Sunday 30 September 2007


သတင်းသုံးခု လက်ခံရရှိသည် ---
အောက်ဖေါ်ပြပါသတင်းများကို တိကျခိုင်မာသော နေရာမှရရှိပါသည်။
၁. မနက် ဖြန် 1st October 16:30hr (S'pore time) တွင် စင်္ကာပူ Seletar Airport စစ်လေယာဉ်ကွင်း သို့ 
အထူးလေယာဉ် Pagan Air လေယာဉ်အမှတ် XY-AGC Fokker-100 ရန်ကုန်မှ ဆိုက်ရောက်လာမည်။
17:00hr ( S'pore time ) တွင်ပြန်လည်ထွက်ခွါပြီး ရန်သို့  ဒေသစံတော်ချိန် 18:00hr တွင်ပြန်ရောက်မည်။
ခရီးသည်မည်သူမည်ဝါဖြစ်သည် မသိရ။
၂. ယနေ့ ညနေ ၁၅ နာရီတွင် ထိုင်းနိုင်ငဲမဲဆောက်မြို့  UN ရုံးရှေ့ ဆန္ဒပြပွဲတွင် ထိုင်း စစ်သားများက ဆန္ဒပြသူ မြန်မာများအားဖမ်းဆိး ပြီးကားပေါ်အတင်းတင်သွားပါသည်။ ဗွီဒီယိုဖိုင်ပူးတွဲလျက်။
ထိုင်းနိုင်ငံမဲဆောက်မြို့ ပိုင်ရဲ့ သဘောထားအမှန်ကိုရှင်းရှင်းလင်းလင်းသိချင်ပါတယ်
ဗွီဒီယိုဖိုင်
အမျိုးချစ်သူ
video

စက်တင်ဘာ-၃၀

ဆန္ဒပြသူတွေကို အရှင်လတ်လတ်မီးရှို့လိုက်ခြင်း..(အသံဖိုင်)


ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရပြော
မန္တလေး ဆန္ဒပြဦးမှာ၊ရန်ကုန်မှာ ပိတ်ဆို့မှုလုပ်
မေတ္တာသုတ်ရွတ်ဆိုကာ သံဃာတော်များ တုံ့ပြန်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။

စင်္ကာပူက ဆန္ဒပြပွဲ
မြန်မာစံတော်ချိန် ၁၈း၀၀ (သတင်းလွှင့်တင်ချိန်)

စင်္ကာပူရှိ မြန်မာသံရုံး ရှေ့တွင် အတိုက်အခံ ပါတီမှ စင်္ကာပူ ပါလီမန် အမတ်များ နှင့် စင်္ကာပူရောက် မြန်မာများ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြလျှက် ရှိကြသည်။

ဆန္ဒပြပွဲကို ညအချိန်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး လူများက ဖယောင်းတိုင်များ ယူဆောင် လာခဲ့ကြသည်။ ညရောက်လျှင် ဖယောင်းတိုင်များ ထွန်းညှိပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ကြမည် ဖြစ်သည်။

"စလုပ်လုပ်ချင်းတော့ အတိုက်အခံ ပါတီက စင်္ကာပူ လူမျိုး နိုင်ငံရေး သမားတွေပေါ့။ နောက်တော့ မြန်မာတွေ အများကြီး ပါလာတယ်။ တရားဝင် ခွင့်ပြုတဲ့ သတင်းကို မသိကြသေးတော့ လူတွေက သိပ်မလာရဲ ကြသေးဘူးလေ။ တဖြည်းဖြည်း များလာတာ အခုတော့ လူနှစ်ရာ လောက်တော့ ရှိသွားပြီ။ ရင်ဘတ်ဘက်မှာ STOP BLOODSHED IN MYANMAR နဲ့ ကျောဘက်မှာ CONCERN FOR MYANMAR တံဆိပ်လေးတွေ ပါတဲ့ အင်္ကျီတွေ တော်တော်များများက ဝတ်ထားကြတယ်။ အဲဒီ အင်္ကျီတွေကို ဒီမှာလည်း ဝေတယ်ဗျ .. နဲနဲ နဲသွားတော့ ကုန်သွားပြီ။ ကြားတဲ့ လူတွေလည်း ပင်နီဆူလာက ကမန်းကတန်း ဝယ်ပြီး ဝတ်လာကြတယ်တဲ့။ ညအထိ လုပ်မှာ ခုနှစ်နာရီ ရှစ်နာရီလောက်အထိ ထင်တယ်ဗျ။ ဖယောင်းတိုင်လေးတွေ ယူလာကြတယ်။ ညကျယင် မီးထွန်းပြီး ဆုတောင်းကြမှာ တဲ့” ဟု ဆန္ဒပြရာတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်။

လူ ၄ ယောက်ထက် ပို၍ ရည်ရွယ်ချက် တစ်ခုဖြင့် လူမစုရသော စင်္ကာပူ နိုင်ငံတွင် အစိုးရက တရားဝင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

တောင်ကုတ် ဆန္ဒပြ
(မြန်မာစံတော်ချိန် ၄း၄၅)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် သံဃာတော် ၄ ပါးက ဦးဆောင်၌ လူ ၈ဝဝ ခန့်လောက်က လမ်းလျှောက် ဆန္ဒပြကြသည်။

နေ့လည် ၂ နာရီခန့်ကစ၍ သမိုင်းဝင် ဖောင်တော်ဦး စေတီမှ သံဃာများက မေတ္တာသုတ်များ ရွတ်ဆိုပြီး ပြည်သူများက “နိုင်ငံရေး အကျဉ်း သားများ လွတ်မြောက်ရေး ဒို့အရေး”၊ “ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး” ကြွေးကြော်သံများဖြင့် အမ်းလမ်း၊ ဆေးရုံးရှေ့၊ မင်းကျောင်း၊ ဘုတ်ဆိပ်မှ ကွေ့ဝင်လာပြီး မရက ရုံးအရှေ့သို့ လမ်းလျှောက် ဆန္ဒပြကြသည်။

မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးအရှေ့တွင် ရဲကားတစီးနှင့် စစ်တပ် ဂျစ်ကားတစီးက ယူနီဖောင်း အပြည့်နှင့် ရပ်ကာ ကြံ့ဖွံများ ပါဝင်ကာ လူအင်အား ၅ဝ ခန့်လောက်က ပိတ်ပင်ထားရာက ညနေ ၃နာရီ ခန့်တွင် လူစုကွဲသွားကြောင်း ဒေသခံ တဦးက ပြောသည်။

မန္တလေးအခြေအနေ
(ပြောက်ကျား ဆန္ဒပြပွဲ၊ ဖြိုခွဲမှာလား တန်ပြန်လား၊ လူမစုရန် ကျေညာချက်ထုတ်)

မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ (သတင်းရယူချိန်)

ပြောက်ကျားဆန္ဒပြပွဲ

“လွန်ခဲ့တဲ့ တနာရီလောက်တုန်းက ၇၅ လမ်းနဲ့ ၃၅ လမ်းမှာ တခါ၊ ၇၇ လမ်းနဲ့ ၃၅ လမ်းမှာ တခါ၊ ဆိုင်ကယ်စီးတဲ့ ကျောင်းသားတွေ အလံနီ တလက်နဲ့ ဆန္ဒပြသွားတယ်။ ပြောက်ကျား ဆန္ဒပြပွဲပေါ့နော်။ ဆိုင်ကယ်က ရာဂဏန်း နီးပါး ရှိပါတယ်။ အသက် ၂ဝ ကျော် အစိတ် ဝန်းကျင်လေးတွေပါ။ ၃၅ လမ်းပေါ်မှာပဲ မြင်လိုက်ရတာခင်ဗျ။ သူတို့လည်း အမြန် ဖျောက်ရတာပေါ့နော်။ အချိန်တို တွင်းမှာပဲ လုပ်သွားရတာ။ မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သွားတဲ့ သဘောပေါ့။ မြောက်ကနေ ဝင်လာပြီးတော့ ၃၅ လမ်းပေါ် ဆင်းတယ်၊ ပြီးတော့ ဘေးကို ပြန်ဖျောက်သွားတယ်ပေါ့နော်”

ဖြိုခွဲမှာလား တန်ပြန်လား

“နေ့စားတွေ အနေနဲ့ ငွေပေးပြီး ခေါ်လာတဲ့ သူတွေရှိတယ်။ ၁ဝဝဝ၊ ၁၅ဝဝ၊ ၂ဝဝဝ လောက် ပေးပြီး ခေါ်လာတာ။ ကုန်သွယ်ရေး ရုံးတွေ တော်တော်များများရှိတဲ့ သာသနာ ၂၅ဝဝ လို့ခေါ်တဲ့ ဓမ္မာ့ဗိမာန် လို့ခေါ်တဲ့ သာသနာ့ ဗိမာန်မှာတို့ ရတနာဘူမိ နယ်မြေထဲမှာတို့ အများကြီးပဲပေါ့နော်။ နေ့စားနဲ့ ခေါ်ထားတဲ့ အရပ်သားတွေပေါ့ဗျာ၊ အများကြီး တွေ့ရတယ်။ သာသနာ ၂၅ဝဝ ရှေ့မှာဆိုရင် လမ်းဘေးမှာ ဒီအတိုင်းကြီး ထိုင်ပြီးတော့ ဖဲချနေကြတယ်။ ဘာလုပ်ခိုင်းဖို့လည်းတော့ ပြောမထားသေးဘူး။ တန်ပြန် ဆန္ဒပြပွဲ အတွက်လား၊ ဆန္ဒပြသူတွေလာရင် ဖြိုခွဲဖို့လား၊ မပြောတတ်ဘူး။ လောလောဆယ်တော့ ဘာမှတော့ လုပ်ခိုင်း မထားသေးဘူး။ သူတို့ ရိက္ခာနဲ့ ကျွေးမွေးပြီးတော့ ထားတယ်ပေါ့။ လူတိုင်း မြင်နေရတာ တော်တော်များတယ်။ ကားကြီး ကားငယ်တွေနဲ့ ခေါ်ခေါ်လာတာဗျ။ အနည်းဆုံး မရှိပါဘူးဆိုရင် ရာချီ ရှိတာပေါ့။ ခြောက်လှန့်ဖို့ ပါတယ်၊ တခုခု အသုံးချဖို့လည်း ဖြစ်မယ်ပေါ့နော်။ ဒီအတိုင်းကြီး ခေါ်ထားတာတော့ မဟုတ်ဘူး။ တခုခု အသုံးချဖို့”

လူမစုရန် ကျေညာချက်ထုတ်

“မနေ့ကလိုတော့ လူက စုတာမျိုးတော့ မရှိသေးဘူး။ ၃၄ လမ်းတဝိုက်မှာလည်း ထပ်ပြီး စုလို့မရဘူး။ လုံခြုံရေး ချထားတယ်။ ဖြစ်လာရင် ဖြိုခွဲမှာပဲ။ မန္တလေးတိုင်း ခရိုင် အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ကနေ လမ်းမှာ ဆိုင်ကယ်တွေ၊ လူစုလူဝေးတွေ စုတာ မရဘူး၊ ဆိုင်ကယ် အစုလိုက်တွေ၊ ကားတွေ၊ စက်ဘီးတွေ လမ်းပိတ်ဆို့တာတွေ မရဘူး။ လုပ်လာရင် တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ မနေ့က ၂၉ ရက်နေ့စွဲနဲ့ ကျေညာထားတယ်လေ”

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မြန်မာစံတော်ချိန် ၁၅း၄၀ (သတင်းလွှင့်တင်ချိန်)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မိနစ် ၂ဝ ခန့်ကြာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

ဘန်ကောက်မှာလည်း ဆန္ဒပြ
မြန်မာစံတော်ချိန် ၁၅း၁၀ (သတင်းလွှင့်တင်ချိန်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်း အလုပ်သမား ၁ဝဝဝ ခန့်က မြန်မာသံရုံး ရှေ့တွင် ယနေ့ နံနက် ၉နာရီခွဲလောက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ဒီမိုကရေစီရရှိရေး၊ ကျောင်းသား ခေါ်ဆောင်များ ပြန်လွတ်ပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သံဃာတော်များကို သတ်သည့် နအဖ စစ်အစိုးရ အလိုမရှိ” စသည့် ကြွေးကျော်သံများ အော်ဟစ် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရ ပြော
မြန်မာစံတော်ချိန် ၁၅း၀၀ (သတင်းလွှင့်တင်ချိန်)

ပြည်သူလူထု အနေဖြင့် ကိုယ့်ဘာသာကိုယ် ဦးဆောင် ဆန္ဒပြချိန်တန်ပြီ ဖြစ်ကြောင်း စစ်အစိုးရက အပူတပြင်း လိုက်လံ ရှာဖွေနေသော သံဃာ့ တပ်ပေါင်းစုမှ ဦးဆောင်သူ တဦးဖြစ်သူ ဆရာတော် ဦးဂမ္မီရ က ပြေးလွှားနေရင်းက မဇ္ဈိမ ကို ပြောပြသည်။

“လူထုအနေနဲ့ ခေါင်းဆောင်တွေကို မမျှော်နဲ့တော့၊ ကိုယ့်ကိုကိုယ် ခေါင်းဆောင်အဖြစ် ဖော်ထုတ်ပါ၊ ကိုယ့်ကိုကိုယ် ဗဟိုပြုပါ၊ ကိုယ့်ကိုကိုယ် ဦးဆောင်ဖို့ အရေးကြီးတယ်။ သံဃာတော်တွေက ရှေ့မှာ အများကြီး လုပ်ဆောင်သွားပြီးပြီ။ အဖမ်းဆီး ခံရတာတွေ၊ ထောင်ထဲ ရောက်နေတာတွေ၊ စစ်ကြောရေးမှာ ရောက်နေတာတွေ၊ ပြီးတော့ ပျံလွန်တော်မူ သွားကြပြီးပြီ” ဟု ဆရာတော်က ပြောသည်။

“(ဘုန်းကြီးကျောင်းရှေ့မှာ လက်နက် တကားကားနဲ့၊ ယူနီဖောင်း တကားကားနဲ့၊ အဲသလို လုပ်တာဟာ သူတို့ရုပ်လုံးကို နိုင်ငံတကာပေါ်တယ်။ အာဏာရှင်တောင် မကတော့ဘူး အကြမ်းဖက်သမား အဖြစ် ကမ္ဘာက သိတယ်။” ဟု သူက ထပ်ပြောသည်။

“ကျောင်းအပြင်ဘက်မှာ လုပ်လို့ မရရင်၊ ကျောင်းအတွင်းမှာ လုပ်လို့ရတာ ရှိပါတယ်။”

စင်္ကာပူအမတ်များ မြန်မာစစ်အစိုးရကို ရှုတ်ချ

မြန်မာနိုင်ငံတွင်း စစ်အစိုးရက ဆန္ဒပြသူများကို သတ်ဖြတ်မှုများကို ကန့်ကွက်သောအားဖြင့် စင်္ကာပူ အတိုက်အခံ ပါလီမန်အမတ် ၁၁ ဦးက မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကြသည်။

အနီရောင်စတစ်ကာပါသော အင်္ကျီများ၊ လက်ပတ်များ ဝတ်ဆင်ပြီး Free Burma, Right to protect, Stop Killing စသည့်စာသားများ ဆိုင်းဘုတ်များတွင် ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကိုင်ဆောင်ထားသော ဆန္ဒပြကြခြင်း ဖြစ်သည်။

ကယားပြည်နယ်မှာ ဆုတောင်းပွဲများလုပ်
မြန်မာစံတော်ချိန် ၁၄း၁၅ (သတင်းလွှင့်တင်ချိန်)

ကယားပြည်နယ် ဒီမောဆိုနှင့် ဖရူးဆိုး မြို့နယ်များတွင်လည်း ဘာသာအလိုက် စုပေါင်း ဝတ်ပြု ဆုတောင်းပွဲများ လုပ်ကာ မြန်မာနိုင်ငံ အခြားဒေသများတွင် ပြုလုပ်သည့် ဆန္ဒပြသူများနှင့် တသားတည်း ရှိကြောင်း ပြသနေကြသည်ဟု ကရင်နီး တိုင်းရင်းသား အဖွဲ့တခု၏ အပြောအရ သိရသည်။

တချိန်တည်းမှာပင် ယခင်က အခြေအနေများ၌ မရှိခဲ့သော စွမ်းအားရှင်များကို တရွာလျှင် (၂ဝ) ဦးနှင့်အထက် စီဖြင့် ဖွဲ့စည်းရန် မြို့နယ် မဝတရုံးများမှ အမိန့် စာထုတ်ပြန်ထားကြောင်း ကရင်နီ အမျိုးသား လူငယ် အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နအဖကလည်း ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်သို့ လာရောက်ခိုက် မြို့ပြနှင့် အလှမ်းဝေးရာ နယ်များတွင် တန်ပြန်သပိတ်များ ဆင်နွဲရန် စီစဉ်ထားရာ ယနေ့ နံနက်တွင် လွိုင်ကော်မြို့ ကျောက်တိုင်ကွင်းအတွင်း ပြုလုပ်ရန် စီစဉ်ထားသော ညီလာခံ ထောက်ခံပွဲနှင့် ဆန္ဒပြမှုများကို ရှုတ်ချပွဲ အိမ်ခြေ ၅ဝ အထက်ရှိသော ကျေးရွာများသည် လူ ၃ဝ ဦး၊ အိမ်ခြေ ၅ဝ အောက်ရှိသော ကျေးရွာတိုင်းကို လူ ၂၅ ဦး မပျက်မကွက် တက်ရောက်ရန် အမိန့် ထုတ်ထားသည်။

မန္တလေး ဆန္ဒပြဦးမှာ
မြန်မာစံတော်ချိန် ၁၄း၀၅ (သတင်းလွှင့်တင်ချိန်)

လုံခြုံရေးများက ဘုန်းကြီးကျောင်းများကို ပိတ်ထားပြီး သံဃာတော်များကို ခရီးစားရိတ် ပေးပြီး နေရပ်ရင်း ပြန်ခိုင်းလိုက်မှု၊ မစ္စတာ ဂမ်ဘာရီ ခရီးစဉ် အခြေအနေ စောင့်ကြည့်မှုများကြောင့် မန္တလေးမြို့အတွင်း သံဃာတော်များ ဆန္ဒပြမှု ကျဆင်းသွားသည်ဟု သိရသည်။

သို့သော် ယနေ့ ညနေတွင် ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒပြမှု ပြုလုပ်မည်ဟု စုံစမ်းသိရှိရသည်။

လုံခြုံရေးများ ရှိနေသော်လည်း အသင့် အနေအထား မဟုတ်တော့ဘဲ သက်တောင့်သက်သာ ထိုင်နေကြသည်ကိုပင် တွေ့ရသည်။

လမ်းအများလည်း ပြန်လည်ပွင့်သွားပြီး လူအများ ပြန်လည် သွားလာနေကြသည်။

တပ်မ ၉၉ က အောင်မြေသာစံဘက်မှ ဘုန်းကြီးကျောင်းများကို စောင့်ကြည့် ထိန်းထားပြီး တပ်မ ၃၃ က ချမ်းအေးသာဇံနှင့် မဟာအောင်မြေ ဘက်တို့တွင် တပ်စွဲထားသည်။

“နာမည်ရှိတဲ့ လူတွေကို လိုက်ဖမ်းနေတာ၊ စောင့်ကြည့်နေတာတွေ လုပ်နေတာ” ဟု ဒေသခံတဦးက ပြောသည်။

“ဂမ်ဘာရီ ရဲ့ အခြေအနေကို စောင့်ကြည့်နေတာလည်း ပါတယ်” ဟု သူက ပြောသည်။

ရန်ကုန်မှာ ပိတ်ဆို့မှုလုပ်
မြန်မာစံတော်ချိန် ၁၃း၄၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့တွင် ဆန္ဒပြရန် တာစူမှုများ လုပ်နေသလို စစ်အစိုးရကလည်း ပိတ်ဆို့မှုများ လိုက်လုပ်လျှက် ရှိရာ ပြည်လမ်းမကြီးပေါ်ရှိ လမ်းစွယ်များ အားလုံးကို ရဲများ၊ လုံထိန်းများက ပိတ်ဆို့ထားပြီး ယာဉ်အသွားအလာ ဖြတ်တောက်ထားသည်။

ရန်ကုန်မြို့တွင် မိုးများလည်း ရွာသွန်းနေသည်။

စစ်တွေမှာ စစ်တပ် လုံခြုံရေးတွေ ချထား
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ (သတင်းရယူချိန်)

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သံဃာနှင့် ပြည်သူ ပူးပေါင်း ဆန္ဒပြပွဲများ ယနေ့တွင် ဆက်လက် ကျင်းပနိုင်ခြင်း မရှိစေရန်အတွက် ဆန္ဒပြလေ့ရှိသည့် မြို့နေရာ အချို့တွင် ယမန်နေ့ညမှ စတင်ကာ စစ်တပ်နှင့် ရဲတပ်သားများ စုပေါင်း လုံခြုံရေး ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံတဦးက “ဒိုးဝန်း ရပ်ကွက်က ဘုရားကြီးရှေ့ ဝင်္ကပါကွင်းမှာ စစ်တပ်ကနေ သံဆူးကြိုးအကာတွေ ချထားပြီးတော့ တဲတွေ ထိုးထားတယ်။ စစ် တာလပတ်တွေနဲ့လေ။ ယာယီတဲတွေ။ ရဲက ၁ဝဝ၊ တပ်က ၂ဝဝ လောက် ရှိတယ်။ ပြည်တော်သာ ရပ်ကွက်ထဲမှာ ရှိတဲ့ ပယက (ပြည်နယ် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ) ရုံးမှာလည်း သံဆူးကြိုးတွေနဲ့ ချကာထားတယ်ဗျ။ စစ်တပ်နဲ့ ရဲ အင်အားက ၁၅ဝ လောက် ရှိတယ်။ ကျေးပင်ကြီး ရပ်ကွက်ထဲက ဦးဥတ္တမ ပန်းခြံမှာလည်း ချထားတယ်။ ရဲနဲ့ စစ်တပ် ၂ဝဝ လောက် ရှိတယ်။ ကုန်သွယ် လယ်ယာမှာလည်း ချထားတယ်ဗျ။ ဒါတွေက ညပိုင်းမှာ ချလိုက်တာ။ ဘုန်းကြီးတွေလည်း ဆွမ်းခံကြွတာတောင် မရဘူး။ ခေါ်ပြီး စစ်ဆေးတယ်။ အဲလိုဖြစ်နေတာ။ လုံးဝ ထွက်လို့မရအောင် လုပ်ထားတာ” ဟု ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက အာဏာပိုင်များဘက်က အဓိကရုဏ်း နှိမ်နင်းရေး လေ့ကျင့်မှုများကို လူမြင်ကွင်းတွင် ပြုလုပ်ပြခဲ့သော်လည်း ညနေပိုင်းတွင် သံဃာ အပါး ၈ဝ ခန့်နှင့် ပြည်သူ ၃ဝဝဝ ခန့် ပါဝင်သည့် မေတ္တာပို့ ဆန္ဒပြပွဲ တရပ် ကျင်းပခဲ့သေးသည်။

ယခင်က ဆန္ဒပြပွဲ ကျင်းပရာ နေရာများတွင် ယခုလို လုံခြုံရေးများ တိုးမြှင့် ချထားခြင်း ဖြစ်ကြောင်းနှင့် ယနေ့တွင် ဆန္ဒပြပွဲ ဖြစ်ပေါ်နိုင်ခြင်း ရှိ၊ မရှိ မခန့်မှန်းနိုင်သေးကြောင်း စစ်တွေ ဒေသခံက ဆက်ပြောသည်။

မေတ္တာသုတ်ရွတ်ဆိုကာ သံဃာတော်များ တုံ့ပြန်
မြန်မာစံတော်ချိန် ၁၈း၀၀ (သတင်းလွှင့်တင်ချိန်)

မန္တလေးတွင် သံဃာတော်များ ဆန္ဒမပြရန် စစ်တပ်က ကြိုးပမ်းရာတွင် ကျောင်းတိုက်များကို ပိတ်ထားပြီး ထွက်ခွင့် မပြုဘဲ ထားခြင်း ဖြစ်သည်။ သို့သော် သံဃာတော်များက ကျောင်းတိုက်အတွင်းမှ မောရသုတ်၊ မေတ္တာသုတ်များ ရွတ်ဆိုနေကြသည်။

ပြည်သူလူထုကတော့ ဗုဒ္ဓ ဂေါတမဘုရားရှင် ပုံတော်ကိုင်၍ ဆန္ဒပြရန် စီစဉ်နေကြသည်။



ဒီအသံကို အမြန်နားထောင်ပါ !!! (Breaking News-sep,30)

မြစ်ကြီးနားက နအဖ ညီလာခံ ထောက်ခံပွဲ ဒို့အရေး အော်လို့ အာဏာပိုင်များ စိတ်ပျက်

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း မြိုများမှ လူထုအင်အား ၂ သောင်းကျော်ကို မတက်မနေရ တက်ရောက်ခိုင်းသည့် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ရာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပြီးဆုံးသွားခဲ့သည်။

မြန်မာနိုင်ငံအနှံ့ သံဃာတော်များနှင့် ပြည်သူများ၏ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများ အပေါ် ရှုတ်ချသည့် အဆိုများကို ဗိုလ်ချုပ် သိန်းဇော် ဆိုသူက တင်သွင်းရာတွင် အခမ်းအနား တက်ရောက်သူ အားလုံးက 'ထောက်ခံပါတယ် … ထောက်ခံပါတယ်' ဟု ဟစ်အော်ရမည့် အစား 'ဒို့အရေး … ဒို့အရေး' ဟူ၍ သံပြိုင် ကြွေးကြော်ကြကြောင်း ဒေသခံများ အဆိုအရ သိရသည်။

“ပွဲစတာနဲ့ သဘာပတိက အဖွင့်မိန့်ခွန်း ပြောတယ်။ ပြီးတာနဲ့ အချက် ၁၁ ချက်ပါတဲ့ အဆိုကို ဗိုလ်ချုပ်သိန်းဇော် က တင်သွင်းတယ်။ 'ပြည်ပအားကိုး ပုဆိန်ရိုး … အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ' လို့ တိုင်ပေးတယ်။ သူတို့ ကြံ့ဖွတ်တွေရော အားလုံးက 'ဒို့အရေး … ဒို့အရေး' လို့ပဲ ဝိုင်းအော်ကြတယ် ခင်ဗျ” ဟု ညီလာခံ တက်ရောက်သူ မြစ်ကြီးနား မြို့ခံက မဇ္ဈိမကို ပြောပြသည်။

ယခုလို 'ဒို့အရေး … ဒို့အရေး' ဟု ဝိုင်းအော်ကြသဖြင့် အဆိုတင်သွင်းသူ ဗိုလ်ချုပ် သိန်းဇော်သည် မျက်စိ မျက်နှာပျက်ကာ စင်ပေါ်မှ ဆင်းသွားကြောင်းနှင့် ညီလာခံ ထောက်ခံပွဲ အခမ်းအနား ပြုလုပ်ချိန်တွင် ဘောလုံးကွင်း တံခါးများကို အလုံပိတ်ထားပြီး လက်နက်ကိုင် လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သိရသည်။

“မြစ်ကြီးနားက လူတွေက မနက် ၅ နာရီကတည်းက လာကြရတာ။ ခယက ရုံးမှာ တန်းစီရသေးတယ်။ အဲဒါပြီးမှ ဘောလုံးကွင်းကို သွားရတာ။ ကျန်တဲ့မြို့က လူတွေကလည်း ညကတည်းက ကားစီးလာရတာလေ။ ဗိုက်ကလည်း အရမ်းဆာနေကြတော့ ပွဲတောင် မပြီးသေးဘူး ပိတ်ထားတဲ့ တံခါးတွေကို ဖွင့်ခိုင်းပြီး အားလုံးက ဝုန်းဝုန်းဆို ထွက်လိုက်ကြတာ။ လူတွေနင်းကြတယ်၊ ဒဏ်ရာရကြတဲ့ သူတွေလည်း ရှိတယ်ခင်ဗျ” ဟု အခြား ဒေသခံ တဦးကလည်း ပြောသည်။

ဗန်းမော်မြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြံ့ဖွံ့များကို မှန်လုံကား ၄ စီးဖြင့် ယမန်နေ့ည ၁၁ နာရီကတည်းက မြစ်ကြီးနားသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဗန်းမော် မြို့သားတဦးက ပြောသည်။

“ဝန်ထမ်းတွေက မသွားချင်ဘူး။ အကုန်လုံး အတင်းအကျပ်ပဲ။ မလိုက်ရင် အလုပ်ဖြုတ်မယ် ဆိုပြီး ခြိမ်းခြောက်ပြီး သွားတက်ခိုင်းလိုက်တာ” ဟု သူက ပြောပြသည်။

ယနေ့ ကျင်းပသည့် မြစ်ကြီးနားက ညီလာခံ ထောက်ခံပွဲ အခမ်းအနားသို့ အိမ်ထောင်စု တစုလျှင် ၂ ဦးကျ နှုန်းဖြင့် မတက်မနေရ တက်ရောက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၁၄ နှစ်ကျော်ကတည်းက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲလာခဲ့သော မြန်မာ စစ်အစိုးရ၏ အမျိုးသား ညီလာခံသည် မြန်မာ အတိုက်အခံများ၊ တိုင်းရင်းသား အင်အားစုများ၏ သဘောတူ ကြည်ဖြူမှု မရှိဘဲ ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။

ဒေါ်ဝင်းမြမြကို ဖမ်းဆီး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်

မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံ ဒေါ်ဝင်းမြမြ(အသက် ၅၈ နှစ်) ကို ယမန်နေ့ည ၁၁နာရီ တွင် ဒုရဲအုပ် ထွန်းလွင်နောင် သူမ၏ နေအိမ်၌ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

တိုင်းစည်းရုံးရေး တာဝန်ခံကို လာရောက် ဖမ်းဆီးချိန်တွင် ထွန်းလွင်နောင် အပါအဝင် အရပ်ဝတ်ဖြင့် ၁ဝဦးနှင့် ကား (ဒ - ၆၄၃ဝ) တာဝန်အရ လာရောက် ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူ၏ ညီမက ပြောသည်။

“သူ့ကို လာဖမ်းမယ်ဆိုတာ ကြိုသိနေပုံရတယ်။ ကြိုပြင်ထားတယ်။ အဝတ်အစားတွေလည်း ယူသွားတယ်” ဟု သူ၏ ညီမဖြစ်သူ ဒေါ်တင်ဝင်းရီက ပြောသည်။

“ကျမက စိတ်ပူတာပေါ့နော် အခုလက အစ္စလမ် ဥပုသ်လ (အစ္စလာမ်) ဖြစ်တယ်။ ဒီပဲယင်းမှာ အရိုက်ခံခဲ့ရတဲ့ ဒဏ်ကြောင့်လည်း အကြောရောဂါ ကုသနေရတုံး” ဟု ပြောသည်။

ဒေါ်ဝင်းမြမြသည် ၂ဝဝ၁-၂ တွင် တချိန် အဖမ်းခံရပြီး၊ ၂ဝဝ၃ ဒီပဲယင်းတွင် ၂ဝဝ၃မှ ၂ဝဝ၄ ဇန်နဝါရီအထိ ရွှေဘိုထောင်နှင့် မန္တလေး ထောင်များတွင် ချုပ်နှောင်ခံရဖူးသည်။

ဗန်းမော်ထောင်မှာ သံဃာတော်များ အစာငတ်ခံ ဆန္ဒပြနေ

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် သံဃာတော် အပါး ၃ဝ ကျော်သည် ဆွမ်းဘုန်းမပေးဘဲ အစာငတ်ခံ ဆန္ဒပြနေသဖြင့် ၂၇ ရက်နေ့တွင် အခြားထောင်များသို့ ပြောင်းရွှေ့ လူစုခွဲလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၅ ရက်နေ့ညက ဗန်းမော်မြို့ရှိ ကျောင်းတိုက် ပေါင်းစုံကို စစ်အာဏာပိုင်များက အတင်းအဓမ္မ ဝင်ရောက်ကာ သံဃာတော် ၁ဝ၈ ပါးကို ဖမ်းဆီးခဲ့ကာ အတင်းအကျပ် လူဝတ်လဲ၍ အကျဉ်းထောင်ထဲသို့ ချုပ်နှောင် ထားရှိလိုက်ကတည်းက သံဃာအပါး ၃ဝ ကျော်သည် ဆွမ်းမစားဘဲ အစာငတ်ခံ ဆန္ဒပြခဲ့ကာ အခြား သံဃာအပါး ၁ဝဝ ကျော်ကလည်း ပရိတ် ရွတ်ဖတ်နေသဖြင့် ယခုလ ၂၇ ရက်နေ့ညတွင် ဗန်းမော်ခရိုင် အတွင်းရှိ မိုးမောက်နှင့် မန်စီမြို့နယ် စစ်တပ် အချုပ်များသို့ လူစုခွဲ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

“အဲဒီလို ဆွမ်းမစားကြဘူး။ ပရိတ်တွေ ရွတ်ကြတော့ ၂၇ ရက်နေ့ ညပိုင်းက မှန်လုံကားတွေနဲ့ ခွဲပြီး ဗန်းမော်ခရိုင်ထဲမှာပါတဲ့ မန်စီနဲ့ မိုးမောက်မြို့တွေက စစ်တပ် အချုပ်တွေကို ခွဲပို့လိုက်တယ်လို့ သူတို့ ထောင်က ဝန်ထမ်းတွေက အဒေါ်တို့ကို ပြောပြတယ်လေ” ဟု အကျဉ်းကျခံ သံဃာတော်များ၏ မိသားစု အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဗန်းမော်မြို့တွင် ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်းနှင့် ၂၅ ရက်နေ့တွင် ဒေသခံ ၆ ဦးပါ ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

“ဖမ်းကြတာ ရက်ရက်စက်စက်ကို လုပ်တာ။ ဗန်းမော် မင်းမနိုင် ရပ်ကွက်မှာ ရပ်ကွက်ထဲက ဒကာတွေက မြသပိတ် ပေါက်လို့ဆိုပြီး ဘုန်းကြီးတွေကို အိမ်ခေါ်ပြီး ဆွမ်းကပ်တာ။ ဆွမ်းစားနေတာကို အတင်း ဝင်ဆွဲရမ်းပြီး ဝင်ဖမ်းကြတာပါကွယ်။ သံဃာတပါးဆို သင်္ဃန်းတွေကို အတင်း ဆွဲချွတ်ပြီး ဝင်ဖမ်းကြတာ” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

ဗန်းမော်မြို့ အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ကိုလည်း အကျဉ်းထောင်မှ ရဲစခန်း အချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသော်လည်း အခြား ဖမ်းဆီး ခံထားရသူများ၏ အခြေအနေကိုမူ စုံစမ်း၍ မရသေးဘဲ ဖြစ်နေသည်။

ပြည်တွင်းဂျာနယ်တိုက်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂၈ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပတ်သက်၍ ရှုတ်ချသည့် ဝါဒဖြန့်စာများ ရေးသား ထုတ်ဝေရန် ဖိအားပေးမှုများ ရှိနေသလို ဂျာနယ်တိုက် အများစု ပိတ်ပစ်မှုလည်း ပေါ်ပေါက်လာခဲ့သည်။

စစ်အစိုးရ အာဘော်များကို ရေးသားခြင်းဖြင့် ဂျာနယ်အပေါ် စိတ်ဝင်စားမည့်သူ မရှိသည့်အပြင် စာဖတ်သူများ အမုန်းပွားနိုင်သဖြင့် ရန်ကုန် အခြေစိုက် ဂျာနယ်အချို့ ပိတ်ပစ်ရန် ဆုံးဖြတ်ကြသည်။

“မိုးလုံးပြည့် မုသာဝါဒတွေကို အတင်းကို ရေးခိုင်းတယ်ဗျာ။ တကယ် စိတ်ပျက်ဖို့ ကောင်းနေပြီ။ ဒီတော့ အချင်းချင်း တိုင်ပင်ကြပြီးတော့ ဂျာနယ်တိုက်တွေကို ပိတ်လိုက်တယ်” ဟု သတင်းထောက် တဦးက ပြောသည်။

ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးကလည်း “ကျနော်ကြားတယ်။ ဝါဒဖြန့် ရေးခိုင်းနေတာ။ ခက်တာက ဘယ်သူတွေက ဖတ်ချင်မှာလဲ။ ဒါကို မစဉ်းစားဘဲ အတင်း ရေးခိုင်းတာတော့ လွန်တာပေါ့” ဟု ပြောသည်။

ခရီးသွားလာမှု အဆင်မပြေခြင်း၊ ဂျာနယ်ဈေးကွက် ဖရိုဖရဲ ဖြစ်နေခြင်း၊ ဂျာနယ် အရှုံးပေါ်မည်ကို စိုးရိမ်ခြင်းနှင့် ပရိတ်သတ် စိတ်ဝင်စားမည့် သတင်းများ မရေးသားနိုင်သည့်အတွက် ပိတ်ပစ်ခြင်းများလည်း ရှိသည်။

သို့သော် ရောင်းအား ကျဆင်းမှုကြောင့် ပေါ်ပြူလာဂျာနယ်သည် စောင်ရေ လျော့ထုတ်သွားမည်ဟု သိရသည်။ ယခင်က အပတ်စဉ် စောင်ရေ ၃ဝဝဝဝ (သုံးသောင်း) ထုတ်ဝေ ဖြန့်ချိလေ့ ရှိသော်လည်း လာမည့် တင်္နလာနေ့တွင် စောင်ရေ ၂၅ဝဝဝ သာထုတ်မည်ဟု ဆိုသည်။

“တာဝန်အရတော့ ဂျာနယ် ဆက်ထုတ်ရအုံးမယ်။ တနင်္လာနေ့မှာ ထုတ်ဖြစ်မယ်။ လူတွေ တော်တော်များများ အရှုံးပေါ်မှာတော့ စိုးရိမ်ကြတယ်။” ဟု အယ်ဒီတာ ဦးဟိန်းလတ်က ပြောသည်။

လတ်တလော ဆန္ဒပြ သတင်းများကိုသာ ဖော်ပြ ရေးသားခွင့် ရှိပါက ဂျာနယ်ဈေးကွက် ပျက်စရာ မရှိကြောင်းနှင့် ပြည်သူများ အားပေး ဖတ်ရှုမည် ဖြစ်ကြောင်း ဂျာနယ်တိုက်များက ပြောကြသည်။

“လူတွေ စိတ်ဝင်စားတဲ့ ဆန္ဒပြ သတင်းတွေကို ကျနော်တို့ သတင်းထောက်တွေ စိတ်ဝင်စားတယ်။ ပြည်သူတွေကလည်း ဖတ်ချင်မှာပဲ။ ဒါပေမဲ့ ရေးသားခွင့် မရှိတဲ့အတွက် ကျနော်တို့ ဘာရေးလို့ရမှာလဲ” ဟု သတင်းထောက် တဦးက ပြောသည်။

အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေရာတွင် သတင်းထောက်များမှာလည်း စစ်တပ်နှင့် လုံခြုံရေးများ၏ ပစ်မှတ် ဖြစ်နေခဲ့သည်။

ယမန်နေ့က The Voice ဂျာနယ်မှ သတင်းထောက်တဦး ဖြစ်သူ မောင်ကျော်ကျော်ထွန်းကို အာဏာပိုင်များမှ ရွှေတဂုံဘုရား အရှေ့မုခ် ဆန္ဒပြသည့်နေရာတွင် ဓာတ်ပုံ ရိုက်နေစဉ် ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့သည်။

“စွမ်းအားရှင်တွေက ဝိုင်းရိုက်ကြပြီးတော့ ကားပေါ်ကို တရွတ်တိုက် ဆွဲခေါ်တင်သွားတာကို ကျနော်တို့ သတင်းထောက် ကိုယ်တိုင် တွေ့လိုက်တယ်လို့ ပြောတယ်။ မဆန်းပါဘူး။ ဂျပန်သ တင်းထောက်ကိုတောင် သေအောင်ပစ်တယ် ဆိုတော့ ဒီလူတွေ လုပ်မှာပဲ” ဟု လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။