံဃာတွေလည်း ပြည်တွင်းက ဒကာ၊ ဒကာမတွေနဲ့ ထပ်တူထပ်မျှ ရှိတယ်ဆိုတဲ့ အကြောင်းကို ပြတဲ့နေရာမှာ ဦးဇင်းတို့က ပတ်စပို့စ် ကိစ္စလေးလောက်ကိုတော့ နောက်မဆုတ်တမ်း၊ မတွန့်မဆုတ် ဦးလည်မသုန် ဆက်လက်ပြီးတော့ ဆန္ဒပြသွားမယ်”
သံဃာတော်တပါး
(ဘင်္ဂလားဒေရှ့်မှ)
“အာဏာရှင် စစ်အစိုးရကို ဘယ်သူမှ မလိုလားဘူး။ အားလုံးဟာ ငြိမ်းချမ်းရေးကိုပဲ လိုလားကြတာ။ ကိုယ်တော် အနေနဲ့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အိန္ဒိယ အစိုးရတို့ကလည်း မြန်မာနိုင်ငံ အရေးကိစ္စမှာ ဖိအားပေး ပါဝင်ကြဖို့ မိန့်ကြားလိုပါတယ်”
ကိုကျော်သန်း
(ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်)
“အခုမြန်မာပြည်က အခြေအနေတွေဟာ ကျနော်တို့ တမျိုးသားလုံးအတွက် ရှက်စရာကြီး ဖြစ်နေပြီ။ ကိုယ်ယုံကြည် ကိုးကွယ်နေတဲ့ သာသနာရဲ့ ဦးစီး ခေါင်းဆောင်တွေကိုတောင်မှ နှိပ်စက်နေတယ်။ သူတို့ရဲ့ရုပ် လုံးလုံး ပေါ်သွားတယ်။ ဒါတွေကို ဖွင့်ချဖို့အတွက် ဒီအခမ်းအနားကို စီစဉ်ရခြင်း ဖြစ်တယ်။ အိန္ဒိယမှာပဲ ပေါက်ဖွားလာခဲ့တဲ့ ဗုဒ္ဓ ၊ နောက် မဟတ္တမဂန္ဒီ ပြောခဲ့တဲ့ အကြမ်းမဖက်တဲ့ တရားကို ကျင့်သုံးတဲ့ ရဟန်း သံဃာတွေကို ဒီလို သတ်ဖြတ်နေတာတွေကို အိန္ဒိယက အခုချိန်ထိ နှုတ်ပိတ်နေတာကို ကျနော်တို့ ထောက်ပြခြင်း ဖြစ်တယ်၊ ဝေဖန်ခြင်း ဖြစ်တယ်။ ဒါတွေကို ကျနော်တို့ဆီ လာတဲ့ အိန္ဒိယက မိတ်ဆွေတွေ ကိုယ်တိုင်ကိုက ဝန်ခံ သွားခဲ့ကြပါတယ်။
အခုလို သံဃာတော်တွေနဲ့ ပူးပေါင်းမိတာကလည်း ကျနော်တို့ ရည်ရွယ်ချက်ခြင်း အားလုံး တူတယ်လေ။ စစ်အုပ်စုရဲ့ မတရားတာ၊ မမှန်ကန်တာတွေကို မခံနိုင်တော့တဲ့အခါ၊ စစ်အုပ်စုဟာ ဘာသာ၊ သာသနာကို မှားယွင်း ဖောက်ပြန်တဲ့လူတွေ ဖြစ်တဲ့အတွက် ကိုယ်တော်တွေ မခံမရပ်နိုင် ဖြစ်ပြီး ပါဝင်တာကို ကျနော်တို့ အားပေးရမယ်၊ ကြိုဆိုရမှာ ဖြစ်တယ်”
ကူမတ်တီနီ ပါတီး
(အထွေထွေ အတွင်းရေးမှူး၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ တိုးတက်ဖွံဖြိုးရေး အမျိုးသမီးများအသင်း)
“ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်မှာလည်း လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ဝင်နေကြတယ်။ မြန်မာနိုင်ငံသားတွေဟာလည်း ဒီလိုပဲ ဒီမိုကရေစီရေး အတွက် တိုက်ပွဲ ဝင်နေကြတာကို မြန်မာ စစ်အစိုးရက ရက်စက်နေတဲ့ အပေါ်မှာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး လိုလားသူတွေက အားလုံး ဝိုင်းဝန်း ထောက်ခံပေးဖို့ အချိန်ရောက်နေပြီ”
(ဆန္ဒပြပွဲတွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လွတ်မြောက်ရေး တိုက်ပွဲဝင် အဖွဲ့မှ ဥက္ကဌ ခရစ်ရှစ်ဂိုပါးနှင့် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ်မှ ခေါင်းဆောင်တဦး ဖြစ်သူ ကေ မုရုဂမ်း ကလည်း မြန်မာ့ ဒီမိုကရေစီရေးကို အားပေး ထောက်ခံ စကားများ ပြောကြား ခဲ့ကြသေးသည်။)
တရုတ်နယ်စပ် ဘုန်းကြီးကျောင်းများ မြန်မာသံဃာများ လက်မခံရ
မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ (သတင်းရယူချိန်)
တရုတ်-မြန်မာ နယ်စပ်ရှိ ဘုန်းကြီးကျောင်းများ အနေဖြင့် မြန်မာနိုင်ငံဘက်မှ သံဃာတော်များ လာရောက်ပါက တည်းခိုခွင့် မပြုရန်နှင့် တရုတ် ဘုန်းကြီး အနေဖြင့်လည်း မြန်မာပြည်တွင်းသို့ မကြွချီရန် တရုတ်နိုင်ငံဘက်ခြမ်း ဒေသဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
တောင်တွင်းကြီး ဆန္ဒပြပွဲအစီအစဉ် အထမမြောက်
မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (သတင်းရယူချိန်)
စာသင် သံဃာတော်များမှ ဦးဆောင်၍ ကျင်းပရန် စီစဉ်ထားရှိသည့် ဆန္ဒပြပွဲကို စာချ ကိုယ်တော် အချို့နှင့် အာဏာပိုင်များမှ ဖိအားပေး တားမြစ်မှုများကြောင့် စစ်ကိုင်းတိုင်း တောင်တွင်းကြီး ဆန္ဒပြပွဲ အစီအစဉ်သည် အထမမြောက်ခဲ့ကြောင်း သိရသည်။
ဒေသခံတဦး ပြောဆိုချက် …
“ဘာကြောင့် မအောင်မြင်လည်းဆိုတော့ အဓိကက ကျနော်တို့ မြို့ပေါ်မှာရှိတဲ့ သံဃာတွေမှာ မြို့ပေါ် အနေအထားနဲ့ ဆိုရင် အထိုက်အလျောက် ရှိတယ်။ စာသင်သား သံဃာတွေက အရမ်း အားသန်တယ်။ သူတို့ သဘောနဲ့ ထွက်လာတယ်။ ဘုရားကြီးပေါ်မှာ စုနေတာ၊ ညကတည်းကနေ စုထားတာ။ အဲဒါကို စာသင်သား သံဃာတွေထဲမှာ သြဇာရှိတဲ့ ရဟန်းပျိုတွေ၊ စာသင်တိုက်က စာချပေးနေတဲ့ စာချ ကိုယ်တော်တွေ ကိုယ်တိုင်က သတ္တိမရှိဘူး။ အရင် ဆန္ဒပြခဲ့စဉ်လည်း အဲဒီ ကိုယ်တော်တွေ မပါဘူး။ စာသင်သားတွေက လုပ်ခဲ့တာ။ တဘက်ကလည်း အတုအယောင် စွတ်လုပ်နေတဲ့ ဟာကြီးကို လုပ်တယ်။ ကျနော်တို့ကလည်း တန်ပြန် ဆန္ဒပြပွဲ လုပ်မယ်ဆိုပြီး စီစဉ်ထားတာ။
ဟိုဘက်က စွမ်းအားရှင်တို့၊ ကြံ့ဖွတ်တို့က မနက်ကတည်းကနေ သတင်းရတော့ ကျနော်တို့ဘက်က လုပ်မယ့်ဟာကြီးကို အရမ်းကြောက်ပြီးတော့ စာသင်သားများတဲ့ သူတော်စဉ်ကျောင်း၊ ကန်တော်မင်း ကျောင်းတို့ကို သွားပြီးတော့ မထွက်ဖို့ ဖိအားပေးတယ်။ ဖိအားပေးရင်လည်း အဲဒီ စာသင်သားတွေက ထွက်မယ်။ တပြည်လုံး ဖြစ်နေတဲ့ အခြေအနေကို သူတို့ သိတယ်။ ဘုန်းကြီးတွေကို ဒီလောက် နှိပ်စက်နေတာကို ငါတို့ ဘက်ကလည်း တဘက်နဲ့ ထိပ်တိုက်ချမယ်။ မြို့ပေါ် တမြို့လုံးကလည်း ချမယ်ဆိုပြီး အကုန်ထွက်မယ်။ ခါတိုင်းလိုပဲ အကုန်ထွက်မယ်ပေါ့ဗျာ။ ဒီပွဲက အရမ်းလှမယ့် ပွဲပေါ့ဗျာ။
သို့သော်လည်းပဲ တစုံတရာ သြဇာအာဏာရှိတဲ့ စာချကိုယ်တော်တွေ၊ ဆရာတော် တချို့က မလုပ်ရဲတော့ ငါတို့ ထွက်ရင် မကောင်းဘူး ထင်တယ် ဆိုပြီးတော့ စာသင်သား ကိုယ်တော်တွေကို မထွက်ခိုင်းဘူး။ ရပ်ကွက်ထဲမှာ ရဲတွေနဲ့ ကြံ့ဖွတ်တွေ၊ မယကတွေက ထွက်မှာ ကြောက်လို့ လာပြီး ပိတ်နေပြီ။ အဲဒီကြားထဲ ရွှေအင်းတောင် ဘုရားကြီးပေါ်မှာ အပါး ၂ဝ လောက် စုမိသွားပြီ၊ လုပ်မယ်။ အော်မှာလည်း အော်နေပြီတဲ့။ အဲဒါ စာချ ကိုယ်တော်တွေက လိုက်ခေါ်တယ်လေ။ ဒီကိစ္စက မဖြစ်တော့ဘူးပေါ့။ သံဃာတွေကို အားကိုးပြီး လုပ်ရတဲ့ ကိစ္စကိုး။
လုံခြုံရေးကတော့ ဘုရားရဲ့ တောင်၊ အနောက်မုခ်တို့မှာ သူတို့က အများကြီး ချထားတာပေါ့နော်။ ၁၅ ယောက်လောက်ကတော့ အနီးမှာ စောင့်ကြည့်နေတာပေါ့လေ”
ပဲခူး အန်အယ်ဒီ ဥက္ကဌ ဦးမြတ်လှ ဒုတိယအကြိမ် အဆွဲခံရ
မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (သတင်းရယူချိန်)
ပဲခူးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးမြတ်လှကို ရယက လူကြီးနှင့် နယ်ထိန်းရဲ တဦးက ယနေ့နံနက် ၁ဝ နာရီခန့်တွင် နေအိမ်သို့ လာရောက်ကာ ဒုတိယအကြိမ် ခေါ်ဆောင် သွားပြန်သည်။
“လာခေါ်တုန်းကတော့ ပြောတာပဲ။ စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ်လို့ ပြောတာပဲ” ဟု ရဲ၏ ပြောဆိုချက်ကို ဦးမြတ်လှ၏ သမီးက ပြန်ပြောပြသည်။
“ပထမအကြိမ်တုန်းက ၇ ဖွဲ့၊ ၈ ဖွဲ့လောက်က ဝိုင်းမေးကြတယ်လေ။ အဓိကကတော့ ကျခတ်ဝိုင်း ဘုန်းကြီးကျောင်းကို ရေဗူးနဲ့ ပစ်တာတို့ ဘာတို့ကို အန်အယ်ဒီ ဆိုပြီးတော့ စွပ်စွဲတယ်။ အဲဒါကို အဖေက မဟုတ်ဘူး ဆိုပြီးတော့ ပြန်ပြောလိုက်တယ်” ဟု သူက ဆက်ပြောသည်။
ပထမအကြိမ် ခေါ်ယူ စစ်ဆေးသည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေအိမ်ဖုန်းလိုင်း ဖြတ်တောက်ခံရပြီး လူကိုမူ နေ့တွင်းချင်း ည ၁ဝ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ဖြတ်တောက်ခဲ့သော ဖုန်းလိုင်းကိုမူ ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။
နမခ တိုင်းမှူး ပခုက္ကူကို လုံခြုံရေးဖြင့် လာရောက်
မြန်မာစံတော်ချိန် ညနေ ၄ နာရီ (သတင်းရယူချိန်)
မကွေးတိုင်း ပခုက္ကူမြို့ ဘောဓိကုန်း ရပ်ကွက်ရှိ ခရိုင် အေးချမ်းသာယာရေး ခယက ရုံးသို့ စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သာအေးသည် ယနေ့နေ့လည် ၁၂ နာရီခန့်က စစ်ထရပ်ကား ၂ စီးပေါ်တွင် ဒိုင်းများ ကိုင်ဆောင်ထားသည့် တပ်သား အင်အား ၁ဝဝ ခန့်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။
တိုင်းမှူး ရောက်သည်နှင့် ခယက ရုံးရှေ့တွင် ဒိုင်းကိုင် စစ်သားများဖြင့် လုံခြုံရေး ချထားလိုက်သည်ဟု ဒေသခံ တဦးက ပြောသည်။ လာရောက် သည့် အကြောင်းရင်းကိုမူ မသိရသေးပါ။
ပခုက္ကူ အတွင်းသို့ နယ်မှ ဝင်ရောက်လာမည့် ကားများကို မြို့အဝင် တမာတန်း စစ်ဆေးရေး ဂိတ်တွင် ရဲများက မှတ်ပုံတင်များ စစ်ဆေး နေသည်ဟု ဒေသခံ တဦးက ပြောဆိုသည်။ စစ်ဆေးရေး ဂိတ်သည် မြို့နှင့် ၂ ဖာလုံ အကွာတွင် တည်ရှိသော တပ်ရင်း ၂၅၈ တပ်၏ အကြားတွင် ရှိသည်။
မန္တလေးအခြေအနေ
(သံဃာတော်များ ပြန်ကြွပြီ၊ လုံခြုံရေး၊ လမ်းတချို့ ပြန်ဖွင့်၊ ကျောင်းတချို့ ပိတ်ပြီ)
မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ (သတင်းရယူချိန်)
သံဃာတော်များ ပြန်ကြွပြီ
“ဒီနေ့က တော်တော်ငြိမ်သွားပြီ။ အခုဆို ကားဂိတ်တွေတိုင်းမှာ သံဃာတော်တွေ အပြည့်ပဲ။ ဟိုရက်တွေကဆို ပိုများတယ်။ သူတို့ကလည်း ဒီရက်တွင်းမှာ ကျောင်းရှိရင် ကျောင်းကိုပြန်၊ အိမ်ရှိရင် အိမ်ကို ပြန်ပေါ့ဗျာ၊ အကုန်လုံး ပြန်ကြရရှာပြီ။ မဟုတ်ရင်လည်းပဲ နိုင့်ထက်စီးနင်း ဝင်စီးတာတွေ ဖြစ်ရင် သွေးထွက်သံယိုတွေ ဖြစ်မှာဆိုတော့လေနော်။ အခုတော့ ခဏ၊ ယာယီပေါ့ဗျာ။ ဆိုတော့ ဘာဖြစ်လဲဆိုရင် နယ်မြို့တွေမှာ ဘာတွေဖြစ်လဲဆိုရင် ဓာတ်ပုံထဲ ပါတဲ့ဟာတွေ။ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့လူတွေကို တစိမ့်စိမ့် လိုက်ဆွဲနေတာပေါ့လေ။ အနည်းအကျဉ်းပေါ့နော်၊ အများကြီးတော့ မဟုတ်ပါဘူး”
လုံခြုံရေး
“လုံခြုံရေးက အခုဆိုရင် ပိုများလာတယ်။ ဥပမာဆိုရင် စည်ပင်သာယာ ရုံးနားတဝိုက်မှာ အရင်တုန်းကဆိုရင် မရှိခဲ့ဘူးလေ။ အခုဆိုရင် တွေ့ခဲ့တဲ့လူတွေ ပြောတာ မန္တလေး စည်ပင်သာယာရုံးရဲ့ ဘေးချင်း ကပ်ရက်က အမေရိကန် သံရုံးပိုင် နယ်မြေနားတဝိုက်မှာ ဆိုရင် အစောင့်တွေ တော်တော်များများ ချထားတယ်လို့ ပြောတယ်။ နောက် ဗထူးကွင်းလို နေရာမှာတွေလည်း အများကြီး ချထားတယ်လို့ ပြောတယ်။ တစုတစုကို မရှိပါဘူး ဆိုရင်လည်း အနည်းဆုံးတော့ ၃-၄-၅ဝ ရှိမှာပေါ့။ တမြို့လုံးနီးပါးကို ချထားတယ်။ အမျိုးမျိုးပေါ့ဗျာ။ သူတို့ တွက်ဆတာတွေကိုလည်း ကိုယ်က လက်လှမ်းမမှီပါဘူး။ အရှေ့ပြင် ဘက်ခြမ်းတွေကနေလည်း ထွက်လာတယ်၊ လူစုတယ်ဆိုရင် အဲဒီဘက်မှာ လက်နက်ကိုင်တဲ့ လုံခြုံရေးတွေ ချထားတယ်။ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ်လေး ချထားတယ်”
လမ်းတချို့ပြန်ဖွင့်
“အရင်ရက်က ပိတ်ထားတဲ့ လမ်းတွေကိုတော့ ပြန်ဖွင့်လိုက်တာ ရှိတယ်။ အရင်တုန်းကဆို ၃၃ လမ်းတို့၊ ၃၄ လမ်းတို့ကို ပိတ်ထားတာ ရှိပေမယ့် အခုဆို ပြန်ပွင့်သွားပြီ။ ၃၅ လမ်းကိုတော့ ပိတ်ထားတုန်းပဲ။ ဘုန်းကြီးကျောင်းနား တဝိုက် စောင့်ကြည့်နေတာတွေတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် သက်တောင့်သက်သာ ရှိသွားပုံပဲ။ အေးအေးဆေးဆေးပဲ။ ဟတ်စ်ကီးတော့ တနေ့က အထိတော့ ဝဲတယ်။ မနေ့ကတော့ မကြားရတော့ဘူး”
ကျောင်းတချို့ ပိတ်ပြီ
“မနေ့က စကြားတာကတော့ ဂျီတီစီ (အစိုးရ နည်းပညာကောလိပ်) တလပိတ်တယ်လို့ ကြားတယ်။ မန္တလေးမြောက်ဘက် အိုးဘို ရွှေကျင်မှာ ရှိတဲ့ ကျောင်းလေ။ အဝေးသင်တွေလည်း ၆ လလောက် နောက်ဆုတ် လိုက်တယ်တဲ့”
နယူးဒေလီတွင် သံဃာနှင့် ကျောင်းသား စုပေါင်းဆန္ဒပြ
မြန်မာစံတော်ချိန် ၂ နာရီ (သတင်းရယူချိန်)
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မြန်မာ ကျောင်းသားများနှင့် သံဃာတော်များမှ ပူးတွဲ ဦးဆောင်၍ အကြမ်းဖက် နအဖ စစ်အစိုးရကို ဆန့်ကျင် ရှုတ်ချသည့် ဆန္ဒပြပွဲ တရပ်ကို ယနေ့ ကျင်းပ ပြုလုပ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်နှင့် မဇ္ဈိမ ဒေသရောက် စာသင်သား မြန်မာ သံဃာတော် ၅၃ ပါးမှ ဦးဆောင် ကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ တိဘက်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယ နိုင်ငံသား သံဃာ အချို့လည်း ပါဝင် တက်ရောက် လာကြကာ စုပေါင်း၍ ပရိတ်ရွတ်ဖတ်ကြသည်။
ဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ လူအင်အား ၂ဝဝ ကျော်လည်း ပါဝင် တက်ရောက်ကြောင်း သိရသည်။
ရန်ကုန်မြို့ အခြေအနေ
(ရှာဖွေရေး၊ ရွှေတိဂုံ၊ ပြာယာခတ်နေသူများ၊ လုံခြုံရေး၊ ငွေပေးရင် လွှတ်ပေးတယ်)
မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ (သတင်းရယူချိန်)
ရှာဖွေရေး
“ဒီနေ့တော့ အားလုံးက ပုံမှန်ရှိနေပေမယ့် စစ်ဆေးမှုတွေက ရှိနေတုန်းပဲ။ ရဲရော၊ စစ်တပ်တွေတော့ ရှိသေးတယ်။ ဥပမာ လူတွေ အများဆုံး သွားနေတဲ့ နေရာဖြစ်တဲ့ ဆူးလေ၊ ဘတ်စ်ကားဂိတ်၊ လှည်းတန်း၊ မြေနီကုန်းတို့မှာ အရပ်ဝတ်နဲ့ သွားနေတဲ့ လူတွေကို စစ်ဆေးတယ်။ ပိုက်ဆံအိတ်ပါရင် ဖွင့်ကြည့်တယ်။ လွယ်အိတ်ပါရင် အိတ်ကို စစ်တယ်။ ကင်မရာပါရင် ကင်မရာကို ဖွင့်ကြည့်ပြီး ဓာတ်ပုံတွေ ဘာဖြစ်လို့ တင်ထားလဲ ဆိုပြီး ယူသွားတယ်။ သိမ်းလိုက်တယ်။ နောက် သူတို့ တခုခု မသင်္ကာစရာေ တွ့ရင် အဲဒီလူကို ဖမ်းသွားတယ်။
ဆူးလေ လေးဘက်လေးတန်မှာ ချထားတဲ့ သံဆူးကြိုးကို ဒီနေ့မနက် ပြန်သိမ်းလိုက်တယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်မှာ အင်အားကတော့ ၂၅ဝ ၊ ၃ဝဝ လောက်တော့ ရှိနေတယ်”
ရွှေတိဂုံ
“ရွှေတိဂုံဘက်မှာလည်း အနောက်ဘက်မုခ်မှာ ဝင်တဲ့ လူမရှိဘူး။ သူတို့ ၁၅ ယောက်လောက် စောင့်နေတယ်။ နောက် အာဇာနည်ကုန်း၊ ရွှေတိဂုံ မြောက်ဘက်မုခ်ဘက်မှာ ဆိုရင်တော့ စစ်ကား ၁၅ စီးလောက် ရှိတယ်။ စစ်သားတွေကတော့ အောက်ဆင်းတဲ့လူက ဆင်း၊ ကားပေါ်မှာ အိပ်နေတဲ့လူက အိပ်၊ ထိုင်နေတဲ့လူက ထိုင် ရှိနေကြတာတွေ့ရတယ်”
ပြာယာခတ်နေသူများ
“လှည့်နေတဲ့ကား ၃ စီးကလည်း ဥပမာ တောင်ဥက္ကလာဘက် ရှိတယ်ဆိုရင် အဲဒီဘက်ကိုသွား။ သာကေတဘက်ဆို သာကေတသွား။ လုံထိန်း၊ ရဲ၊ စွမ်းအားရှင် လှည့်နေတယ်လေ။ အင်အားက ၁ဝဝ လောက် ရှိမယ်”
လုံခြုံရေး
နောက်ပြီး ရန်ကုန် မြို့နယ်တိုင်းမှာ ရှိတဲ့ စာသင်တိုက်တိုင်းမှာလည်း လုံခြုံရေးတွေ ချထားတယ်။ ငွေကြာရံ ကျောင်းတိုက်မှာတော့ စစ်ကား ၃ စီး၊ ဒိုင်နာကား ၂ စီး ရှိတယ်။ အထဲမှာလည်း စစ်သား၊ ရဲ စောင့်နေကြတုန်းပဲ။
ငွေပေးရင် လွှတ်ပေးတယ်
“အခု ဆန္ဒပြပွဲမှာ မပါဝင်ဘဲနဲ့ လမ်းပေါ်ကနေ ဖမ်းဆီး ခံထားရတဲ့ လူတွေကို နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ မေးပြီး အဲဒီ လူတွေရဲ့ အိမ်ကို ဖုန်းဆက်ပြီး မင်းတို့အိမ်က မောင် ဘယ်သူ၊ မ ဘယ်သူ၊ ဖမ်းဆီးထားတယ်၊ ပိုက်ဆံ ၂ သိန်းနဲ့ အာမခံပြီး လာခေါ်ပါ” ဟု သွားရောက် ထုတ်ယူခဲ့ရသူ တဦးက ပြောသည်။
