Monday 17 September 2007

ကျောက်ပန်းတောင်းတွင် သံဃာတော်များ ဆန္ဒပြ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ 17 ရက်၊ ၂၀၀၇ ခုနှစ်။

6:10 PM
အချိန် မရေရာသည့် ညီလာခံ ထောက်ခံပွဲ တက်ရောက်ရန် ဝန်ထမ်းများအား ညွန်ကြားထား

မကွေးတိုင်း၊ မကွေးမြို့မှ မိုင် ၅ဝ ခန့် ကွာဝေးသော၊ မြို့သစ် ဌာနဆိုင်ရာ ရုံးများမှ ဝန်ထမ်းများကို ကျင်းပရန် အစီအစဉ် ရှိသည့် အမျိုးသား ညီလာခံ ထောက်ခံပွဲ တက်ရန် ညွှန်ကြားထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း တိုင်းပြည်တွင်း ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီးနောက် ရွှေ့ဆိုင်းခဲ့သည့် ထောက်ခံပွဲအတွက် ဌာနတခုလျှင် ဝန်ထမ်း ၇ ဦးကျ တက်ရောက်နိုင်ရေး စီစဉ်ထားရန် အထက်မှ ညွှန်ကြားထားသည်ဟု မကွေးမြို့သစ်နေ ဝန်ထမ်းတဦးက ပြောသည်။

5:15 PM
ဇခုန်တိန့်ယိင်းနှင့် မြောက်ပိုင်းတိုင်းတွေ့ဆုံ

ငြိမ်းချမ်းရေး ရယူထားသည့် ကချင်ဒီမိုကရေစီသစ် တပ်မတော်အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိများက ယမန်နေ့က မြစ်ကြီးနားတွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း သိရသည်၊၊

3:40 PM
ချောက်မြို့တွင် သံဃာများဆန္ဒပြ

သံဃာတော်များ ဆန္ဒပြပွဲများ ဖြစ်နေသော မကွေးတိုင်း အတွင်း ချောက်မြို့နယ်တွင်လည်း ယမန်နေ့က သံဃာတောအပါး ၃ဝ ခန့် ဆန္ဒပြ ခဲ့ကြသည်။

ရခိုင်မှာ တိုးမြှင့်လိုက်တဲ့ လုံခြုံရေး

စစ်တွေမြို့ပေါ်ရှိ ဘုရားကြီးနှင့် လောကနန္ဒာ ဘုရားကြီး အတွင်း၌ ရဲ၊ လုံထိန်းများ စောင့်ကြပ်လျှက် ရှိသည်ဟု သံဃာတော် တပါးက ပြောသည်။ ထူးခြားချက် တခုမှာ ဒေသ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး သန်းထွန်းအောင် အမိန့်ဖြင့် ဆင့်ခေါ်သော လုံခြုံရေး စီမံချက် တွင် စစ်တွေမြို့ ဘုန်းကြီးကျောင်းများရှိ တာဝန်ခံ သံဃာတော်များကိုပါ ပူးတွဲ စောင့်ခိုင်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

2:30 PM
စကုမှာ သံဃာတော်များ ကံဆောင်ရန် အသင့်ဖြစ်နေဟုပြော

မကွေးမြို့တိုင်း စကုမြို့နယ် သံဃာအပါး ၇ဝ ခန့်သည် ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် သဘောတူထားပြီး ဖြစ်နေသည်ဟု စကုမြို့နယ်မှ ဆရာတော် တပါးက ပြောသည်။

ပွင့်ဖြူမှာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ ဖြိုခွင်းရန်အသင့်

“အခုကျနော်တို့ ပွင့်ဖြူမြို့မှာ အခြေအနေကတော့ တရပ်ကွက်ကို ၃၅ ယောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေကို ၃၅ ယောက် စုထားတယ် ။ တနေ့ကို ၁ဝဝဝ ကျပ်ငွေနှုန်း သူတို့ ငွေကြေးပေးတယ်။ အဲဒီမှာ အရေးအခင်း တခုခု ဖြစ်ခဲ့သည် ရှိသော် ပထမ တားရမယ်။ ဒုတိယ တွန်းရမယ်။ တတိယမှာ ရိုက်ရမယ် ဆိုပြီးတော့ တားမယ်၊ တွန်းမယ်၊ ရိုက်မယ်၊ ဆိုပြီးတော့ သူတို့ အမိန့်တွေ ထုတ်ထားတယ် ခင်ဗျာ။ မနေ့ ၁၆ ရက်နေ့က စထုတ်တယ်လို့ ပြောတယ်။ ငှားတဲ့လူတွေကလည်း ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ထဲက လူတွေပဲ။” ဟု မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ ဒေသခံ တဦးက ပြောသည်။

12:38 PM
ရန်ကုန် မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးတွေနဲ့ စည်ကားနေ

“မြို့တော်ခန်းမ ရှေ့မှာတော့ စစ်သားတွေရော၊ ရဲတွေရော၊ စွမ်းအားရှင်လို့ ထင်ရတဲ့ လူတွေ ၁ဝဝ နီးပါးလောက် ရှိတယ် စုစု၊ စုစုနဲ့ ရှိနေကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း အရပ်ဝတ် အဝတ်အစားတွေနဲ့၊ စောင့်နေတာတွေ ရှိတယ်။ အင်အားကတော့ ၄ဝ၊ ၅ဝ လောက်တော့ ရှိနိုင်တယ်။

12:36 PM
ကျောက်ပန်းတောင်းက လုံခြုံရေး ရဲတွေပဲ စောင့်ကြည့်နေ

“အခုရဲစန်းက ရဲတွေကတော့ နေရာအနှံ့မှာ ရောက်နေပါတယ်။ နေရာအနှံ့အပြန့်မှာ သူတို့ စောင့်ကြည့်နေတယ်။ သံဃာတွေ ကျောင်းအရှေ့ တည့်တည့်တော့ မနေရဲဘူး သိလား။ ကျောင်းရဲ့ ဝါးသုံးပြန်ကွာလောက်မှာ အကုန်လုံး စောင့်ကြည့် နေကြပါတယ်။ စစ်သား မပါပါဘူးခင်ဗျာ။ ရဲတွေ ပါတယ်၊ ကြံ့ဖွတ်တွေ ပါတယ်။ ပုံမှန် အခု ကျောင်းတိုက် နှစ်တိုက်ရဲ့ ဘေးမှာ ဝါးသုံးပြန်ကျော်လောက်မှာ အကုန်လုံး စောင့်ကြည့် နေကြတာပဲ။”

12:35 PM
ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော်တပါး၏ မိန့်ကြားချက်။

“မြို့တော်ရှေ့ စာသင်တိုက်ကြီး နှစ်တိုင်ပေါင်း အခြား စာသင်တိုက် အသီးသီးက ပူးပေါင်း ပါဝင်လာတဲ့ သံဃာတော်များနှင့် တကွ သံဃာ အင်အား ၅ဝဝ ခန့်ပေါ့ မြို့ပေါ်ရှိ ဆုတောင်းပြည့် စေတီအတွင်းမှာ အထွေထွေ အကြပ်အတည်းဖြင့် ဆင်းရဲ ဒုက္ခ ရောက်နေကြတဲ့ ရဟန်းရှင် လူ ပြည်သူများအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် မေတ္တာရှေ့ထား၍ ဦးပဉ္စင်းတို့ မေတ္တာသုတ် တရားတော်ကို ရွတ်ဖတ်ခဲ့ကြပါတယ်။ နောက်တခါ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးတော့ အဖမ်းခံထားရတဲ့ ရဟန်းရှင် ပြည်သူများလည်း အမြန်ဆုံး အဖမ်းခံရတဲ့ နောက်အဖွဲ့တွေက လွတ်မြောက်စေရန် ရည်ရွယ်ပြီးတော့ ပရိတ် တရားတော်များလည်း ဦးပဉ္စင်းတို့ ရွက်ဖတ်ပူဇော်ခဲ့ကြပါတယ်။”

“ဦးပဉ္စင်း အထူး ပြောချင်တာကတော့ သူ့အယူဆ ကိုယ့်အယူဆ၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ တဦးတယောက်ရဲ့ အယူအဆတွေကို ရှေ့တန်းတင်ပြီးတော့ နေကြမယ် ဆိုရင်တော့ လူသင်းကွဲ၊ သံဃာသင်း ကွဲပြီး မကြာမီ ဒုက္ခ သက်ရောက်လိမ့်မယ် ထင်ပါတယ်။ အဲဒီလို လူတွေလည်း မညီညွတ်ကြ၊ သံဃာတွေလည်း မညီညွတ်ကြဘူး ဆိုရင်တော့ မိမိတို့ မြန်မာပြည်ကြီးဟာ ဆင်းရဲတွင်း နက်သတဲ့ နက်ပါလိမ့်မယ် လို့ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံရေး အနေနဲ့ ဘဝအလယ်မှာ အင်မတန်မှကိုပဲ ရှက်ဖွယ်ရာ ကောင်းတဲ့ ဖြစ်ရပ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို ကမ္ဘာအလယ်မှာ သံဃာကို စော်ကားမှုကြီးတွေ နောက်နောင်အခါမှာ မဖြစ်ပေါ်ဖို့ရန် အတွက်ဟာလည်း လူတိုင်းမှာ တာဝန်ရှိတယ်၊ အလုပ် ဖြစ်ပါတယ်။ ဦးပဉ္စင်းတို့ မြန်မာပြည်သူများလည်းပဲ ပါဝင်ကြဖို့ အထူးပဲ ဦပဉ္စင်းတို့ တိုက်တွန်းချင်ပါတယ်။” ဟု သူက ထပ်ပြောသည်။

11:30 AM
ကျောက်ပန်းတောင်းတွင် သံဃာတော်များ ဆန္ဒပြ

ကျောက်ပန်းတောင်းတွင် သံဃာများ ဆန္ဒပြ

ကျောက်ပန်းတောင်းမြို့တွင် သံဃာတော် အပါး ၅ဝဝ ကျော်က ယနေ့ နံနက်တွင် ကုန်ဈေးနှုန်းများ ကျဆင်းရေးနှင့် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

“ပထမဦးဆုံး လမ်းတလျောက်မှာလည်း ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အပြုအမူ မဟုတ်တဲ့ အပြုအမူမျိုးဖြင့် စော်ကားခံရတဲ့ ပခုက္ကူ သံဃာများက နေပြီးတော့ စီးပွားရေး ကြပ်တည်းမှုကြောင့် ဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုကို ဒုက္ခမှ လွတ်မြောက်ပေးရန် မေတ္တာ ပို့ပါတယ်။ ကုန်ဈေးနှုန်း တက်ခြင်းကြောင့် မခံမရပ်နိုင်ကြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး အကျဉ်းသားများ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အပါအဝင် ရဟန်းရှင်လူ ပြည်သူလူထုတွေ လွတ်မြောက်နိုင်ဖို့ ဘုရားစာရွက်တွေ ဝေပါတယ်။ သူတို့ရဲ့ သင်ပြချက်တွေကတော့ မြန်မာပြည်တိုင်းမှာ ဦးထိပ်ထားရတဲ့ သာသနာတော်တွေကို နှောင်အခါမှာ ပေါ်ပေါက်မှု မဖြစ်စေရန် ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ တာဝန်ရှိတယ်။ တခြား သံဃာတော်များကိုလည်း ပခုက္ကူ သံဃာတော်များနှင့် အတူ ပူးပေါင်း ပါဝင်ကြဖို့ လေးလေးနက်နက် တိုက်တွန်းချက်တွေ ပါပါတယ်။” ဟု ဒေသခံတဦးက ပြောသည်။

နံနက် ၆ နာရီမှစတင်သည့် ဆန္ဒပြပွဲသည် နောက်ပိုင်းတွင် သံဃာတော်အပါး ၁ဝဝဝ ခန့် အထိ ဖြစ်သွားပြီး တနာရီကျော် အကြာတွင် အေးချမ်းစွာ ပြီးဆုံးသွားသည်။

မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ရဲမှုးနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးများ ဆန္ဒပြ သံဃာတန်းနောက်မှ တကောက်ကောက် လိုက်ပါခဲ့ကြသော်လည်း နှောက်ယှက်ခြင်း မရှိပေ။

နံဘေးမှ ကြည့်ရှုသူ ပြည်သူတချို့ “ငိုတောင်ငိုတယ်” ဟုဆိုကာ လူအများ၏ ထောက်ခံချက် အပြည့်အဝ ရသည်ဟု ဆိုသည်။

---------------------------------

မြန်မာပြည်သူများသို.တိုက်တွန်းချက်

မြန်မာပြည်သူများသို.တိုက်တွန်းချက်

ကျွန်မတို.ရဲ.နိုင်ငံတွင်း လက်ရှိကာလAတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပက်သက်ပြီး Aမျိုးသား

ဒီမိုကရေစီAဖွဲ့ ချုပ်Aဖွဲ့ ဝင်တွေရဲ့  လှုပ်ရှားမှုတွေ ၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့  လှုပ်ရှားမှုတွေ၊
ရဟန်းသံဃာတွေရဲ့ လှုပ်ရှားမှုတွေ တွေဟာ ဒီနေ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဘ၀ကို
ကိုယ်စားပြုတယ်ဆိုတာကို န.A.ဖ စစ်ခေါင်းဆောင်တွေလည်းသိသလို ၊ ပြည်သူလူထုကြီုးလည်းသိတယ်ဆိုတာ
ကျွန်မတို့ Aနေနဲ့  Aထူးပြောစရာမလို တဲ့  ကိစ္စတစ်ခုပါ။
ကိုယ့်ရဲ့ ရပိုင်ခွင့်Aခွင့်Aရေးနဲ့ ပက်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ဘယ်သူတွေက စည်းကမ်းမဲ့ပြီး
ဘယ်သူတွေက စည်းကမ်းရှိတာလဲ၊ ဘယ်သူတွေကAမှားဖက်ပြီး ဘယ်သူတွေက တရားမပျက်တာလဲ ၊ဘယ်သူ
တွေက Aလုံးစုံပျက်စီးရေးကိုUီးတည်ပြီး ဘယ်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်နေတာလဲဆိုတာ
ပြည်သူလူထုရဲ. ရင်ထဲမှာ သိရှိပြီးသားဖြစ်မယ်ဆိုတာကို ကျွန်မပြောချင်ပါတယ်။
Human Right Declaration Aပိုဒ် 21 Aရ Aုပ်ချုပ်မှုAာဏာရဲ့ Aဓိပ္ပါယ်ကို …. ပြည် သူ လူ ထု ရဲ့ 
ဆ န္ဒ ဟာ A စိုး ရ Aာ ဏာ ရဲ့  A ခြေ ခံ သ ဘော တ ရား ဖြစ် တယ် လို့  ဖွင့်ဆိုထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုရဲ. ဆန္ဒနဲ.့ဘ၀ကို လစ်လျှုရှုတဲ့Aစိုးရဟာ Aဓမ္မAုပ်စိုးတဲ့Aစိုးရ၊
ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး Aာဏာကို ကိုးကွယ်တဲ့ Aစိုးရ ပဲဖြစ်လာမှာဖြစ်ပါတယ်။
မိမိရဲ.Aတိုက်AခံAင်Aားစုတွေကို ထစ်ကနဲရှိဖမ်းဆီးမယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကိုဖြစ်စေ၊
ဆန္ဒဖော်ထုတ်မှုတွေကိုပဲဖြစ်စေ ထစ်ကနဲရှိ Aကြမ်းဖက် ဖြိုခွင်းမယ်ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲတဲ.
န.A.ဖရဲ.မူနဲ.၊ န.A.ဖ ရဲ့ လမ်းပြမြေပုံဟာ ဘယ်Aထိခရီးပေါက်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး
စU်းစားဖို့  Aချိန်တန်ပြီလို. ကျွန်မAနေနဲ့ ပြောချင်ပါတယ်။
စုစုနွေး
၁၅၊ စက်တင်ဘာ၊ ၂၀၀၇

ရန်ကုန်တိုင်းရဲ၏ ဖမ်းဆီးရန် ကျန်ရှိသူများစာရင်း ပေါက်ကြားဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

ဖမ်းဆီးရန် ကျန်ရှိနေသေးသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကို ရှာဖွေ ဖမ်းဆီးရန်အတွက် မကြာသေးခင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ လျှို့ဝှက်စွာ ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်စာ ပြင်ပသို့ ပေါက်ကြားသွားသည်။

မဇ္ဈိမ က မိတ္တူ ရရှိထားသော ဖမ်းဆီးရန် ကျန်ရှိသူစာရင်း ဆိုသော စာရွက်တခုတွင် ထွက်ပြေး လွတ်မြောက်နေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် အဖွဲ့ဝင် ၉ ဦး၏ အမည်များ၊ နေရပ်လိပ်စာများနှင့် စောင့်ကြည့်ရမည့် တာဝန်ခံ ဒုရဲအုပ်များ၏ အမည်စာရင်းများ ပါရှိသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သက်ဆိုင်ရာ အပိုင် နယ်မြေအတွင်းရှိ ရဲဌာနများသို့ မကြာသေးခင်က လျှို့ဝှက် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်မျိုးတင့် ခေါ် ကိုမျိုးကြီး၊ ကိုထွန်းမြင့်အောင်၊ ကိုတင်ထူးအောင်၊ မနီလာသိန်း၊ ကိုအောင်သူ၊ ကိုကိုကြီး၊ ကိုစိန်လှိုင်နှင့် ကိုအောင်နိုင်တို့ကို ဖမ်းဆီးရန် ဖြစ်ပြီး၊ စောင့်ကြည့် တာဝန်ယူမည့် သူများသည် ရဲတပ်ကြပ် တဦး၊ တပ်သား တဦးနှင့် ဒုရဲအုပ် ၈ ဦးတို့မှ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံရမည် ဖြစ်ကာ အချင်းချင်း ဆက်သွယ်ရန် အတွက် လက်ကိုင်ဖုန်း နံပါတ်များကိုပါ ထည့်သွင်း ဖော်ပြထားသည်။

အကောက်ခွန်ဝန်ထမ်းများ အခြား အဖွဲ့အစည်းများတွင် မပါရ

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

အကောက်ခွန်ဌာန အကြီးအကဲက လက်အောက်ခံ ဝန်ထမ်းများအား ရုံးတာဝန်မှလွဲ၍ အခြား အဖွဲ့အစည်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မပြုရန် သတိပေးလိုက်သည်ဟု သိရသည်။

အကောက်ခွန် ညွှန်ကြားရေးမှုးချုပ် ဦးစံသောင်းက စက်တင်ဘာလ ၁ဝ ရက်နေ့က ပြုလုပ်သော ရုံးတွင်း အစည်းအဝေး တခုတွင် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ အနေဖြင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို)များ အပါအဝင် ပြင်ပ အဖွဲ့အစည်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မပြုရန် သတိပေး ညွှန်ကြားလိုက်သည်။

လာဘ်စားမှု များသည်ဟု ကျော်စောသော ဌာနတွင် ဝန်ထမ်းများ အနေဖြင့် လိုက်နာခြင်း မပြုလျှင် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို ပြောကြားခြင်း မပြုသွားပေ။ စစ်အစိုးရ၏ ယမန်နှစ်က စတင်သော လာဘ်စားမှု တိုက်ဖျက်ရေးတွင် အကောက်ခွန် ဌာနသည် ပစ်မှတ်တခု ဖြစ်ခဲ့ပြီး အရာရှိ အများအပြား ရာထူးချခံရခြင်း (သို့မဟုတ်) ထောင်ချခံရခြင်းများ ရှိခဲ့သည်။

“ဒါမျိုး (အစိုးရ မကြိုက်သည့် လုပ်ရပ်) လုပ်ရင်တောင် တချို့တလေပဲ လုပ်မှာ” ဟု ဌာနနှင့် နီးစပ်သူ အကြားအမြင်များသူ တဦးက ပြောသည်။

“သူတို့ အရင်ကလောက် မရဘူး ဆိုရင်တောင် တခြား ဌာနတွေထက်တော့ ထောနေတာပဲ။ ဝင်ငွေ ကောင်းတာကို သူတို့ စွန့်လွှတ်ရဲမှာ မဟုတ်ဘူး။” ဟု သူက ထပ်ပြောသည်။

ဆန္ဒပြမှုများ၏ ရှေ့အလားအလာနှင့် သူတို့၏ အမြင်

အင်တာဗျူး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

မြန်မာပြည်တွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ မဇ္ဈိမ က ရဟန်းရှင်လူများ၏ အမြင်များကို စုစည်း တင်ပြခြင်း ဖြစ်ပါသည်။

မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း ဗုဒ္ဓသာသနာ ပြန့်ပွားရေး အဖွဲ့မှ ဆရာတော် တပါးကတော့ “ပခုက�ူမှာ ဖြစ်သွားတဲ့ ကိစ္စက ကိုယ့်အသား နာသွားသလို ခံစားရပါတယ်” ဟု ပြောသည်။

“ဒကာ ဒကာမတွေရဲ့ ဒုက္ခရောက်နေတဲ့ ကိစ္စက ဘုန်းကြီးတွေ အနေနဲ့ လက်ပိုက်ကြည့်လို့ မရတော့ဘူးပေါ့၊ ဘာကြောင့်လဲ ဆိုတော့ ဒကာ ဒကာမတွေကြောင့် ဘုန်းကြီးတွေ အသက်ရှင်ရတယ်လေ၊ နောက်ပြီး ဘုန်းကြီးတွေကို ထိပါးလာပြီ ဆိုတော့ ဘုန်းကြီးတွေ အနေနဲ့ ဒီအတိုင်း ကြည့်နေလို့ မရတော့ဘူးပေါ့”

သို့သော် “အထက်က ဆရာတော်ကြီးတွေရဲ့ အမိန့်အတိုင်း လုပ်ရတော့မှာပေါ့၊ သူတို့က သည်လိုလုပ် ဒါလုပ်ဆိုရင် လိုက်လုပ်ရမှာပေါ့” ဟု ထပ်မံပြောသည်။

မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်ဦး ပြောကြားချက်

“အခု အခြေအနေအရပေါ့ဗျာ ဒီနအဖ စစ်အစိုးရ အနေနဲ့ သူက သံဃာထုကိုလည်း သူရင်ဆိုင်ရတယ်။ ကျောင်းသားထုကိုလည်း ရင်ဆိုင်ရတယ်။ နိုင်ငံရေး သမားတွေကိုလည်း ရင်ဆိုင်ရတယ်။ နိုင်ငံရေးသမား ဆိုတာကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေလဲ ရှိတယ်။ နောက် အန်အယ်ဒီကလဲ ရှိတယ်။ ကျနော်တို့ တိုင်းရင်းသား အဖွဲ့ဝင်တွေလဲ ရှိတယ်။ အဲတော့ ပြဿနာကို အစိုးရအနေနဲ့ မျက်နှာစာများသွားပြီး နောက်ပြီးတော့ ဒီတကယ့် ဒီလက်ရှိ ပြည်သူက လိုချင်တာက တရား မျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဟာ ဒီနိုင်ငံမှာ စစ်အစိုးရက အုပ်ချုပ်နေတဲ့ ကာလပတ်လုံး ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခါမှာ ခုနက ကျနော် ပြောပြတဲ့ ဒီရဟန်း သံဃာတွေ၊ နောက် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ အန်အယ်ဒီတွေ၊ တိုင်းရင်းသား ပါတီအဖွဲ့ဝင် အသီးသီးနဲ့ ဒီ နအဖဟာ မလွှဲမသွေ ရင်ဆိုင်ရတော့မယ်လို့ ကျနော်ပြောချင်တယ်။”

“အခုဟာက နိုင်ငံရေးအရ အချိန်ကို စောင့်ရမယ်လို့ အချိန်တန် ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာမျိုး ကျနော် မပြောနိုင်ဘူး။ နောက်တချက် ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အင်မတန်မှ စဉ်းစားရ ခက်တယ်။ မျှော်လင့် ထားသလို ဖြစ်မလာတတ်ဘူး။ မမျှော်လင့်တဲ့ နေရာဟာလဲ ပေါက်ချင် ပေါက်လာတတ်တယ်။ အင်မတန်ထူးဆန်းတယ် ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ခန့်မှန်ရ အင်မတန် ခက်သလိုပဲ မထင်မထင်သလို ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီနေ့ ပြည်သူကတော့ သူတို့ရဲ့ လူကိုယ်သိက္ခာအတွက်ကို ကျနော်တို့ သိပ်ကို နားလည်လာတဲ့ ဒီနိုင်ငံရေး အချိန် အမြန်ဆုံး အခြေအနေကို ရောက်လာပြီလို့ ကျနော်ထင်တယ်။”

ကျောက်ပတောင်းမြို့မှ ဦးပဉ္စင်းတပါး မိန့်ကြားချက်

“လူတွေဘက်ကလဲပဲ ဘုန်းကြီးတွေ လုပ်ရင်သာ လူတွေက လိုက်မှာ၊ သူတို့ စလုပ်တာဆိုတာ မလွယ်ဘူး။ သူတို့က ဖမ်းဆီးခံရမှာ ကြောက်တာရယ်။ ဘုန်ကြီးတွေ အတိုင်းအတာကတော့ … တနိုင်ငံလုံး အတိုင်းအတာနဲ့ အများမွေးဖွားတွေ အပါအဝင် အများလုပ်တယ်ဆိုရင် ဦးပဉ္စင်းတို့လည်း လုပ်ရမှာပေါ့။ တကာကြီး အဲဒါကတော့ အစီအစဉ်ရှိပါတယ်။”

ရန်ကုန်မှာတော့ သိပ်မထင်တဲ့

ရန်ကုန်မြို့တွင် သံဃာတော်များ၏ ဆန္ဒပြမှု ဖြစ်ပွားမည်ဟု မထင်ကြောင်း ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးကတော့ ပြောသည်။

“အရင် လှုပ်ရှားမှုတွေ ကတည်းက ရန်ကုန်မှာ သံဃာတွေရဲ့ ပါဝင်မှု သိပ်မတွေ့ရဘူး။ ဒါပေမယ့်လည်း မနက်ဖြန် ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။” ဟု သူက ပြောသည်။

သို့သော် လှုပ်ရှား တတ်ကြွသူ တဦးကတော့ ဆန္ဒပြပွဲများ “လာမယ်၊ လာမယ်။ ပိုများမယ်။” ဟု ပြောသည်။

(ဆက်လက်တင်ပြသွားမည်။)


ရခိုင်အမတ်များ အာဏာပိုင်များ၏ စောင့်ကြည့်ခြင်း ခံနေရ

ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ် မြို့နယ်အချို့မှ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လုံခြုံရေးများ ချထားသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့မှ ဦးသိန်းမောင်၏ အိမ်အနီးတဝိုက်တွင် အရပ်ဝတ် လုံခြုံရေးများကို ယခုလ ၈ ရက်နေ့မှ စတင်ကာ စတင် တွေ့ရှိလာရသည်။

“စချထားတာကတော့ 68 နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ မတိုင်ခင် တရက်မှာ စတာပေါ့။ သူတို့က နှစ်ယောက် တဖွဲ့စီ ချထားတာလေ။ ဦးမောင်ကြွင်းအောင် ဘယ်ကိုသွားလဲ၊ ဘယ်သူနဲ့တွေ့လဲ ဆိုတာကို လေ့လာ စောင့်ကြည့်နေတာ။ မနက် တဖွဲ့ဆိုရင်၊ ညနေ တဖွဲ့ ရှိတယ်။ အဲဒီလို လူလဲပြီးတော့ စောင့်နေတာပါ” ဟု အဖွဲ့ချုပ်လူငယ် ကိုခိုင်မျိုးက မဇ္ဈိမကို ပြောသည်။

လုံခြုံရေး စောင့်ကြပ်နေသူများတွင် ရဲဝန်ထမ်းများ အများစု ပါဝင်ပြီး တခါတရံတွင် ကြံ့ဖွံ့ အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

အလားတူ စောင့်ကြပ်မှုများကို ရသေ့တောင် မြို့နယ်မှ လွှတ်တော်အမတ် ဦးမောင်ကြွင်းအောင် ၏ နေအိမ်အနီးတွင် နေ့စဉ်နှင့်အမျှ အချိန်ပြည့် လုံခြုံရေး ချထားသည်ဟု ဦးသိန်းမောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

“လုံခြုံရေး ရဲတွေလေ ဦးမောင်ကြွင်းအောင် အိမ်ကို လူဝင်လူထွက်ကစပြီး လေ့လာ စောင့်ကြည့် ခံနေရတာ” ဟု သူက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ် ဂွမြို့မှ အန်အယ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးညီပု သည် ယခုလ ၁ဝ ရက်နေ့က နေအိမ်မှ ထွက်ခွါ သွားပြီးနောက် ယခုအခါ မည်သည့်နေရာတွင် ရောက်ရှိသွားသည်ကို မိသားစုဝင်များမှ မသိတော့ဘဲ စိုးရိမ် နေရသည်ဟု သိရသည်။

“ဘာကြောင့်၊ ဘယ်ကို ထွက်သွားတယ် ဆိုတာလည်း မသိရဘူး။ အာဏာပိုင်တွေကပဲ ဖမ်းသွားသလား၊ ဘာတခုမှ မသိရဘူး။ ကျနော်တို့လည်း တော်တော်လေး စိတ်ပူနေရတယ်။ လိုက်ရှာတာတွေလည်း ရှိတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် လလယ်နှင့် ယခုလအတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် တောင်ကုတ်၊ ဂွနှင့် ဘူးသီးတောင် မြို့များတွင် ဆက်တိုက် ဆိုသလို ကုန်းဈေးနှုန်း ကျရေးအတွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်က ညီလာခံ ထောက်ခံပွဲ ရက်ရွှေ့ဆိုင်းပြီ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ညောင်နှစ်ပင် ညီလာခံ ကြိုဆို ထောက်ခံပွဲကို ယခုလ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ၂၇ ရက်နေ့သို့ ပြောင်းရွှေ့ လိုက်သည်။

ယခုလ ၁၅ ရက်နေ့တွင် ကျင်းပမည့် ညီလာခံ ကြိုဆို ထောက်ခံပွဲသို့ မြစ်ကြီးနား မြို့ပေါ်ရှိ တအိမ်ထောင်လျှင် တဦးကျ တက်ရောက်ရန် မြောက်ပိုင်းတိုင်း တိုင်းမှူး (မပခ) ဗိုလ်ချုပ်အုံးမြင့် အမိန့်ဖြင့် မကြာသေးခင် ရက်ပိုင်း အတွင်းက စာရင်းများ လိုက်လံ ကောက်ယူခဲ့သော်လည်း ၁၈ ရက်နေ့တွင် သံဃာတော်များမှ ဆန္ဒပြမှုများ ဖြစ်ပွားလာနိုင်သည်ဟု ယူဆသဖြင့် ယခုအခါ ၂၇ ရက်နေ့သို့ ပြောင်းရွှေ့ရန် မယက အာဏာပိုင်များက ရယက များသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“၁၅ ရက်ကနေ ၂၇ ရက်ကို ပြောင်းလိုက်တယ်လို့ ပြောတယ်။ ၁၇ ရက်နေ့မှာ ဘုန်းကြီးတွေက ဆန္ဒပြမယ်လို့ ကြေငြာထားလို့ ဖျက်လိုက်တယ်လို့ ပြောကြတယ်။ နေပြည်တော်က အမိန့်နဲ့ ဖျက်လိုက်တယ်တဲ့။ မြို့နယ် ကောင်စီရုံးက ရက်ကွက်ရုံးတိုင်းကို ဖုန်းဆက်ပြီး ပြောတယ်တဲ့။ ရပ်ကွက်မှာတော့ လိုက်မပြောသေးဘူး။ လူထုတွေတော့ အမိန့်အာဏာနဲ့ ခေါ်တော့ သွားရမှာပဲ။ စိတ်ထဲမှာတော့ မသွားချင်၊ မလုပ်ချင်ပေမယ့် လုပ်ပေးရတာပေါ့။ အေအေးဆေးဆေးနဲ့ လိုက်ပေးကြတာပေါ့” ဟု မြစ်ကြီးနား မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ညီလာခံ တောက်ခံပွဲသို့ မပခ တိုင်းမှူး၏ အမိန့်ဖြင့် တအိမ်ထောင်လျှင် တဦးကျ မတက်မနေရ အမိန့်ထုတ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ လူဦးရေ အနည်းဆုံး ၂ဝဝဝဝ (နှစ်သောင်း) တက်ရောက်ရန် လျာထားခဲ့သည်။ ထောက်ခံပွဲတွင် အထွေထွေ အကြပ်အတည်း ဆန္ဒပြမှုများကို ရှုတ်ချသွားမှာ ဖြစ်သည်။

“ဒီမနက်ရော၊ ညနေကပါ ထိုင်ခုံတွေ ပြန်သယ်သွားကြပြီ။ ကျနော်တို့က စိတ်မပါဘူး၊ မထောက်ခံဘူး။ စိတ်ထဲမှာတော့ ဒီလိုပဲ ထားတယ်။ ဘယ်သူက စိတ်ဝင်စားကြမလဲ။ ဘယ်သူမှ မရှိဘူး။ အားလုံး သိကြပါတယ်” ဟု သူက ဆက်ပြောသည်။

ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုလည်း အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ ပါဝင် တက်ရောက်ရန် ဖိတ်စာ ပေးထားသော်လည်း ယခုအချိန်ထိ တစုံတရာ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်အစိုးရ ရုံးစိုက်ရာ ကြပ်ပြေး နေပြည်တော်တွင် ကျင်းပမည့် အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံပွဲသို့ တက်ရောက်ရန် အတွက်လည်း မြစ်ကြီးနားမှ အသက် ၃ဝ နှစ်အောက် လူငယ်ဦးရေ ၄ဝ ကျော်ကို ကချင်ရိုးရာ ယဉ်ကျေးမှု ဗိမာန်ဌာနမှ ဦးဆောင်ကာ စုဆောင်းနေသည်။

စစ်တပ်က နိုင်ငံ အုပ်ချုပ်ရေးတွင် အမြဲတမ်း ပါဝင်နေမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီးနောက် ဆန္ဒ ခံယူပွဲ လုပ်ကာ အတည်ပြုရန် နအဖက စီစဉ်နေပြီး စစ်အစိုးရ စီစဉ်သော ထောက်ခံပွဲများ နိုင်ငံတဝှမ်း လုပ်တော့မှာ ဖြစ်သည

အထွေထွေ အကျပ်အတည်း ဆန္ဒပြမှု နအဖ တွင်သာ တာဝန်ရှိဟု အန်အယ်လ်ဒီ ပြောကြား

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖန်တီးမှုများကြောင့် မဟုတ်ဘဲ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ဆင်းရဲမွဲတေမှု များကြောင့်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အစိုးရတွင် တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောကြားလိုက်သည်။

“အာဏာပိုင်တွေက ကျရောက်လာမယ့် အန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စိတ်ကောင်း စေတနာနဲ့ ကမ်းလှမ်းချက်တွေကို လျစ်လျူရှုခဲ့တယ်။ အဲလို လျစ်လျူရှူခဲ့လို့ ပြည်သူလူထု အများစုကြီးက ကနေ့အချိန်မှာ စားဝတ်နေရေး အခက်အခဲ၊ သွားရေးလာရေး အခက်အခဲတွေ အထူး ဆိုးဝါးလာတယ်။ အဲဒီတော့ အဲလို ဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် မခံမရပ်နိုင် ဖြစ်တဲ့ ပြည်သူလူထုက ငြိမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

၂ဝဝ၆ ခုနှစ်အတွင်း အဖွဲ့ချုပ်က နအဖ စစ်အစိုးရကို တရားဝင် ဖြစ်လာစေရေး အတွက် ပြည်သူ့လွှတ်တော် တရပ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ ထိုလွှတ်တော်က နအဖ ကို ကြားဖြတ် အစိုးရအဖြစ် အတည်ပြု ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ စစ်အစိုးရက ပယ်ချခဲ့သည်။

“အထွေထွေ အကျပ်အတည်း ဟူသော အကြောင်းတရားကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဟူသော အကျိုးဆက် ဖြစ်ပေါ်လာသည်ကို ပကတိ အရှိအတိုင်း ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆူပူမှုဖြစ်အောင် ဖန်တီးသလိုလို အခြေအမြစ် မရှိဘဲ နိုင်ငံရေး လှည့်ကွက်အဖြစ် စွပ်စွဲလာတယ်” ဟု ယနေ့ ထုတ်ပြန်သော အဖွဲ့ချုပ်၏ ယနေ့ညနေက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့နောက် တိုင်းပြည်၏ ပြဿနာများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရန်လည်း တောင်းဆို လိုက်သည်။

နအဖ စစ်အစိုးရ ဆန္ဒပြမှုများကို အဖွဲ့ချုပ်က ဖန်တီးသည်ဟုဆိုကာ ဖျက်သိမ်း ပစ်သည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အန်အယ်လ်ဒီ ရုံးချုပ်ရှိ တခုတည်းသော တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက် ထားလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆိုထားသည်။

ရှမ်းပြည်တွင် ညီလာခံ ထောက်ခံပွဲအတွက် အာဏာပိုင်များ လူစုနေ

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၁၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နှင့် လားရှိုးမြို့တွင် မကြာခင် ကျင်းပမည့် နအဖ အမျိုးသား ညီလာခံကို ကြိုဆို ထောက်ခံပွဲများ အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက တက်ရောက်မည့်သူ စုဆောင်းလျက် ရှိသည်။

ယခု လကုန်ပိုင်းတွင် မူဆယ်မြို့ ဘောလုံးကွင်း၌ ပြုလုပ်မည့် ထောက်ခံပွဲသို့ လူအင်အား ၁ဝဝဝဝ (တသောင်း) ကျော် ရရှိရေးအတွက် မူဆယ်ခရိုင်အတွင်း ပါဝင်သည့် နမ့်ခမ်း၊ ကြူကုတ်-ပန်ဆိုင်း၊ ကွတ်ခိုင်၊ မန့်ဟီးရိုး မြို့နယ်များတွင် အာဏာပိုင်များက လူသူ စုဆောင်းနေခြင်း ဖြစ်သည်။

“နမ့်ခမ်းမှာတော့ ညီလာခံ ထောက်ခံပွဲ တက်ဖို့ ရယက တွေက လုပ်နေတယ်။ တရပ်ကွက်ကို အနည်းဆုံး လူ ၂ဝဝ မလိုက်မနေရဘဲ။ သွားရမယ်။ နမ့်ခမ်းမှာက ၁၆ ရပ်ကွက် ရှိတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် မူဆယ်ကို သွားရမယ်။ လုပ်မှာက မူဆယ် ဘောလုံးကွင်းမှာ မနက် ၇ နာရီ အရောက် သွားရမယ်” ဟု နမ့်ခမ်း ဒေသခံက ပြောသည်။

တက်ရောက်ရမည့် သူများ၏ ကိုယ်ရေး အကျဉ်းကိုလည်း ရေးသား မှတ်ယူကြပြန်သည်။

“အခုလုပ်မယ့် ထောက်ခံပွဲ ဆိုတာလည်း တကယ်တော့ ဘယ်သူမှ မထောက်ခံဘူး။ ဒါကြောင့် တခုခု လုပ်မှာစိုးလို့ တက်မယ့် သူတွေရဲ့ နာမည်တွေ၊ စာရင်းတွေကို အတိအကျ ကောက်နေတာပေါ့” သူက ဆက်ပြောပြသည်။

ရှမ်းပြည် (မြောက်ပိုင်း) မြို့တော် လားရှိုးတွင်လည်း ထောက်ခံပွဲများ စက်တင်ဘာ ၂၂ ရက်နေ့နှင့် မူဆယ်မြို့တွင် ၂၅ ရက် နောက်ပိုင်းတွင် ကျင်းပမည် ဖြစ်သည်။

“အက္ခရာစဉ် အလိုက်ပေါ့။ ကချင်၊ ကရင် အဲလိုလုပ်သွားမယ့် ရက်ကတော့ လားရှိုးမှာ ၂၂ ရက်နေ့လို့ သိရတယ်။ မူဆယ်ကတော့ အတိအကျတော့ မပြောတတ်သေးဘူး။ ၂၅ ရက်နေ့ နောက်ပိုင်း ဖြစ်မယ် ထင်တယ်။ မူဆယ်က လူကလည်း လားရှိုးသွားရင်လည်း သွားရမယ်ဆိုတော့ မပြောတတ်သေးဘူး” ဟု မူဆယ် အာဏာပိုင် တဦးက ပြောပြသည်။

နအဖသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ညီလာခံ ထောက်ခံပွဲများကို ပြုလုပ်မည် ဖြစ်ကာ ပြည်နယ်နှင့် တိုင်းများ၏ အမည် အက္ခရာစဉ်များ အလိုက် အစဉ်လိုက် ကျင်းပသွားမည် ဖြစ်သည်။

ကြပ်ပြေး နေပြည်တော်၏ ညွန်ကြားချက်အရ ညီလာခံ ထောက်ခံပွဲများတွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုများကို ရှုတ်ချသည့် အစီအစဉ်များပါ ပြုလုပ်မှာ ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း မူဆယ်မြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်မှုများ ရှိနေပြီး ည ၁ဝ နာရီကျော်တွင် လမ်းပေါ်၌ တွေ့ရှိသူများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်။

ပတ္တနိကုဉ္ဇန ကံဆောင်မည့်အပေါ် သံဃာတော်များရဲ့ အမြင်

အင်တာဗျူး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပခုက�ူရှိ သံဃာတော်များမှ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး အတွက် စက်တင်ဘာ ၅ ရက်နေ့က ဆန္ဒပြရာတွင် အာဏာပိုင်များဘက်က အကြမ်းဖက် ဖြိုခွဲခဲ့သည့် အပေါ် နအဖ စစ်အစိုးရ အနေဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် နောက်ဆုံးထား၍ ဝန်ချ တောင်းပန်ရန် အပါအဝင် အချက် ၄ ချက်တောင်းဆိုခဲ့ပြီး၊ ဆောင်ရွက်ခြင်း မရှိပါက ပတ္တနိကုဉ္ဇန ကံဆောင်မည် ဟူသည့် မကြာသေးခင် ရက်ပိုင်းအတွင်းက သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန်လိုက်သည့် ကျေညာချက်အပေါ် သံဃာတော်များ၏ အမြင်များကို စုစည်း ဖော်ပြ လိုက်ပါသည်။

ကျေညာချက်ထဲတွင် နအဖ စစ်အစိုးရမှ ပခုက�ူ သံဃာတော်များ ကျေအေး ခွင့်လွှတ်သည်အထိ ဝန်ချ တောင်းပန်ရန်၊ မြင့်တက်နေသော လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ ချက်ချင်း လျှော့ချရန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီး ခံထားရသူများကို ချက်ချင်း ပြန်လွှတ်ရန်နှင့် လူထု၏ အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖ မှ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ချက်ချင်း ပြုလုပ်ရန် ဟူသည့် တောင်းဆိုချက်များ ပါဝင်သည်။

မလိုက်နာပါက စစ်အစိုးရ အကြီးအကဲများနှင့် မိသားစုများ၏ အလှူအတန်းကို လက်ခံခြင်းမပြု၊ တရားဘာဝနာ ဟောပြောခြင်း မပြုသည့်အပြင် မဆက်ဆံဘဲ နေမည်ဟု ကျေညာချက်က ပြောဆိုထားသည်။

အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂမှ ဥက� ဌဖြစ်သူ ဦးပညာဝရ က …

“ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက သံဃာတော်တွေကို စော်ကားတာကြောင့် သူတို့ကိုပါ လုပ်သင့်တယ်။ သူတို့ လုပ်တဲ့အခါ သံဃာတော်တွေပဲ လုပ်တာက ပြီးပြည့်စုံမှာ မဟုတ်ဘူး။ လူတွေကလည်းပဲ အဲဒီ ကြံဖွံ့နဲ့ စွမ်းအားရှင်တွေကို လူမှု ဆက်ဆံရေး ဘာမှမလုပ်ဘဲ Boycott (ဖယ်ကျဉ်ထားခြင်း) လုပ်သင့်တယ်။ ထိုနည်းလည်းကောင်းပဲ အဲဒီကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့မှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြား ဘာသာဝင်တွေ ပါလိမ့်မယ်။ အဲဒီလူတွေကို သူတို့ဘာသာ အလိုက်ပေါ့ သူတို့ကို Boycott လုပ်သင့်တယ်။ သာရေးနာရေးတွေကို လိုက်ပါ ကူညီ ဆောင်ရွက် ပေးတာတွေ မလုပ်ဘဲ ဖယ်ကျဉ် ထားသင့်တယ်” ဟု မြွတ်ကြားသည်။

ရန်ကုန်ရှိ သံဃာတော် တပါးကလည်း …

“သူတို့က ဘုန်းကြီးတွေရဲ့ သိက္ခာကို စော်ကားလာတာပေါ့။ သံဃာတော်ကို မတရားသဖြင့် လုပ်တာ။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို တားဆီးတဲ့ သဘောပါ။ စာမှာတော့ ရှိပါတယ် ကိုယ်ဟာကိုယ် ရဟန်းလို့ ဝန်ခံထားရင် မြတ်စွာဘုရားတောင် ချွတ်လို့ မရပါဘူး။ သူ့ကိုယ်သူ ရဟန်းလို့ ဝန်ခံနေသေးရင် ဆွဲချွတ်ဖို့ နေနေသာသာ လက်နဲ့တောင် တို့လို့ မရပါဘူး။ အခုတော့ ဆွဲချွတ်နေကြတယ်၊ ဖမ်းတယ်၊ ဆီးတယ်။ အဲဒါက မြတ်စွာဘုရားရဲ့ တရားတော်နဲ့လည်း မညီပါဘူး၊ ဝိနည်းနဲ့လည်း မညီပါဘူး။ ဒါတွေကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ တာဝန်ရှိတဲ့သူတွေ သံဃာနာယက ဆရာတော်ကြီးတွေကပါ ရေငုံ နှုတ်ပိတ်နေတဲ့အတွက် နဝတက သောင်းကျန်းချင်တိုင်း သောင်းကျန်း နေတယ်၊ သူတို့လုပ်ချင်တာ ကျတော့ ဥပဒေအရ စွဲလုပ်ကြတယ်။ ရဟန်းငယ်တွေ ရဟန်းတွေကိုကျတော့ အကြမ်းဖက်တယ်၊ ဥပဒေ လမ်းကြောင်းမရှိဘဲ သူတို့ ကြိုက်တာ သူတို့ လုပ်တဲ့ သဘောပါပဲ။ ဒါကြောင့် ပတ္တနိကုဉ္ဇန ကံဆောင်မှာကို ထောက်ခံတယ်” ဟု ပြောသည်။

စာသင်တိုက်တခုမှ သံဃာတော် တပါးကတော့ ...

“တချို့တိုက်တွေမှာဆို စာတို၊ စာရှည်တွေ ဝင်နေတယ်။ သက်ဆိုင်ရာ စစ်ဗျူးဟာမှူး ကိုယ်တိုင် ကျောင်းထဲလာပြီး 'ဆရာတော်တို့ဘုရား အေးအေးချမ်းချမ်း နေကြပါ၊ ဘာမှ ထပ်မဖြစ်တော့ပါဘူး၊ ပြီးပါပြီ' ဆိုပြီး ငွေတသောင်း လှူတယ်၊ ခြင်းတခြင်း လှူတယ်။ ခြင်းထဲမှာတော့ သင်္ကန်းတို့ ဘာတို့ ပါမှာပေါ့။ အဲလို ပြောနေတာ ဦးပဉ္ဇင်းတို့ ကိုယ်တိုင်သိပါတယ်၊ တွေ့ပါတယ်။ မန္တလေး ကျောင်းတွေမှာ ဆိုရင် လက်ကိုင်ဖုန်းတွေတောင် လှူနေတယ် ကြားတယ်။ သိမ်းသွင်းတာပေါ့” ဟု မိန့်ကြားသည်။

သို့သော် ဦးပဉ္ဇင်းက ဆက်ပြီး “၁၇ ရက်နေ့ဆိုတဲ့ အချိန်က သိပ်နီးနေသေးတယ်။ နောက်ပြီးတော့ စုစည်းမှုကလည်း ပြန့်ကျဲနေသေးတယ် ဆိုတော့ တကြိမ်ထဲ ပေါက်ကွဲဖို့တော့ မဖြစ်နိုင်ဘူး။ လှုပ်ရှားမှု ဖြစ်တာကိုက ပထမဆုံး ခြေလှမ်းပဲ။ နောက် ဆက်လာမယ်။ နောက်ဆုံးတော့ ဖြစ်မှာ မဟုတ်ဘူး” ဟု မိန့်ကြားသည်။


ထိုင်းနှင့် မြန်မာ လက်နက်ကိုင်တစု တိုက်ပွဲဖြစ်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ထိုင်းစစ်သားများနှင့် မြန်မာ လက်နက်ကိုင် တပ်ဖွဲ့တခု အင်္ဂါနေ့ ညနေက တိုင်ပွဲ ဖြစ်ပွားခဲ့ရာ မြန်မာ လက်နက်ကိုင်ဘက်မှ တဦး သေဆုံး သွားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဟောင်ဆောင် ခရိုင် မဲ့စလင်းရန်း မြို့နယ် ဘန့်ဆောင်ဟင် ထိုင်းကျေးရွာ အနီးတဝိုက် ထိုင်းစစ်သားများနှင့် အမည်မသိ လက်နက်ကိုင် ၅ ဦး ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်၌ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး မြန်မာဘက်က တဦးကို ထိုင်းစစ်တပ်က အသေရမိခြင်း ဖြစ်သည်။

“ထိုင်း စစ်သားတွေက လက်နက်ကိုင်ပြီးတော့ နယ်မြေတဝိုက်၌ ကင်းလှည့်နေတုန်း တွေ့ကြပြီးတော့ ပစ်ကြ ခတ်ကြတာပဲ။ အခုဖြစ်တာ ထိုင်းဘက်အခြမ်းမှာ ဖြစ်တာ။ ဘာလဲဆိုတော့ ထိုင်းစစ်သားတွေက ထိုင်းဘက်မှာပဲ ရှိတယ်” ဟု ထိုင်းလုံခြုံရေး အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ကိုက် ၃ဝဝခန့် အကွာတွင် ဖြစ်ပွားသော မိနစ် အနည်းငယ်ကြာ တိုက်ပွဲနှင့် ပတ်သက်၍ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) မှ ဦးရီမွန်ထူးက “အဲဒီမှာ နယ်စပ်ချင်းကပ်တော့ သူတို့လည်းပဲ ဒီ ထိုင်းနယ်ဘက်ကို သွားလည်ရင်းနဲ့ အဲဒီမှာ တပ်ဖွဲ့ နှစ်ဖွဲ့ တိုးကြမယ် ထင်တယ်။ ဘာဖြစ်လို့လဲ သူတို့ အလောင်းရတာက ယူနီဖောင်းနဲ့ မဟုတ်ဘူးလို့ ပြောတယ်” ဟု ဆိုသည်။

သူ၏ အဆိုအရ တိုက်ပွဲ ဖြစ်ပွားရာ ဒေသနှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းတွင် နအဖနှင့် ငြိမ်းချမ်းရေး ယူထားသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားသည်ဟု ဆိုသည်။

ဆူနာမီ သတင်းကြောင့် ဘေးလွတ်ရာပြေး

ငြိမ်းချမ်းနှင့် ဖနီဒါ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဆူနာမီ သတိပေးချက်ကြောင့် ရခိုင်ပြည်နယ်မောင်တောမြို့တွင် ယမန်နေ့ ညက ရုတ်တရက် ဆိုသလို ပွက်လောရိုက်ကုန်ပြီး၊ မြေနိမ့်ပိုင်း၌ နေထိုင်သူများသည် နီးစပ်ရာ ကုန်းမြေမြင့်များသို့ အပြေးအလွှား ရွှေ့ပြောင်းခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၂ နာရီ အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ငလျင် လှုပ်ကာ ဆူနာမီ ရေလှိုင်းများ ပေါ်ထွန်းကာ မြေနိမ့်ပိုင်း ဒေသများ ရေလွှမ်းမိုးနိုင်သည် ဟူသော စည်ပင် ဌာန၏ သတိပေးချက်ကြောင့် မောင် တော ဒေသခံ အများအပြားသည် နီးစပ်ရာ တောင်ကုန်းများသို့ အလု အယက် ရွှေ့ပြောင်းခဲ့ကြသည်။

အင်ဒိုနီးရှား နိုင်ငံရှိ ဆူမတ်တြား ကျွန်းတွင် ရစ်ချတ်တာ စကေး ၈ ကျော်သည့် အင်အား ပြင်းထန်သော ငလျင်ကြီးတခု လှုပ်ခတ် သွားပြီးနောက် နောက်ဆက်တွဲ ဆူနာမီ လှိုင်းလုံးများ ရိုက်ခတ်နိုင်သည် ဆိုသော သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

“ည ၇ နာရီအချိန် လောက်မှလေ။ မောင်တော စည်ပင်က လူတွေက အသံချဲ့စက်နဲ့ လိုက်အော်တာ။ ကျနော်တို့လည်း အသံကြားတာနဲ့ တောင်ကြောပေါ်ကို တက်နေလိုက်ရတယ်။” ဟု မောင်တော ၄ ရပ်ကွက်မှ ကိုသိန်းတန်က မဇ္ဈိမကို ပြောသည်။

ပြည်နယ်မြို့နယ် စစ်တွေတွင်လည်း ဆူနာမီ သတင်းကြောင့် ပွက်လော ရိုက်သွားခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။

“မနေ့ညကလေ အခုက သံပုံးရိုက်ဖို့ထက် ဆူနာမီကို အာရုံ စိုက်လိုက်ရတယ်” စစ်တွေမြို့သား ကိုမျိုးဌေးက ပြောပြသည်။

ဆူနာမီ သတိပေးချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သတိပေးမှုများ ထွက်ပေါ်လာပြီး နောက်ပိုင်းမှ မောင်တောတွင် ယခုကဲ့သို့သော သတိပေးချက်မျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ဆူနာမီဒဏ် အကြီးအကျယ် ခံခဲ့ရဖူးသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင်လည်း ဘေးလွတ်ရာသို့ ပြေးရှောင်မှုများ မနေ့ညက ဖြစ်ပေါ်ခဲ့သည်။

“အဓိက ပြေးတာကတော့ ၂ဝဝ၄ ခုနှစ်တုံးက ရေမရောက်တဲ့ နေရာတွေမှာပေါ့နော်၊ တောင်ကုန်းလေးတွေမှာ၊ ရာဘာခြံတွေမှာ သွားပြီး ရှောင်နေကြတယ်။ တချို့ကြတော့ ညဘက်ထိ မပြန်ဘူး။ တချို့ကတော့ ဒီမနက်မှ ပြန်တယ်။ တချို့ကတော့ အခုချိန်ထိအောင် မိသားစုကို ဘေးလွတ်ရာမှာ ထားပြီး ပြန်သွားတဲ့ လူတွေရှိတယ်။” ဟု ဖန်ငါးတွင် နေထိုင်သူ ကိုထူးချစ်က ပြောသည်။

ဖန်ငခရိုင် နမ့်ယုန်နှင့် နမ့်ခင် ဒေသများရှိ မြန်မာနှင့် ထိုင်းအလုပ်သမား အများစုသည်လည်း တောင်ကုန်များနှင့် ဘုန်းကြီးကျောင်းများ အတွင်း သွားရောက် စုရုံး နေကြသည်ဟု သိရသည်။