Tuesday 4 September 2007

ရခိုင်ပြည်နယ် တောင်ကုတ်မှာ ဆန္ဒပြပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၄ ရက်၊ ၂၀၀၇ ခုနှစ်။

5:00 PM
မူဆယ်တွင် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာနိုင်သည်ဆိုကာ အာဏာပိုင်များ စိုးရိမ်နေကြသည်။

4:35 PM
ဗမာနှင့် ရခိုင်ဒေသများတွင် လူထုကြီးက လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်ခြင်းကို ကန့်ကွက်သော ဆန္ဒပြပွဲများကို ရှမ်းဒီမိုကရက်တစ် ယူနီယံက ရှမ်းလူထု ကိုယ်စား လှိုက်လှိုက်လဲလဲ ထောက်ခံကြောင်း ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

စုစည်းစနစ်ကျသော လူထု လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာပြီး တိုင်းပြည်သစ် တရပ်ကို တည်ထောင်နိုင်မည့် အပြောင်းအလဲ ဖြစ်ပေါ်လာရေး မျှော်လင့်ကြောင်းလည်း ဖော်ပြထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆီသို့ သွားရန် စစ်အစိုးရကို ရှမ်းဒီမိုကရက်တစ်ယူနီယံက တောင်းဆိုထားသည်။

4:00 PM
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖမ်းဆီး ခံထားရသူများနှင့် ပတ်သက်၍ အာဏာပိုင်များမှ အကြောင်း တစုံတရာ ပြန်ကြားခြင်း မရှိသည့်အပေါ် မြို့နယ် ရဲမှူးရုံးသို့ သွားရောက် စုံစမ်းရာမှာ ဆန္ဒပြ ဟောပြောပွဲများ ယနေ့ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့က အထွေထွေ အကြပ်အတည်း ဆန္ဒပြသူ ၂ ဦးဖြစ်သည့် ကိုစည်သူနှင့် ကိုသန်းလွင်တို့ကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ တောင်ကုတ် အဖွဲ့ချုပ် အစည်းအဝေး ယနေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ၂၄ နာရီထက် ကျော်လွန် ချုပ်နှောင်ခြင်းကို ကန့်ကွက်လိုက်ကာ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု အဖွဲ့ချုပ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

“ကျနော် တောင်ကုတ် မြို့နယ် စည်းရုံးရေးထဲက နေပြီးတော့ ကျနော် ဦးဆောင် ပြီးတော့ပေါ့နော် အဲလို အာဏာပိုင် အဖွဲ့အစည်းပေါ့ဗျာ၊ မြို့နယ်ရဲမှူးရုံးကို ကျနော် သွားပါတယ်။ အဲဒီကို သွားတဲ့အခါမှာ ပြည်သူလူထုက ကျနော်နဲ့ ပူးပေါင်းပြီးတော့ နောက်က လိုက်ကြတယ် ခင်ဗျာ။ အဲဒီမှာ ကျနော် မောင်စည်သူနဲ့ မောင်သန်းလွင် တို့ ဆန္ဒပြတဲ့ နေရာကို ရောက်တော့ ဈေးကလဲ ဖြစ်တယ်ဗျာ။ လမ်းသွား လမ်းလာတွေကလဲ များတယ်ဗျာ။ အဲဒီ နေရာမှာ ကျနော် ပြည်သူလူထု မေးတဲ့ မေးခွန်းတွေကို ကျနော် ဖြေတယ်ဗျာ။ အဲဒါနဲ့ပဲ လူတွေက များလာပြီးတော့ အဲဒီ နေရာမှာ ဟောပြောပွဲ ဖြစ်သွားတယ်ဗျာ။” ဟု တောင်ကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အတွင်းရေးမှုး ဦးခင်လှက မဇ္ဈိမ သို့ ပြောပြသည်။

“နောက် ဆက်လက်ပြီးတော့ ကျနော် တို့ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အဖွဲ့က နေပြီးတော့ ဒု - ဥက္ကဌ ဖြစ်တဲ့ ဦးတင်လင်းအောင်က ဆက်ပြီးတော့ စကားပြောတယ်ဗျာ။ ဟောပြောတယ်ဗျာ။ နောက်ပြီးတော့ ရမ်းဗြဲမြို့နယ်က ရောက်လာတဲ့ စည်းရုံးရေး အဖွဲ့ ဒု-ဥက္ကဌ ရခိုင်ပြည်နယ် စည်းရုံးရေး အဖွဲ့ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှုး ဦးတင်လှိုင်ပေါ့၊ သူကလည်း ဆက်ပြီးတော့ ဟောပြောတယ်ဗျာ။ ဟောပြောတော့ အဲဒီမှာ ပြည်သူလူထုကြီးက စိတ်ပါဝင်စား အားပေး ထောက်ခံ ပြီးတော့ ကျနော်တို့နဲ့ အတူ ပူးပေါင်း ပြီးတော့ အဲဒီ ကလေးတွေရဲ့ အကြောင်းစုံကို သိလိုချင်တဲ့ အတွက် ရဲစခန်းကို လိုက်လာကြတယ် ခင်ဗျာ။ ဟု သူက ထပ်ပြောသည်။

“လူ ၂ ထောင် သုံးထောင်လောက် ရှိတယ်ဗျာ။ ကျနော် နောက်က လိုက်လာကြတာ။ ကျနော် အဲဒီမှာ မေးကြည့်တော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က အေး မဝတ ရုံးကို ရောက်နေတယ် ပြောတဲ့ အတွက်ကြောင့် ကျနော် မဝတ ရုံးကို ဆက်လိုက်တယ်။ ဆက်လိုက်တဲ့ အခါမှာ မဝတ ဥက္ကဌနဲ့ မြို့နယ်ရဲမှုးနဲ့ အဲဒီမှာ တွေ့တယ်ပေါ့။ တွေ့တော့ ကျနော် မေးတယ် ဒီခလေးတွေ ဘယ်ရောက်နေလဲ ၁-၂-၃-၄ ရက် ရှိသွားပြီ ဆိုသလို ပေါ့ဗျာ။ ဥပဒေအရ ဆိုလို့ရှိရင် ဒီခလေးတွေဟာ ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ဖို့ မသင့်ဘူးပေါ့ ။ အပြစ် တစုံတရာကို ကျူးလွန်တာလဲ မဟုတ်တဲ့ အတွက်ကြောင့် ဒီခလေးတွေကို ဘယ်မှာရှိတယ် ဆိုတဲ့အခါ သူတို့က ဖမ်းတာ မဟုတ်ပါဘူးတဲ့၊ ခလေးတွေကို ခဏခေါ်ထားတာတဲ့။”

“ခင်ဗျား မဖမ်းပါဘူး ဆိုတာ တာဝန် ယူမလားလို့ ဆိုတဲ့အခါကြတော့၊ သူတို့ တာဝန် မယူနိုင်ဘူးဗျာ။ အဲဒီတော့ ကျနော်ကတော့ သူတို့ပြောတာကို သံသယ ရှိတယ်ဗျာ၊ ကျနော်မယုံဘူး။ အဲဒါ ခင်ဗျား မယုံလို့ရှိရင် သူ့မိဘတွေကို သွားမေးပါတဲ့။ ဆိုတော့ ကျနော် သွားမေးတယ်ဗျာ။ သွားမေးတော့ လူထုကြီးက ကျနော့် နောက်က လိုက်လာတယ်ဗျာ၊ ကျနော့် နောက်က သူတို့ ပြေးပြီးတော့ လိုက်လာကြတယ်။ မော်တော် ဆိုင်ကယ်တွေနဲ့။ အဲဒီကနေပြီးတော့ မဝတ ဥက္ကဌ၊ နောက် မြို့နယ်မှုး လိုက်လာပြီးတော့ ကျနော်ကို ဘာပြောလဲ ဆိုတော့ ဦးခင်လှတဲ့ ဒီလူတွေကို ခင်ဗျား ခေါ်မသွားပါနဲ့တဲ့၊ ဟာ ကျနော် ခေါ်တာ မဟုတ်ဘူးလို့၊ သူတို့ဘာသာ သူတို့ လိုက်လာတာလို့ ကျနော်မှာ တားပိုင်ခွင့် မရှိဘူးလို့၊ သူတို့က နေပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို ရှေ့က မာမားမတ်မတ် ရပ်တည်ပြီးတော့ အနစ်နာခံပြီးတော့ သူတို့ ဆန္ဒ ထုတ်ဖော်ပြသတဲ့ မောင်သန်လွင်နဲ့ မောင်စည်သူ အပေါ်မှာ ဂရုဏာသက်လို့ လိုက်လာကြတာလို့၊ ကျနော့်မှာ တားပိုင်းခွင့် မရှိဘူးလို့ ဆိုတော့၊ သူတို့က အတင်းတားတယ်၊ အတင်း တားပြီးတော့ အဲဒီမှာ လမ်းမှာ ပိတ်ထားတယ်ဗျာ။ နောက် ရဲ အရာရှိ တဦး ဆိုလို့ရှိရင် အကျီ လှန်ပြတယ်ဗျာ၊ ခါးမှာ ထိုးထားတဲ့ သေနတ်ကို ပြတယ်။ ခင်ဗျာ ဆက်မလိုက်နဲ့တော့ လိုက်ရင် ခင်ဗျာတွေ့တယ် မဟုတ်လား ဆိုတဲ့ဟာမျိုးပေါ့လေ ဆိုတော့ ပြည်သူလူထုကြီးက အဲဒီမှာ ကျန်ခဲ့တယ်။ ကျနော်တို့က ဆက်သွားကြတယ်။ မောင်သန်းလွင်ရဲ့ အိမ်ကိုရောက်တယ်။”

“ဒါပေမဲ့ အဲဒီမှာ သူတို့ မိဘတွေနဲ့  မတွေ့ရဘူး။ သူတို့ ဆင်းရဲသားတွေ၊ ဆင်းရဲသားတွေ ဆိုတော့ တနေ့ရမှ တနေ့စားပေါ့ဗျာ။ သူတို့ စားဝတ်နေရေး အတွက် သူတို့ ရှာဖွေပြီးတော့ သွားနေကြတယ်။ အဲဒီတော့ ကျနော်တို့ သူတို့ရဲ့ အကြောင်းစုံကို ကျနော် မသိခဲ့ရဘူ။ အဲဒီ အာဏာပိုင်တွေ ပြောတဲ့အတိုင်းပဲ မှန်သလား၊ မမှန်ဘူးဆိုတာ ကျနော် မသိဘူးဗျာ။ အဲဒါနဲ့ ကျနော် အိမ်ပြန်လာတယ်။ လူစုခွဲလိုက်ကြတယ်။”

12:45 PM
ကျောက်ဆည်မြို့က ကျော်သူမိုးမြင့် မနေ့က ပြန်လွတ်လာခဲ့သည်။

12:40 PM
စစ်အစိုးရ ရာဇဝတ်မှုများ ကျူးလွန်နေဟု လူ့အခွင့်အရေး ကာကွယ်သူများပြော

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ဦးမြင့်အေးအား သြဂုတ်လ ၂၄ ရက်နေ့တွင် နေအိမ် လမ်းထိပ်တွင် လာရောက် ဖမ်းဆီး သွားကြသည်။

စစ်အစိုးရသည် အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကားမှုများကို ခွင့်ပြုကာ ရာဇဝတ်မှု ကျူးလွန်လျှက် ရှိကြောင်း မြန်မာပြည်တွင်း အခြေစိုက် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (H.R.D.P) က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အပြင်းအထန် ရှုတ်ချ ပြောဆို လိုက်သည်။

ရမခ တပ်ရင်းမှူး လာဘ်စားမှုဖြင့် စစ်ဆေးခံနေရ

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းမှူးတဦးကို လာဘ်စားသည်ဆိုသော စွပ်စွဲချက်များဖြင့် ဖမ်းဆီး ထိန်းသိမ်းပြီး တပ်တွင်း စစ်ဆေးနေကြောင်း စစ်ဘက်သတင်း ရပ်ကွက် အရ သိရသည်။

လားရှိုးမြို့ အခြေစိုက် နမခ ကွပ်ကဲမှု နယ်မြေအတွင်းရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မြို့နယ်ခွဲတွင် အခြေပြု လှုပ်ရှားနေသည့် အမှတ်(၁၂၃) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ကြည်အောင်ကို ကွတ်ခိုင် ဗျူဟာမှူး ဗိုလ်မှူးကြီး စံရွှေသာ ဦးဆောင်သည့် အဖွဲ့မှ ယခုလ ၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ယခုအခါတွင် လာရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

လာဘ်စားသည် ဆိုသော တိုင်တန်းမှုများ ရှိနေခဲ့ခြင်း အပေါ် အခြေခံကာ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ခလရ ၂၃ တပ်ရင်း သတင်း ရပ်ကွက်အရ သိရသည်။ တပ်ရင်းမှူးပိုင် ပစ္စည်းများကိုလည်း လိုက်လံ သိမ်းဆည်းနေသည်။

တိုင်တန်းမှု တခုတွင် မေလကုန်ပိုင်းက တာမိုးညဲ မြို့နယ် မုံးစီးဒေသတွင် ကချင် အမျိုးသား ကာကွယ်ရေး တပ်မတော်(ခေါ်) KDA အဖွဲ့ စီးပွားရေး တာဝန်ခံနှင့် အဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါး မျိုးစုံ ဖမ်းဆီးရမိမှုတွင် လာဘ်ငွေများ ရယူခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးသူ ဗျူဟာမှူး ဗိုလ်မှူးကြီး စံရွှေသာသည် ၂ဝဝ၁ ခုနှစ်ကတည်းက တာဝန် ကျနေသူ ဖြစ်ပြီး ယခင် နယ်စပ်ဒေသ ကွပ်ကဲမှု အဖွဲ့များ၏ လာဘ်စားမှုများကို ဖော်ထုတ်ပေးရာတွင် အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။ ဗိုလ်မှူးကြီး စံရွှေသာသည် ပြိုင်ဘက်များကို အပြတ် ရှင်းပစ်လေ့ ရှိသူဟု နာမည် ကျော်ကြားသော်လည်း ယခု တပ်ရင်းမှူးကို ဖမ်းဆီးသည့် ကိစ္စမှာမူ တိုင်တန်းမှုများကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

စင်္ကာပူရောက် မြန်မာများ အဲယားပုဂံ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့ကို သပိတ်မှောက်ရန်ပြင်

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်တွင်း အထွေထွေ အကြပ်အတည်း ဆန္ဒပြသူများကို စစ်အစိုးရက လူမိုက်များသုံးကာ နှိပ်ကွပ်နေခြင်းကို ကန့်ကွက်သော အားဖြင့် စင်္ကာပူရောက် မြန်မာနိုင်ငံသားများက စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ပိုင် လေကြောင်းလိုင်းကို သပိတ်မှောက်ရေးနှင့် အာဏာရ အသိုင်းအဝိုင်းနှင့် လက်ပါးစေများကို ဖယ်ကျဉ်ထားရေး စည်းရုံး လှုံ့ဆော်နေကြသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အဲယားပုဂံ (Air Bagan) အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကို စီးနင်းမှု မပြုရန်နှင့် မိမိ နေအိမ် အခန်းများကို စစ်အစိုးရ အကြီးအကဲများ၏ သားသမီးများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် အုပ်စုဝင်တို့၏ မိသားစုဝင်၊ ဆွေမျိုး အသိုင်းဝိုင်းများကို မဌားရမ်းကြစေရန် စင်္ကာပူရှိ တက်ကြွ လှုပ်ရှားသူ မြန်မာ အင်အားစုများက ဆွေးနွေးနေကြခြင်း ဖြစ်သည်။

“ဆွေးနွေးတဲ့ အဆင့်လောက်ပဲ ရှိပါသေးတယ်။ လုပ်နိုင်တဲ့ဟာကို လုပ်ဖို့ပေါ့နော်။ စီတန်း လမ်းလျှောက်တာတို့၊ ဆန္ဒပြတာတို့က ဒီမှာ အန္တရာယ် ရှိတယ်လေ။ ကျနော်တို့ PR (Permanent Resident) သမားတွေ၊ EP (Employment Pass) ကိုင်ထားတဲ့ သူတွေ IC သ်မ်းသွားရင် မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ လုပ်နိုင်တဲ့ ဟာလေးကို လုပ်ရင်ကောင်းမယ် ဆိုပြီး အတွေး ပေါ်လာတာပါ” ဟု အမည်မဖော်လိုသူ မြန်မာနိုင်ငံသား တဦးက ပြောသည်။

ယခင် စင်္ကာပူ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ဖြစ်သည့် Silk Air သည် စင်္ကာပူ - မြန်မာ ခရီးစဉ် အသွားအပြန်ကို စင်္ကာပူဒေါ်လာ ၄ဝဝ ပေးဆောင်ရပြီး၊ ယခုအခါ ၃၃ဝ သာ ပေးဆောင်ရသဖြင့် အဲပုဂံ လေယာဉ်စရိတ် အမေရိကန်ဒေါ်လာ ၂ဝဝ နှင့် နှိုင်းယှဉ်လျှင် ကွာဟမှု မရှိဟု သူက ဆက်ပြောသည်။

“ခုတော့ ဈေးသိပ်မကွာတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် Silk Air ကို စီးတော့ ပိုပြီး လုံခြုံ စိတ်ချရတယ်လေ။ ပြီးတော့လည်း ကျနော်တို့ ပိုက်ဆံတွေ သူတို့ လက်ထဲ မရောက်တော့ ကျနော်တို့ကို နှိပ်စက်ဖို့ နဲနဲတော့ လျော့သွားမှာပေါ့။ ဒီလိုမြင်လို့ပါ” ဟု သူက ပြောသည်။

အခြား အဖွဲ့သား တဦးက “စစ်အစိုးရ ခေါင်းဆောင် သားသမီးတွေကတော့ ကွန်ဒိုမီယံတွေ ငှါးနိုင်၊ နေနိုင်ကြတယ်။ ဒါပေမယ်လို့  စစ်အုပ်စုရဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေ ဒီမှာ အများကြီး ရှိတယ်ဗျ။ သူတို့ကို ပြောနေတာ” ဟု ဆိုသည်။

မြန်မာပြည်တွင်း၌ လောင်စာဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများကို ထောက်ခံသည့် အနေဖြင့် ပြီးခဲ့သည့်လ ၂၅ ရက်နေ့က စင်္ကာပူရောက် မြန်မာနိုင်ငံသားများက အောချပ် မြေအောက်ရထား ဘူတာရုံ (Orchard MRT Station) မှ ပင်နီစူးလား ပလာဇာ ရှိရာ (City Hall MRT Station) သို့ SMS ခေါ် မိုဘိုင်းမှတဆင့် စုသတင်းစကားများ ပေးကာ စုရုံးကြပြီး၊ တရားမဝင် လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်းနှင့် ခေါင်းဆောင်ဟု ယူဆခံရသူ ၃ ဦး အပါအဝင် ၂၃ ဦးကို စင်္ကာပူ ရဲများက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း Channel News Asia တွင် စနေနေ့က ဖော်ပြခဲ့သည်။

“အဲဒီနေ့က စုစုပေါင်း ၄ဝ ကျော်လောက် ရှိတယ်။ အခု အဲဒီ ၂၃ ယောက်ကို လာမယ့် သောကြာနေ့မှာ ရဲစခန်း လာပြီးတော့ IC တွေ ယူလာရမယ်လို့ ပြောထားတယ်။ အရေးယူဖို့ ဆိုတာကတော့ ပထမဆုံးအကြိမ် အနေနဲ့ သတိပေးဖို့ ဖြစ်ပါလိမ့်မယ်” ဟု မြန်မာတဦးက ပြောပြသည်။

လက်ရှိအချိန်တွင် စင်္ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်သူ မြန်မာလုပ်မား ၅ သောင်းကျော် ရှိသည်ဟု သိရသည်။