Monday 3 September 2007

မြစ်ကြီးနား တက္ကသိုလ်တွင် နအဖ ဆန့်ကျင်ရေး စာရွက်များ လိုက်ကပ်

မျိုးကြီး (မဇ္ဈိသတင်းဌာန)
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးနှင့် နအဖ အမျိုးသား ညီလာခံ ဆန့်ကျင်ရေး အစရှိသည့် တောင်းဆိုချက်များ ပါဝင်သည့် စာရွက်စာတမ်းများ ယနေ့ ညနေပိုင်းတွင် လိုက်လံ ကပ်ခဲ့သည်ဟု သိရသည်။
ယနေ့ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား တက္ကသိုလ်ရှိ မြစ်ကြီးနား တက္ကသိုလ် ဘူမိဗေဒ ဒုတိယနှစ် ကျောင်းဆောင်ရှေ့တွင် အဆိုပါ လှုံ့ဆော်စာများ ကပ်ထားခြင်း ဖြစ်ပြီး စာထဲတွင် 'ကုန်ဈေးနှုန်း ကျဆင်းရေး'၊ 'လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု ဆန့်ကျင်ကြ'၊ 'နအဖ ကျင်းပသည့် အမျိုးသား ညီလာခံ အလိုမရှိ'၊ 'မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှုကို ဆန့်ကျင်ကြ' နှင့် 'လယ်ယာမြေများ အဓမ္မ သိမ်းယူနေမှုများကို ဆန့်ကျင်ကြ' အစရှိသည်တို့ ပါဝင်သည်။
ယခု လှုပ်ရှားမှုကို ကချင် ကျောင်းသား လူငယ်များ အဖွဲ့က ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း တောင်းဆိုချက် အောက်တွင် ရေးထိုးထားသည်ဟု ဘူမိဗေဒ ဒုတိယနှစ် ကျောင်းသားတဦးက ပြောပြသည်။
အမည်မဖော်လိုသူ ကချင် ကျောင်းသားလူငယ် အဖွဲ့ဝင် တဦးက လှုပ်ရှားမှုသည် မြန်မာနိုင်ငံ ဒေသ အချို့တွင် ဖြစ်ပွားနေသည့် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြမှုများနှင့် တသားတည်း ရှိသည်ကို ပြသသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။
သူက “ပြည်မမှာ လုပ်နေတာတွေနဲ့ ကျနော်တို့ နယ်မှာက တသားထဲ ရှိနေတယ်ဆိုတာ ပြတဲ့သဘောနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ နောက်ကိုလည်း ဆက်တိုက် လှုပ်ရှား ဆောင်ရွက် သွားမှာပါ” ဟု ဆက်ပြောသည်။
ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုသည့် လမ်းလျှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နအဖ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လိုက်ကပ်သည့် ပထမဆုံး အကြိမ် လှုပ်ရှားမှု ဖြစ်သည်။

ရန်ကုန်ရှိ ယာဉ်စီးခများ ကျဆင်းမှု မရှိသေး


ဖနီဒါ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရန်ကုန်မြို့တွင်း လေအေးစက်တပ် ဘတ်စ်ကားစီးခ ဈေးနှုန်းကို ယနေ့မှ စတင်ကာ လျော့ချ လိုက်ပြီဟု မထသ ခေါ် မော်တော်ယဉ် ထိန်းသိမ်းရေး ဌာနက ပြောဆိုသော်လည်း လက်တွေ့တွင်မူ ဈေးနှုန်းများ အပြောင်းအလဲ မရှိ ဖြစ်နေသည်။
အင်းစိန်မှ သင်္ကန်းကျွန်းသို့ သွားရောက်သည့် လေအေးစက်တပ် ဘတ်စ်ကားခကို မှတ်တိုင်အလိုက် ဈေးနှုန်း လျော့ချလိုက်သည်ဟု မထသ ဌာနက တာဝန်ရှိသူက ပြောဆို နေကြသော်လည်း ယခင်အတိုင်းသာ ရှိနေသေးသည်ဟု ဘတ်စ်ကား စီးသူများက ပြောဆိုကြသည်။
“မထသ အေးယားကွန်း (လေအေးစက်တပ်) ဘတ်စ်ကားတွေဆို ဂိတ်စကနေ အဆုံးအထိ ဆိုရင် ၁၅ဝ ကနေ ၂ဝဝ ကျပ် ပေးရတယ်။ တချို့ဆိုရင် ၁ဝဝ ကျပ် တောင်းတယ်။ ကမ္ဘာအေးကနေ သင်္ကန်းကျွန်းအထိ ကားမှတ်တိုင် ၁ဝ ခုလောက် ရှိတယ်။ အဲဒီမှာ ၁၅ဝ ကျပ် ပေးရတယ်။ ကားခ လျှော့ချတယ် လို့တော့ ပြောနေပေမယ့် ပုံမှန် ဈေးကတော့ ၁ဝဝ နဲ့ ၁၅ဝ ကျပ်ပါပဲ” ဟု နေ့စဉ် ဘတ်စ်ကား စီးနေသူ တဦးက ပြောသည်။
အမျိုးသားရေး ဦးဝင်းနိုင်ကလည်း ရန်ကုန်မြို့ပေါ်ရှိ လိုင်းကားများသည် တမှတ်တိုင်၊ နှစ်မှတ်တိုင်ခန့် စီးလျှင်သာ ၅ဝ ကျပ် ကျသော်လည်း ၎င်းမှတ်တိုင်ထက် ကျော်လွန် သွားပါက ကျပ် ၂ဝဝ ပေးနေရသည်ဟု ဆိုသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းက ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေး အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ နေရာအနှံ့ တိုးမြှင့် ချထားပြီး ယာဉ်စည်းကမ်းများကို နေ့ညမပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ယာဉ်ကြီးယာဉ်ငယ် ယာဉ်စီးခ နှုန်းထားများကို တပြေးညီ လျှော့ချရန်၊ တက္ကစီ ကားများ ယာဉ်စီးခ ဈေးနှုန်း လျော့ချသွားရန်နှင့် မီတာ တပ်ဆင်ရေး ဆက်လက်၍ အမြန် ဆောင်ရွက်ကြရန် အတွက် ပြီးခဲ့သည့်လ ၃၁ ရက်နေ့က ကျင်းပသည့် အစည်းအဝေး တရပ်တွင် ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အမျိုးသားရေး ဦးဝင်းနိုင်က “တက္ကစီကားတွေ မီတာ တပ်ဆင်မှုနဲ့ ပတ်သက်ပြီး တက္ကစီ သမားတွေ ဆိုရင်လည်း ဈေးလျှော့မယ် ဆိုတာ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့လည်း ဓာတ်ဆီဝယ်ပြီး မောင်းရတာကိုး။ လျှော့ချပေးမယ် လို့တော့ မထင်ပါဘူး။ မီတာကားတွေ တပ်ဆင်မယ် ဆိုတာကလည်း မထင်ပါဘူး” ဟု ပြောသည်။

လပွတ္တာနှင့် ကျောက်ဆည်တွင်လည်း ဆန္ဒပြပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။

5:45 PM
ဆန္ဒပြပွဲများကို နောက်ရက်များတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုများဖြင့် စစ်အစိုးရက ဆက်လက် တုံ့ပြန်ပါက အကျိုးဆက်ကို စစ်အစိုးရတွင် တာဝန်ရှိကြောင်း “မြန်မာပြည်သူ တရပ်လုံးအတွက် အစတေးခံ လူငယ်များ” ဟု ပါရှိသည့် အကောင်းဆုံး မြေသြဇာ အဖွဲ့က ယနေ့ ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

4:40 PM
အဲယားကွန်း မဖွင့်သော အဲယားကွန်း ဘတ်စ်ကားများ အတွက် ခရီးတို အနည်းဆုံး ဘတ်စ်ကားခများ ယနေ့မှစ၍ ပြန်လည် လျော့ချလိုက်သည်။ ဆီဈေး တက်ပြီးနောက် အနည်းဆုံး သတ်မှတ်ချက် ၁ဝဝ ကျပ်ဖြစ်ရာမှ ယခုတွင် ၅ဝ ကျပ် ဖြစ်လာသည်။ သို့သော် ခရီးရှည် ဂိတ်အစ-အဆုံး စီး ခရီးသည်များ အတွက် ဘတ်စ်ကားခမှာ ၂ဝဝ ကျပ် ဖြစ်ပြီး လျော့ကျသွားခြင်း မရှိပါ။

3:45 PM
ကြံ့ဖွံလည်း ပြည်သူပြည်သားတွေပါ၊ လူသတ်တရားခံ မဖြစ်စေလို

မနီလာသိန်း ပြေးလွှားရင်း မဇ္ဈိမ ကို ပြောပြချက်

“ကျမ ပြောချင်တာကတော့ ပြီးခဲ့သည့် ၁၉ ရက်နေ့ ကနေစပြီး လောင်စာဆီ ဈေးတက်တဲ့ နောက်ပိုင်းမှာ ကျမတို့ ၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တယ်။ အဲဒီ နောက်ပိုင်း ၂၁ ရက်နေ့ ညက ၁၂နာရီကနေ စပြီးတော့ ကျမတို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့ ဖမ်းဆီး ခံခဲ့ရပေမယ့် ကျမတို့ ၂၂ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေရယ်၊ တက္ကသိုလ် ကျောင်းသားတွေရယ် ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ အခက်အခဲ အကြပ် အတည်းတွေကို ဖြေရှင်းဖို့ အတွက် လှည်းတန်းကနေစပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့တယ်။ အဲသလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖေါ်တဲ့ သူတွေကို သမိုင်းလမ်းဆုံမှာ အာဏာပိုင် အဖွဲ့အစည်းက နေပြီးတော့ ပြည်သူပြည်သား အချင်းချင်းကို ရန်တိုက် ပေးနေတဲ့ ပုံစံမျိုးတွေနဲ့ ပြုလုပ်ခဲ့တာ တွေ့ရတယ်။ အဲလို ပြောတဲ့အခါမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းက လူတွေ ကျမတို့ လူတွေကို အဲဒီအချိန်မှာ ကျမတို့ လူတွေကို ဆွဲလား၊ ရမ်းလား လုပ်နေတယ်။ အဲဒီအချိန်မှာ ကျမ သူတို့ကို လက်ဆွဲ နှုတ်ဆက်တယ်။ အတင်းကို ကျမ သွားလိုက် နှုတ်ဆက်တယ်။ ကျမ သူကိုပြောတယ်၊ မောင်လေးတို့လဲ ပြည်သူတွေပါ၊ ပြည်သူတွေ အခု အခက်အခဲ ဖြစ်နေတဲ့ အကြပ်အတည်း ဖြစ်နေတဲ့ ကိစ္စတွေကို မောင်လေးတို့ အသိဆုံးပါ။ မောင်လေး ကျမတို့နဲ့ လက်တွဲပါလို့ ကျမ ပြောလိုက်တယ်။ အဲဒီအခါမှာ အမတို့ လူအုပ်စု ခွဲလိုက်ပါ ဆိုပြီး ကျမလက်ကို ကိုင်ပြီး သူက ပြောခဲ့တယ်။ ကျမ သုံးယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့တယ်။”

ကျမ အဓိက ပြောချင်တာက ဘာလဲဆိုတော့ ပြည်သူကို ပြည်သူ အချင်းချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးတွေ၊ ပြီးတော့ ပြည်သူတွေရဲ့ ပုံစံမျိုးတွေ၊ နောက်ပြီး ပြည်သူတွေရဲ့ ဆန္ဒ မပါဘဲနဲ့ လူတွေ အပေါ်မှာ ဖိအားပေး ခံနေရတာပေါ့နော်၊ ဖိအား အမျိုးမျိုး ပေးပြီးတော့ ပြည်သူ ပြည်သားတွေကို ဆွဲခေါ်ပြီးတော့ ပြည်သူပြည်သား အချင်းချင်းကို အပြတ်ရှင်းတဲ့ ပုံစံမျိုးတွေ မလုပ်သင့်ဘူးလို့ ကျမထင်တယ်။ ပြီးတော့ ဒီနေရာကနေ တခု ပြောချင်တယ်။ ဘာလဲဆိုတော့ ပြည်ထောင်စု - ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းက လူတွေ၊ နောက် စွမ်းအားရှင် လူတွေ၊ အမျိုးသမီး ရေးရာတွေ အားလုံးကို ကျမ ပြောချင်တာကတော့ သမိုင်းမှာ သူသတ်တရားခံတွေ ဖြစ်ခဲ့တဲ့ နေဝင်း အစိုးရလို ကိုယ့်ကိုယ်ကိုယ် မဖြစ်ပါစေနဲ့လို့ ကျမ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်ပေးနေတဲ့ ရဟန်း၊ သံဃာ၊ ကျောင်းသား ပြည်သူတွေနဲ့ ဆက်ပြီး လက်တွဲပါလို့ ကျမ ပြောချင်ပါတယ်။

3:37 PM
ပဲခူးမြို့မှာ အခြေအနေ တင်းမာ

“လုံခြုံရေးတွေ တင်းကြပ်ထားတယ် လုံခြုံရေးတွေကတော့ ချထားလိုက်တာ အပြည့်ပဲ အများကြီးပဲ။ ပဲခူးမှာ ဘုန်းကြီးတွေ ဆူမယ်လို့ သတင်းကြားတာ သုံးရက်လောက် ရှိနေပြီ ။ အဲဒီထဲက စပြီးတော့ ချထားတာ အဲဒီမှာ အခုချိန်ထိပဲ။ ရဲတွေရယ်၊ သူတို့ ကြံ့ဖွံ့တွေရယ်၊ နောက်တခုက စွမ်းအားတွေရယ်၊ အဲဒါတွေရယ် ချထားတယ်။ ဗဟို အချက်အချာ ကျတဲ့နေရာတွေမှာ ထားတယ်။” ဟု ပဲခူးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

“လုပ်တာပေါ့။ လုံခြုံရေးတွေ လျှောက်ချတာပေါ့နော်။ ဈေးထဲတွေမှာ ချတယ်။ ဘုရားတွေပေါ်မှာ ချတယ်။ နောက်တခုက လမ်းဆုံ လမ်းမတွေမှာ ချတယ်။ ရုံးတွေမှာ ချတယ် အများကြီးပဲ ။

ပြည်သူတွေကတော့ အခွင့်အရေးကို စောင့်နေကြတယ်။ တကယ်တမ်းဖြစ်ရင် တကယ်ပဲ ပါကြမှာပေါ့။ ဖမ်းဆီတာတော့ မရှိသေးဘူး။” ဟု သူက ထပ်ပြောသည်။

3:25 PM
မြန်မာနိုင်ငံတွင်း ဆန္ဒပြသူများနှင့် သွေးစည်း ညီညွတ်မှုကို ပြသပြီး နအဖ စစ်အစိုးရက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းနေခြင်းအပေါ် အိန္ဒိယမှ ကန့်ကွက် ပြောဆိုစေလိုသည့် မြန်မာနိုင်ငံသား ၁၂ ယောက်က ယနေ့တွင် နယူးဒေလီမြို့တွင် ၂၅ ကီလိုမီတာ အကွာအဝေးကို ချီတက် လမ်းလျှောက် ဆန္ဒပြကြသည်။

ဒေလီမြို့ ဆင်ခြေဖုံး ဗီးကပ်စ်ပူရီ ရပ်ကွက်မှသည် အာဏာရ ကွန်ကရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဓီ၏ နေအိမ် တည်ရှိရာ အမှတ် ၁ဝ ဂျန်ပတ်ထ် သို့ လှုပ်ရှား တက်ကြွသူများက လမ်းလျှောက် ဆန္ဒပြပြီး လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့လူထု၏ ဒီမိုကရေစီ လှုပ်ရှားမှုကို အိန္ဒိယ အနေဖြင့် ထောက်ခံသွားရေး ကြိုးပမ်းနေကြသည်။

2:00 PM
ကျောက်ဆည်မြို့ ဆန္ဒပြပွဲ

“ကိုကျော်သူမိုးမြင့်ကို ည ၁၁ နာရီက လာဖမ်းသွားတယ်။ ခယက ဥက္ကဌရယ်၊ ရပ်ကွက်လူကြီးရယ်၊ ရဲတွေရယ် ပါတယ်နော်။ သူ့ကို အဖမ်းခံ ရပေမယ့်လို့ လုပ်စရာ အလုပ်ကို ဆက်လုပ်တော့၊ ဒီနေ့ ၃ရက် ၉လ၂ဝဝ၇ မှာတော့ လူထု လမ်းလျှောက်ပွဲကို မနက် ၁ဝနာရီကနေ ၁၁ နာရီအထိ လုပ်ဖြစ်တယ်တဲ့။ ကျောက်ဆည် လက်ပြတိုင်ကနေ ပြီးတော့မှ လက်ပြတိုင်မှာ စုရပ် လုပ်ထားပေမဲ့လို့လဲ အချုပ်ကားတွေက ၅ စင်း၊ ရဲ ၅ဝ နဲ့လောက်နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေက အဆင်သင့် စောင့်နေတာကြောင့်မို့ လမ်းကြောင်းကို ပြောင်းပြီးတော့မှ ကျောက်ဆည် ဆေးရုံရယ်၊ ဘီအီးတပ်တွေ ဘက်ကို ဖြတ်ပြီးတော့ လျှောက်သွားတယ်။ ပြီးတော့ လောင်စာဆီ ကျဆင်းဖို့အတွက်၊ ပြန်ချပေးဖို့အတွက် ပြောကြားခဲ့တယ် ။ ဂျီတီစီ ကျောင်းအထိ လျှောက်ခဲ့တယ်။ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေးနဲ့ မနေ့ညက ပါသွားတဲ့ ကိုကျော်သူမိုးမြင့် လွတ်မြောက်ရေးကိုလည်းပဲ ပြောတယ်။”

1:45 PM
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းပေးရန် အဓမ္မ လက်မှတ်ထိုးခိုင်း

ရန်ကုန်မြို့တွင်းရှိ နေအိမ်များကို ကိုဌေးကြွယ်၊ မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦး လာအိပ်လျှင် ခွင့်မပြုဘဲ သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပို့ရန် အိမ်ရှင်များက သဘောတူကြောင်း လက်မှတ်မထိုး မနေရ၊ လက်မှတ် ရေးထိုးခိုင်းခြင်းကို လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များက ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

မြို့နယ်ရုံးများ၏ ညွှန်ကြားချက်ကြောင့် လုပ်ခြင်းဟု ရယက များက ပြောဆိုပြီး ညွှန်ကြားချက်ကို မလိုက်နာလျှင် ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးထားသည်။ သို့သော် မည်သို့ အရေးယူမှာလည်းဆိုသော မေးခွန်းကို ဖြေဆိုခြင်း မပြုခဲ့ကြပေ။

1:05 PM
နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇာတိဖြစ်သော ကျောက်ဆည်မြို့တွင် လူ ၃ဝ ကျော်က ယနေ့ နံနက် ၁ဝ နာရီမှစ၍ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

1:00 PM
လပွတ္တာ ဆန္ဒပြပွဲ လူထောင်ချီ
ဒေါက်တာ ဦးအေးကြည်က မဇ္ဈိမ သို့ ပြောပြချက်

“လပွတ္တာ ဘုရားလမ်းအတိုင်း လျှောက်လာတယ်။ ဘုရားလမ်းအတိုင်း လျှောက်လာတော့ မိုင် တဝက်ကျော်ကျော် လောက်ပေါ့၊ သြဘာလမ်းနဲ့ ဘုရားလမ်းလဲ ရောက်ရော အဲဒီမှာ တခါ တရားဟောတယ်။အဲဒီ သပိတ် ကြိုအထွက်မှာလဲ တခါ တရား ဟောတယ်နော်။ အဲဒီ သြဘာလမ်း အတိုင်း တက်လာတယ်။ သြဘာလမ်းအတိုင်း တက်လာတဲ့ အချိန် လမ်း တဝက်လဲ ရောက်ရော၊ ရိုးမပုံ လက်ဖက်ရည် ဆိုင်အရှေ့မှာ နောက်ထပ် တခါဟောတယ်။ ဟောပြီးတော့ သြဘာလမ်းအတိုင်း တက်သွားတယ် သြဘာလမ်းဆုံးရော မြို့အစွန် ရောက်သွားတယ်။ မြို့အစွန်ရောက်မှ မဝတက ကားနဲ့ စောင့်နေတယ်။ သူတို့ တက်သွားတဲ့အချိန် စစထွက်တဲ့ အချိန်မျာ သပိတ်ကြို ဘုရားကနေ ထွက်တဲ့အချိန်မှာ ၄-၅ ရာလောက် ရှိတယ်။ လမ်းတလျှောက် တဖြည်းဖြည်း များများ လာပြီးတော့၊ တရားဟောနေရင်း တစုစုနဲ့ တခါထဲ တဖြည်းဖြည်းနဲ့ လူထောင်ကျော် ဖြစ်သွားတယ်။ ဒီ သြဘာလမ်း ဆိုတာ လမ်းက အကျယ်ကြီးဗျ၊ အဲဒီ သြဘာလမ်း အဆုံးကို လူတွေ ပြည့်ကြပ်သွားတယ်။ အဲဒီမှာ ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက အဲဒီ သြဘာလမ်း အလယ်လောက်မှာ တားတယ်။ စွမ်းအားရှင်က ရှေ့ဆက်မသွားဖို့ ဘာဖို့ ပြောတာ၊ အဲဒါ ပြည်သူတွေက နေပြီးတော့ ထားပါတော့ နင်တို့နဲ့ မဆိုင်ဘူး၊ တားစရာ မလိုဘူး။ သူတို့ လုပ်နေတာ မင်းတို့ဘက်က ဘာလဲပေါ့။

12:55 PM
ကျောက်ဆည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျော်သူမိုးမြင့်ကို တင်္နဂနွေနေ့ည ၁၁ နာရီခန့်က နေအိမ်တွင် ရဲများက လာရောက် ဖမ်းဆီး သွားခဲ့သည်။

12:30 PM
ရှေ့နေ ဦးကြည်ဝင်း မြို့နယ် ဥက္ကဌ ၊ လွတ်တော် ကိုယ်စားလှယ် အမှတ် (၁ )

“ဒီနေ့ မနက် ၈ နာရီတွင် လပ္ပတ္တာမြို့ သပိတ်ကြို ဘုရားကနေပြီးတော့ သုံးယောက် စပြီးတော့ ထွက်သွားတယ်။ သူတို့က ရန်ကုန်အထိ မိုင် ၂ဝဝ ချီတက်မယ်ပေါ့။ အဲဒီလောက်ပဲ အဲဒါ အောင်မိုးဝင်းရယ် ဦးကြည်သန်းရယ် ဦးဌေးဝင်းရယ် သုံးယောက် အဲဒါ ၈ နာရီလောက် ထွက်သွားတဲ့ ဥစ္စာ ၈ နာရီခွဲလောက်လဲ ကြာရော လပ္ပတ္တာမြို့ အဝင်ဝ ကားဂိတ်မှာ မဝတနဲ့ ရဲတွေကနေပြီးတော့ သူတို့ သုံးယောက်ကို မြောင်းမြကို ဖမ်းသွားတယ်။” ဟု လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမ သို့ပြောပြသည်။

ဆန္ဒပြသူ သုံးယောက် နောက်သို့ လူအုပ်ကြီး တစုကလည်း လိုက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

------------------------------

သြဂုတ် ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်

9:00 PM
နှစ်ပေါင်းများစွာ ကျင်းပလာခဲ့သော အမျိုးသားညီလာခံ ယနေ့တွင် ပြီးဆုံး
အမျိုးသား ညီလာခံ ယနေ့ ပြီးဆုံးသွားပြီ ဖြစ်သည်။ ညီလာခံ ကိုယ်စားလှယ်များ အနက် ၁၉၉၃ ခုနှစ်မှစပြီး တက်ရောက်ခဲ့သော ကိုယ်စားလှယ် များအား ကားပါမစ်များ ချပေးမည် ဖြစ်သော်လည်း ၂ဝဝ၃ ခုနှစ်မှ ဝင်ရောက်ခဲ့သော ကိုယ်စားလှယ်များကိုတော့ ပါမစ် မပေးသောကြောင့် အချို့ က မကျေမနပ် ဖြစ်နေကြကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

2:40 PM
ပဲခူး အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒပြသူတဦး ပြောကြားချက်

“ကျနော်တို့ ပဲခူးမှာ ၂၇ ရက်နေ့ နောက်ပိုင်းကနေ စပြီးတော့ အခုအချိန်ထိပေါ့၊ တမြို့လုံး အနေအထား ဆိုလို့ရှိရင် ကျောင်းတို့၊ အထူးသဖြင့် ကောလိပ်တို့၊ ဘုရားတို့၊ အဲဒီ တောက်လျှောက်မှာတော့ တောက်လျှောက် ဆိုသလိုပဲ၊ နောက်ပြီးတော့ အထူးသဖြင့် ဒီလို လှည့်လည် ဆန္ဒပြတဲ့ လူတွေပေါ့။ အဲဒီ လူတွေရဲ့ နေရာတွေရဲ့ တောက်လျှောက်မှာဆို တော်တော်များတယ်။ အဲ လွတ်တော် ကိုယ်စားလှယ် အိမ်တို့လို၊ ဆုတောင်း လှည့်လည် ကြတဲ့လူတွေ နေရာပေါင်းစုံ ဆိုလို့ရှိရင် တော်တော်လေးကို တင်းတင်းကြပ်ကြပ် ချထားတယ် စောင့်ကြည့်တာတွေပေါ့နော်။”

“အဖမ်းအဆီးကတော့ အခုအချိန်ထိ ကျနော်တို့ ဆက်သွယ် နေတာတော့ လေးမြို့နယ်က ဆက်သွယ်နေတာ လေးမြို့နယ်က ဆက်သွယ်ပြီး တယောက်မှ အဖမ်းအဆီးတော့ မရှိဘူး။ ဒါပေမယ့်လို့ လုပ်တတ်တဲ့ အိမ်တွေ ဘာတွေမှာ ဧည့်စာရင်း စစ်တာတို့၊ ဘာတို့တော့ ဥပမာ ကျနော်တို့ ဆီမှာ ဧည့်စာရင်း မနေ့ညက ဝင်စစ်တယ်၊ ဧည့်စာရင်း ဝင်စစ်တယ် ဆိုတာကလဲ အကြောင်းပြချက် တခုပါ။ ရန်ကုန်က ဟိုမှာ ပျောက်နေတဲ့ ကိုဌေးကြွယ်တို့ အုပ်စုတွေကို သူတို့ ဓါတ်ပုံတွေနဲ့ လာရှာနေတဲ့ သဘောပဲ။ အဲဒါတွေက နေရာ တော်တော်များများမှာ လုပ်တယ်။”

“ပြည်သူ အနေအထား ပြောမယ်ဆိုရင် ပဲခူး အနေအထား ကောင်းပါတယ်။ ဘာလဲဆိုတော့ ပြည်သူကလဲ ကျနော်တို့နဲ့ တသားတည်း ရှိနေတယ်။ တော်တော်များများ အားနဲ့အင်နဲ့ ကျနော်တို့ကို အားပေးတာ ရှိတယ်။ ထောက်ခံတာ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီလို လုပ်တာအတွက်လဲ အခု တော်တော်များများ ကျနော်တို့ဆီကို အားပေးတာ ရှိပါတယ်။ ကျနော်တို့ စလုပ်တဲ့ နေ့ကလည်း လူတွေ အင်နဲ့အားနဲ့ ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကို ဖမ်းပြီးတော့ ကျနော်တို့ကို ဖမ်းတာ မဟုတ်ဘူး ကျနော်တို့ကို ညှိနှိုင်းမယ် ဆိုပြီးတော့ မဝတထဲကို သွင်းတဲ့ အချိန်မှာလည်း လူထုအင်အားဟာ ဘေးမှာ သောင်းငါးထောင်လောက် ရှိတယ်။ ကျနော်တို့ကို ထုတ်ပေးဖို့ ဘာညာ အဲဒီ လောက်ထိ အပြင်မှာ ပြောနေတာ ကြားတယ်လေ။ ဒါပဲခူး အနေနဲ့ ဒါထူးခြားချက်ပဲ။ အထဲကို ဝင်တဲ့ အချိန်မှာ ကျနော်တို့ အပြင်ဘက်ကနေ စောင့်နေတယ် ဆိုတဲ့ အင်အားဟာ နည်းနည်းနောနောအား မဟုတ်ဘူး။”

12:35 PM
ကျောက်ပန်းတောင်းမှာ အေးအေးဆေးဆေး

“လုံခြုံရေးကတော့ ထူးထူးခြားခြား မရှိဘူးဗျာ။ ဒါပေမဲ့ မနေ့က လူကြီးတွေ၊ မဝတ (မယက) ရုံးကို လာတယ်လို့ ကြားတယ်။ ဒါပေမဲ့ သေချာတော့ အတိအကျ မသိဘူးနော်။ ကျန်တာတွေတော့ လုံခြုံရေးတွေ၊ ဘာတွေ ချထားတာ သိပ်မရှိဘူးဗျာ ။ ဘာဖြစ်လို့လဲ မသိဘူး။ ထူးထူးခြားခြား မရှိဘူး။” ဟု ကျောက်ပန်းတောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှုး ကိုမြင့်လွင်က ပြောသည်။

12:32 PM
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ယောက်ကို အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင် ထားပြီး ကျန်သူများကို ကျိုက္ကဆံ၊ အောင်သပြေ၊ တပ်ရင်း ၅ နှင့် ၃ တို့တွင် ခွဲ၍ ချုပ်နှောင်ထားသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်အရ သိရသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

11:55 AM
စစ်ကြောရေးစခန်းမှာ အစာငတ်ခံ ဆန္ဒပြနေပြီ

ကျိုက္ကဆံ စစ်ကြောရေး စခန်းအတွင်း ကုန်ဈေးနှုန်းနှင့် အထွေထွေအကြပ်အတည်း ဆန္ဒပြသူများက ယမန်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြလျှက် ရှိသည်။ အဖမ်းခံထားရသူထဲမှ ခြေထောက် ကျိုးနေသူတဦးကို စနစ်တကျ ဆေးကုသပေးခြင်း မရှိသည့်အတွက် ကျန်လူများ မခံမရပ်နိုင် ဖြစ်ကြပြီး အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“သူတို့က အစာငတ်ခံ ဆန္ဒပြတာက မနေ့ ညနေကတည်းကနေ စပြီး ဆန္ဒပြတာပါ။ ကိုဦးဝေရဲ့ ခြေထောက်က ကျိုးသွားတယ်ရှင်။ ကိုဦးဝေ ခြေထောက် ကျိုးတာကို ဒီကျိုက္ကဆံ စစ်ကြောရေး စခန်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေပြီးတော့ ကျန်းမာရေး ဆရာနဲ့သာ ပြပေးတယ်။ ခြေထောက် ကျိုးတာကို ကျောက်ပတ်တီးတွေ မစီးပေးဘူး။ အရိုး အထူးကုနဲ့လည်း မပြပေးဘူးပေါ့။ ဆေးရုံတွေ တင်ပြီးတော့ ဆေးဝါး ကုသပေးခြင်း မရှိတဲ့အတွက် ကျန်တဲ့ လူတွေက နေပြီးတော့ ကိုဦးဝေ ခံစားနေရတာကို မကြည့်ရက်နိုင်တဲ့ သူတွေကနေပြီးတော့ အစာငတ်ခံ ဆန္ဒပြတယ်။” ဟု ရန်ကုန်မြို့နေ တက်ကြွ လှုပ်ရှားသူ တဦးက ပြောပြသည်။

ကျိုက္ကဆံ စစ်ကြောရေး စခန်းတွင် ထိန်းသိမ်းထားသူပေါင်း ၆ဝ ကျော်ရှိသည်။

11:35 AM
ဥပဒေမဲ့ လူဖမ်းပွဲနှင့် မနီလာသိန်း

“မနီလာသိန်း ရှောင်နေတဲ့ နေရာကို ဝင်စစ်တော့ မနေ့ည ဆိုလို့ရှိရင် ညမိုးချုပ်တဲ့အထိ ၉နာရီ လောက်ထိ လမ်းမပေါ်မှာ လျောက်သွားနေရတယ်။ သူ့အိမ်ကို လိုက်ရှာလို့လေ သူ့အိမ်ဆိုတာ သူနေတဲ့ အိမ်မဟုတ်ဘူး။ သူရှောင်နေတဲ့ အိမ်ကိုပေါ့နော်။ နေရေးထိုင်ရေးကအစ သူတော်တော် အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ အာဏာပိုင်တွေက ဝင်ရှာတော့ နာမည်တွေမေးဖို့ နေနေသာသာ၊ သူ့ဘာသာသူတောင် အလွတ် ရုံးလာရတာ။ အခုနောက်ပိုင်း သူတို့က ပိုက်စစ်တိုက်ပြီးတော့ကို ဖြစ်နေကြတယ်။ မနေ့က သုံးခါလောက် လာစစ်တယ်။ အဲဒီ တနေရာထဲ လုံးဝ မလုံခြုံဘူး ဖြစ်နေတယ်။ သူ့အတွက်လေ။ တနှစ်ကလေးအရွယ် သမီးလေးကိုတောင် နို့ဖြတ်ထားတဲ့ အတွက် သူဖျားနေတာ။ ကလေးနို့တိုက်ချိန် မတိုက်ရတော့လေ။ ကလေးကိုလည်း သူသတိရနေတယ်။ အခုလောလောဆယ် ကလေးက သတ်သတ်၊ သူက သတ်သတ် ဖြစ်နေတယ်လေ။” ဟု မနီလာသိန်း၏ သူငယ်ချင်းဖြစ်သူ မဖြူဖြူသင်းက ပြောပြသည်။

“အခုလောလောဆယ် အာဏာပိုင်တွေက ဘယ်လိုပုံစံတွေ လုပ်နေလဲ ဆိုတော့ ဘာတွေမှန်းလည်းမသိဘူး။ အိမ်တွေမှာ တက်ရှာပြီး ယူနီဖောင်းလဲ မဝတ်ထားကြဘူး။ ရိုးရိုး အဝတ်အစားတွေနဲ့ဘဲ။ ကျမတို့က မေးတော့ ကျနော်တို့က တာဝန်ရှိတဲ့ လူတွေပါလို့ ပြောပြီးတော့ သူတို့ လုပ်နေကြတာပဲ။” ဟု သူမ က ထပ်ပြောသည်။

-----------------------

သြဂုတ် ၃၀ ရက်၊ ၂ဝဝ၇ ခုနှစ်

5:18 PM
ကျောက်ပန်းတောင်း ဆန္ဒပြပွဲနှင့် ပတ်သက်၍ ကျောက်ပန်းတောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်စည်းက ကိုဇော်ဝင်း ပြောပြချက်

“ကျနော်တို့ အန်အယ်ဒီ အဖွဲ့ဝင်တွေ ဦးဆောင်ပြီးတော့ လူ ၂ဝ ပတ်ဝန်းကျင်လောက်ပေါ့။ ရုပ်ရှင်ရုံ ရှေ့အတိုင်း ဈေးလမ်းကို သွားပြီးတော့ ဈေးကို ရောက်တယ်လေ။ ဈေးကနေ တဆင့် ကျနော်တို့ ဆုတောင်းပြည့် စေတီ ဘုရားထဲကို သွားပြီးတော့၊ ဆုတောင်းပြီးတော့ ကျနော်တို့ ပြန်လာကြတာပဲ ။ ပြည်သူထဲကလည်း ပါတယ်ပေါ့ ၄-၅-၆ ယောက်လောက် ပါတယ်ပေါ့ ။ အဲဒီမှာ မယကရုံး ရှိတယ်လေ။ အဲဒီ မယကရုံး အရှေ့မှာ ကျနော်တို့ မယက ဥက္ကဌတို့၊ ယရက အဖွဲ့နဲ့ ရဲတွေက အဲဒီမှာ ကျနော်တို့ အဖွဲ့ရဲ့ နောက်ကို လိုက်ပြီး တားပါတယ်။ တယောက်မှ ဒီနားက မသွားရဘူး၊ ဟိုဘက်က တခြားလမ်းကို သွားရမယ်။ ဘာညာနဲ့ တားဆီးတယ် ခင်ဗျာ။ ဘုရားကိုတော့ ရောက်အောင် သွားတယ်လေ၊ သွားပြီးတော့ ကျနော်တို့ ဒေါ်အောင်ဆန်း စုကြည်တို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ကိုမင်းကိုနိုင် လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး အော်တာတို့ ဆုတောင်းတာတို့၊ ဆုတောင်းပြီးတော့ ဒီလိုဘုရားကို ပတ်ပြီးတော့ ကျနော်တို့ ပြန်လာကြတာပဲ။”

“ပြန်လာတော့ ရယကရော ရဲတွေရော ကြံ့ဖွံ့တွေရော သူတို့က ကျနော်တို့ လူထက်တောင် သူတို့က အများကြီး ရှိတယ်။ ၆ဝ- ၇ဝ ဆယ်လောက် ရှိတယ် ။ ရဲကလည်း အရပ်ဝတ်တွေနဲ့ ပါတယ်။ နောက်ပြီးတော့ ကြံ့ဖွံ့တွေ ပါတယ်။ စွမ်းအားရှင်တွေ ပါတယ်။”

“မရက ဥက္ကဌက ကျနော်တို့ တချို့လူတွေကို တားပြီးတော့၊ နင်တို့ ဒီလမ်းက မသွားရဘူး။ တားပြီးတော့ ဘာပြောတုံး ဆိုတော့ စွမ်းအားရှင် တွေကို ခေါ်လိုက်၊ ဖမ်းပြီး ထောင်းလိုက်၊ ဘာညာ အဲလိုတော့ ပြောတယ်ဗျာ။ အဲဒီမှာတင် ကျနော်တို့ ဘေးနားက ဈေးသူဈေးသားတွေနဲ့ ဈေး အလုပ်သမားတွေက စိတ်ဝင်တစား ဝိုင်းပြီးတော့ ကြည့်နေကြတာပေါ့ဗျာ။ များလာတာထက် များလာတာပေါ့။ ပတ်ဝန်းကျင်မှာ ဆိုလို့ရှိရင် ရပ်ကြည့်နေကြတာကော ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ နီးကပ်တဲ့ နေရာကို ရောက်လာပြီးတော့ လူလေးငါးဆယ်လောက် ရှိတယ်။”

5:18 PM
ရန်ကုန်တိုင်း လသာမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးတွင် ယနေ့ နေ့လည် ၁ နာရီခန့်က ဆန္ဒပြပွဲ ဖြစ်တော့မည်ဟု ဆိုကာ ဈေးသည်များနှင့် ဈေးဝယ်သူများ အပြေးအလွှား ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဈေးအတွင်းရှိ ရွှေဆိုင်များလည်း စိုးရိမ်ကြကာ စောစီးစွာ ဆိုင်ပိတ်လိုက်သဖြင့် အခြားဆိုင်များလည်း ဆက်တိုက်လိုလို လိုက်ပိတ်ကုန်သည်ဟု ဈေးသည်များက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် စစ်သား ၃ ယောက် ပြေးဝင်သွားပြီး၊ လူအချို့က ဆန္ဒပြမည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဆိုင်အချို့ စောစီးစွာ ပိတ်သွားသည်။ ဈေးအပေါ်ထပ်မှ လူအများ ဝိုင်းအုံ ကြည့်နေခဲ့ကြသည်ဟု တက္ကစီ ကားမောင်းသူ တဦးက ပြောသည်။

5:00 PM
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဦးဆောင်ပြီး လူ (၂ဝ) ခန့်က ယနေ့ နံနက် ၁ဝ နာရီတွင် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

4:42 PM
ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် အိမ်အမှတ် ၉၂ တွင် နေထိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးမြတ်လှ နေအိမ်သို့ ယမန်နေ့ည ၁၁ နာရီခန့်တွင် ရဲများ အပါအဝင် အရပ်ဝတ်များဖြင့် လူဦးရေ ၂ဝ ခန့်က ရန်ကုန်မှ ကျောင်းသားများ ထွက်ပြေး တိမ်းရှောင်လာသည် ဆိုကာ ဓာတ်ပုံများကို ပြသကာ ဧည့်စာရင်း ဝင်စစ်ခဲ့သည်။ တဦးတယောက်မျှ ဖမ်းဆီးရမိခြင်း မရှိပါ။

4:11 PM
၈၈ ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုဌေးကြွယ်၊ ကိုမျိုးကြီး (ခ) ကိုအောင်မျိုးတင့်၊ မနီလာသိန်း၊ ကိုလှမျိုးနောင်၊ ကိုအောင်နိုင်နှင့် ကိုသန်းတင် တို့၏ ဓာတ်ပုံများ ဖြန့်၍ စစ်ဘက်၊ ရဲဘက်က ရှာဖွေလျှက် ရှိသည်ဟု သိရသည်။

“သူတို့တွေက လုံခြုံရေးကတော့ မြို့နယ်အလိုက် ပြန်ချနေတာ တွေ့ရတယ်။ အရင်တုန်းက ဆိုလို့ရှိရင် လမ်းတွေပေါ်မှာ အကုန်လုံး ချထားတယ်။ အခုတော့ သူ့မြို့နယ်အလိုက် ဆိုတော့ ဟို မစုစုနွေးဆိုရင် ရန်ကင်းမှာ၊ ရန်ကင်းက ရယက ရုံးကို တာဝန် ပေးထားတယ်။ သူနေခဲ့တဲ့ နေရာတွေမှာ ပေါ့နော်။ မနီမွန် သင်္ဃန်းကျွန်း၊ ကျမဆိုရင် တောင်ဥက္ကလာ အဲလိုမျိုးပေါ့နော်၊ သူ့မြို့နယ်အလိုက် ပြန်လုပ်တာ တွေ့ရတယ်။ အခု လောလောဆယ် အခြေအနေကတော့ ကျမတို့ နောက်က လမ်းမှာဆိုရင် သုံးလေးယောက်လောက် လိုက်တာတွေ ရှိတယ်။” ဟု မဖြူဖြူသင်းက မဇ္ဈိမ သို့ ပြောပြသည်။

3:37 PM
ကိုသိန်းအောင်မြင့်၏ မြောက်ဥက္ကလာပ မြို့နယ်ရှိ နေအိမ်နှင့် အနီး ပတ်ဝန်းကျင် အိမ်များကို ယမန်နေ့ညက ရဲက ဧည့်စာရင်း စစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ရှိ၊ မရှိ လာရောက် ရှာဖွေ သွားကြသည်။ မိန်းကလေးများ အိပ်သော ခြင်ထောင်ပင်လျှင် အတင်းလှန်ကြည့်ကာ ပိုက်စိတ်တိုက် စစ်ဆေးမှု ပြုသွားခဲ့သည်။

3:31 PM
ရခိုင်ပြည်နယ် စစ်တွေမြို့၌ သံဃာတော်များက ဦးဆောင်ပြီး ကုန်ဈေးနှုန်းကျရေး ဆန္ဒပြ တောင်းဆိုပြီးနောက် လုံခြုံရေးများကို တင်ကြပ်စွာ ဆက်လက် ချထားသည်ဟု ဒေသခံများက ပြောပြသည်။

စစ်ဝတ်၊ အရပ်ဝတ်များ ပါဝင်သော လူ (၄၊ ၅) ယောက်စီ အဖွဲ့များကို လုံခြုံရေးအဖြစ် လူစည်ကားရာ နေရာများနှင့် လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် တချို့လမ်းများတွင် သံဆူးကြိုးများ ချထားသည်။

“မနေ့ကတော့ နေရာ တော်တော်များများမှာ ချထားတာ ဝင်္ကဘာကွင်းနားတို့ ဦးဥတ္တမ ပန်းခြံနားတို့မှာပါ ချထားတာ ဒီနေ့တော့ သံဆူးကြိုးတွေကတော့ ပြည်တော်သာ ရပ်ကွက်ဘက်မှာ ချထားတယ်။ ကျန်တဲ့ နေရာတွေမှာတော့ မရှိတော့ဘူး။” ဟု ဦးသိန်းက စစ်တွေမှ မဇ္ဈိမသို့ တယ်လီဖုန်းဖြင့် ပြောသည်။

3:12 PM
ရန်ကုန်တွင် ဆန္ဒပြပွဲ ဦးဆောင်နိုင်ဖွယ်၊ စုစည်းနိုင်ဖွယ် ရှိသူများ၏ ဓာတ်ပုံများကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများတွင် ဖြန့်ထားပြီး လိုက်လံ ရှာဖွေလျှက် ရှိသည်ဟု စုံစမ်း သိရှိရသည်။

3:03 PM
ရန်ကုန် အခြေအနေနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်သိန်း ပြောပြချက်

“ရန်ကုန်မှာတော့ လုံခြုံရေးတွေ လှည့်နေတယ်။ စစ်ကားတွေ လှည့်နေတယ်။ လမ်းဆုံ၊ လမ်းခွတွေမှာ အရပ်ဝတ်နဲ့ ပြည်သူတွေ ရှိတာပေါ့။ သူ့ (စစ်အစိုးရ) လူတွေ စီစဉ်ပြီးတော့ နံဘေးအိမ်တွေမှာ ရှိနေတယ် သူ့လူတွေ။ ပိုက်ဆံ ပေးပြီးတော့ ခေါ်ထားတဲ့ ကောင်တွေပေါ့။ သူတို့ စတန်းဘိုင် ပုံစံမျိုး သူတို့ချထားတယ်။”

“အရေးကြီးတာက ငြိမ်တယ် ဆိုတာဟာ ပြည်သူလူထု ဒုက္ခတွေ ခံစားနေရရင်တော့ ငြိမ်မှာမဟုတ်ဘူး။ ပြည်သူတွေ ဆင်းရဲဒုက္ခက လွတ်ရင်တော့ ငြိမ်မှာပဲ။ အဲဒါ ရေရှည် အားလုံး အဆင်ပြေသွားဖို့ လိုတာပါပဲ။”

2:58 PM
မြန်မာလူထုကို လက်တွေ့ကျကျ ကူညီရန် အာရှ-ပစိဖိတ် သွေးစည်းညီညွတ်ရေး ညွန့်ပေါင်းပြော

ဆန္ဒပြ၍ အဖမ်းခံရသူပေါင်း ၁ဝဝ ကျော်သွားနေစဉ် အာရှ-ပစိဖိတ် သွေးစည်းညီညွတ်ရေး ညွှန့်ပေါင်းအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာပြည်သူများကို အကူအညီ ထောက်ပံ့မှုများ ပေးကြရန် တိုက်တွန်းလိုက်သည်။

The Asia Pacific Solidarity Coalition (APSOC)၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် အာဆီယံ အဖွဲ့ကြီးနှင့် ကမ္ဘာ့ ကုလသမဂ္ဂတို့ကို မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လျှက်ရှိသော ဖမ်းဆီး နှိပ်စက် နေမှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုလိုက်သည်။

“အာဆီယံနဲ့ ယူအန်အနေနဲ့ ကြေညာချက်တွေချည်းပဲ ထုတ်မယ့်အစား တခုခု လုပ်သင့်နေပြီ။ စစ်တပ်က အကြီးအကျယ် ဖြိုခွင်းနေသည်။ မြန်မာ စစ်အစိုးရက သူ့လူထုကို တရကြမ်း ဆွဲခေါ်၊ ဖမ်းချုပ်ပြီး နှိပ်စက်နေတာတွေကို ကမ္ဘာက ထိုင်ကြည့်နေရုံ၊ တိတ်တိတ်ကလေး စောင့်ကြည့်နေရုံနဲ့ မဖြစ်တော့ဘူး။” ဟု အာရှ-ပစိဖိတ် သွေးစည်း ညီညွတ်ရေး အဖွဲ့မှ ဂပ်စ်မစ်က်လပ်က ထည့်သွင်း ပြောဆိုထားသည်။

1:13 PM
မိုးကုတ်မှာ လုံခြုံရေးတွေ ရှင်လောင်းလှည့်သလို

မိုးကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးလှဦး က မဇ္ဈိမ သို့ ပြောပြချက်

“လုံခြုံရေးကတော့ တင်းတင်းကြပ်ကြပ် ချထားတယ်လေ။ ရဲတွေရော နောက် မယက တွေရော စစ်တပ်တွေရော ရှင်လောင်း လှည့်နေကျတယ်ပေါ့ သူတို့က။ သူတို့က အဆင်သင့် လုပ်ထားတယ်။ မြို့ထဲကို ကားတွေနဲ့ လှည့်တာတွေ အဲ စောင့်ကြည့်တာတွေ ရယက ရုံးတွေမှာ ရယကတွေ ခေါ်ထားတာတွေ အဲဒီ ပုံစံမျိုးနဲ့ပဲ။”

“ဖမ်းဆီးတာတွေ မရှိပါဘူး ခင်ဗျာ။ ကျနော်တို့ကို ညှိမယ်လို့ သူတို့ ခေါ်ယူပြီးတော့၊ တွေ့ဆုံ ဆွေးနွေး ကြည့်ပြီးတော့ ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်စွမ်းပေးပါမယ် ဆိုပြီးတော့ ပြောတယ်လေ။ ပြောတော့ ကျနော်တို့ကို မလုပ်ဖို့၊ လုပ်ရင်လည်း သူတို့နဲ့ညှိနှိုင်း တိုင်ပင်ပြီးတော့မှ ဆောင်ရွက်ဖို့ အတတ်နိုင်ဆုံးသူတို့က ကူညီပေးပါမယ်၊ ဆောင်ရွက်ပေးပါမယ်၊ အဲဒီလိုပြောတယ် ။

“ရန်ကုန်-မန္တလေး အခြေအနေကို စောင့်ကြည့်နေတာပေါ့။ အခြေအနေ အရပေါ့ဗျာ။ အဲဒါကတော့ ကျနော်တို့ကလည်း ဆက်လုပ်ဖို့ကို နည်းနည်းတော့ စဉ်းစားရတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို ဆက်လုပ်ရမှာပဲ။”

---------------------------

ပြည်တွင်းလေကြောင်း လက်မှတ်ဈေးနှုန်းများ တက်ပြီ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်တွင်း လေကြောင်းလိုင်း ၃ ခုကလည်း ယခုလဆန်းမှ စတင်ကာ လေယာဉ်ခ ဈေးနှုန်းများကို မြှင့်တင်လိုက်သည်။

ရန်ကုန် အဲဝေး၊ အဲပုဂံ၊ အဲမန္တလေး စသည့် ပြည်တွင်း လေကြောင်းလိုင်း ၃ ခုက သြဂုတ် လကုန်ပိုင်းတွင် စုံညီ အစည်းအဝေး ပြုလုပ်ပြီး ယခုလ ၁ ရက်နေ့မှ စတင်ကာ လေယာဉ်ခ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး ခရီးစဉ်ကို ယခင်က လက်မှတ် တစောင်လျှင် ကျပ်ငွေ ၅ သောင်း ရှိခဲ့ရာမှ ယခုအခါ ၆ သောင်းခွဲ၊ ယခင်က ကျပ် ၄ သောင်း ရှိသည့် ရန်ကုန်မှ ပုဂံသို့ ခရီးစဉ်သည် ယခုအခါ ၅ သောင်း ၃ ထောင် ဖြစ်လာသည့် အပြင် ရန်ကုန်မှ ဟဲဟိုးသည် ၄ သောင်းသာ ရှိခဲ့သော်လည်း ၅ သောင်း ၃ ထောင်အထိ ဈေးတက်လာကြောင်းနှင့် ရန်ကုန်၊ မြစ်ကြီးနားနှင့် တာချီလိတ် ခရီးစဉ်သည် ၉ သောင်း ၃ ထောင်မှ ၁ သိန်း ၂ သောင်းအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု အဲမန္တလေး လေကြောင်းလိုင်းမှ အရောင်းဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“လေယာဉ်ဆီခတွေ တက်လို့ လေယာဉ်ခလည်း တက်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လေကြောင်းလိုင်း ၃ လိုင်းလုံးက လူကြီးတွေ အစည်းအဝေး လုပ်ပြီး ဈေးနှုန်းတွေကို အတူတူ သတ်မှတ်လိုက်တာပါ” ဟု သူက ဆက်ပြောသည်။

ယခုလို ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ၃ ခု၏ လေယာဉ်ခ ဈေးနှုန်းများ ထိုးတက်သွားသလို အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်းမှာမူ ဈေးတက်ရန် စီစဉ် နေကြသည်။

“ကျနော်တို့ကတော့ မတက်သေးပါဘူး။ တက်ဖို့တော့ ရှိပါတယ်။ ဘယ်တော့ တက်မယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု မြန်မာ့ လေကြောင်းလိုင်းမှ ဝန်ထမ်းတဦးက ပြောသည်။

မောင်တောက အမာခံ ပြည်သူ့စစ်များကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းပေး

ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မကြာသေးခင်က ပြန်လည် ဖွဲ့စည်းလိုက်သော မောင်တောမြို့မှ ပြည်သူ့စစ်များကို သက်ဆိုင်ရာ ဒေသခံ စစ်တပ်မှ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်း ပေးနေပြီ ဖြစ်သည်။

သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့က အရေးပေါ် ပြန်လည် ဖွဲ့စည်းလိုက်သော ပြည်သူ့စစ်များကို နယ်မြေခံတပ် ဖြစ်သည့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကြီးကြပ်မှု ဌာနချုပ် (နစက) တွင် ၃ ရက်ကြာ သင်တန်း ပို့ချနေခြင်း ဖြစ်သည်။

“သင်တန်းမှာ ဆရာကြီးက ပြောပြတာကတော့ ဆန္ဒပြတဲ့လူတွေ အော်ရင် ကျနော်တို့ အဖွဲ့တွေကလည်း ခြိမ်းခြောက်တဲ့ သဘောနဲ့ သူတို့ထက် ပိုကျယ်အောင် အော်ရမယ်။ နောက်ပြီး လက်တွေ့ သင်တန်းမှာ ကျတော့ ဒိုင်းလို ပုံစံတခုနဲ့ တုတ်ကို လက်က ကိုင်ပြီးတော့ ဘယ်လိုရိုက်ရမယ် ဆိုတာမျိုးတွေ သင်ပေးတယ်” ဟု အမည်မဖော်လိုသူ သင်တန်းသား တဦးက မဇ္ဈိမကို ပြောသည်။

ယခုသင်တန်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး မောင်တောတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ် အင်အားကို နှစ်သုတ်ခွဲကာ ပို့ချ သင်ကြားသွားမည်ဟု မောင်တောမြို့မှ ရယက ဥက� ဌ တဦးကလည်း ပြောပြသည်။

သူက “အခု သင်တန်းပေးနေတဲ့ လူတွေက မကြာသေးခင် နှစ်ရက်၊ သုံးရက်က ပြန်လိုက်တဲ့ အမာခံ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို သင်တန်း ပေးနေတာပါ။ မောင်တောမှာ ဆန္ဒပြပွဲတွေ ဖြစ်လာရင် ထိန်းနိုင်အောင်လို့ပါ” ဟု ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က မောင်တောမြို့ပေါ်ရှိ ရပ်ကွက် ၉ ခုကို တရပ်ကွက်လျှင် အမာခံ ပြည်သူ့စစ် ၁၁ ဦးစီ ဖွဲ့စည်းခဲ့ပြီး ယခုလို စီစဉ်မှုသည် နယ်စပ် လုံခြုံရေးအတွက် ပြင်ဆင်မှု ဖြစ်သလို အခြား တဖက်တွင်လည်း မြို့အတွင်း အေးချမ်း သာယာရေး အတွက် ဖြစ်သည်ဟု နစက တပ်ဖွဲ့မှ တပ်ကြပ်တဦးက ပြောသည်။

မောင်တောမြို့နယ်အတွင်း အရေးကြီး နေရာများဖြစ်သော မီးစက်ကြီး၊ မြန်မာ့ ရေနံ ကော်ပိုရေးရှင်းရုံးနှင့် ဂိုဒေါင်များတွင် သြဂုတ်လ ၃ဝ ရက်နေ့မှ စတင်ကာ မောင်တောရဲများကို လုံခြုံရေး ချထားနေကြောင်း မောင်တောမှ ကိုသက်နိုင်ထွန်းက ပြောသည်။

သို့သော် မောင်တောမြို့တွင် ဆန္ဒပြမည့် အခြေအနေ မမြင်ရကြောင်း သူက ဆက်လက် ပြောသည်။

သူက “အခုလောလောဆယ် ကျနော်တို့ မြို့မှာ ဆန္ဒပြမယ့် အခြေအနေ မရှိသေးဘူး။ ပြည်သူတွေကတော့ အေးအေးဆေးဆေးပဲ။ ရေဒီယိုကိုပဲ အဓိက အာရုံစိုက် နားစွင့်နေကြတယ်” ဟု ပြောသည်။

ရခိုင်မှာ ကုန်ဈေးနှုန်း ကျဆင်းရေး တကိုယ်တော် ဆန္ဒပြသူ

ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ကုန်ဈေးနှုန်းကျရေး ဆန္ဒပြသည့် ပြည်သူ တဦးကို ရဲက ဖမ်းဆီး ထိမ်းသိမ်း လိုက်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။

ယနေ့နံက် (၈) နာရီချိန်တွင် ဘူးသီးတောင်မြို့၏ လူစည်ကားရာ နေရာဖြစ်သော သင်္ဘောဆိပ်တွင် ကုန်းဈေးနှုန်း ကျဆင်းရေး တောင်းဆိုထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ တကိုယ်တော် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ ဆိပ်ကမ်း အလုပ်သမား ကိုခိုင်ထွန်းက ပြောသည်။

“သင်္ဘောဆိပ်မှာက စစ်တွေသင်္ဘော ထွက်ခါနီး အချိန်ဖြစ်တော့ လူတွေကလည်း အများကြီး အဲ့ဒီလူရဲ့ ပါးစပ်ကလည်း (ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး ဒို့အရေး) လို့ အော်ပြီး ဆန္ဒပြတဲ့ အခါကျတော့ လူတော် များများက ဝိုင်းပြီးတော့ အားပေးနေကြတယ်။ လက်ခုတ်တွေ တီးကြတယ်” ဟု ကိုခိုင်ထွန်းက မဇ္ဈိမသို့ ပြောသည်။

ကုန်းဈေးနှုံး ကျဆင်ရေး ဆန္ဒပြ တောင်းဆိုနေသော ဘူးသီးတောင်မြို့မှ ကိုဘူမောင် (ဘ) ဦဘုသျှေကို နံက် (၈၊ ၃ဝ) ချိန်တွင် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ကိုဘူမောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

“ဆန္ဒပြလို့ နာရီဝက်လောက် အကြာမှာပဲ ရဲ (၅) ယောက်လောက်ပါတဲ့ စခန်းမှူးနဲ့ အဖွဲ့ ရောက်လာပြီး ကားပေါ်ကို ဆွဲတင်သွားတာဘဲ။ ဘူးသီးတောင် ရဲစခန်းမှာ ချုပ်ထားတယ်လို့ ကြားရတယ်” ဟု ၄င်းနီးစပ်သူက ပြောသည်။

ယခုအခါ ဘူးသီးတောင် အခြေစိုက် ခမရ (၂၃၄) မှ စစ်သားများသည် မြို့နယ် မယကရုံး၌ အင်အား (၁ဝဝ) ခန့် တပ်စွဲထားပြီး မြို့ပေါ် ရပ်ကွက်များသို့ (၄/၅) ယောက်တဖွဲ့စီ လှည့်လည် စောင့်ကြည့်လျှက် ရှိကြောင်း ဘူးသီးတောင်မှ ဦးဝင်ကိုက ပြောသည်။

စစ်ဗိုလ်က အရပ်သားတဦးကို အကြောင်းမဲ့ ရိုက်နှက်

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ နန်းဖာလုံ ကျေးရွာရှိ မြို့မ ၁၂ ရပ်ကွက်တွင် နေထိုင်သူ ရွာစော် ဦးငမ်လက် (Pa Ngam Let) (၄၅ နှစ်) ကို ပြီးခဲ့သည့်လ ၂၉ ရက်နေ့က အာဏာပိုင်များမှ နေအိမ်အတွင်း ဝင်ရောက်ကာ အကြောင်းမဲ့ ရိုက်နှက်ခဲ့သဖြင့် တမူးမြို့ ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသ ခံယူနေရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်က ဗိုလ်ဝင်းထွန်းနှင့် အဖွဲ့သည် ၁၂ ရပ်ကွက်အတွင်း ကင်းလှည့်ရာတွင် လမ်းပေါ်၌ တွေ့ရှိသည့် ရွာသား ၃ ဦးကို စစ်ဆေး မေးမြန်းနေစဉ် ရွာစော် ဦးငမ်လက်မှ ကြားဝင် ဖြန်ဖြေခဲ့သည်ကို မကျေနပ်သဖြင့် ည ၁ဝ နာရီခန့်တွင် သူ၏ နေအိမ်အတွင်း အတင်း ဝင်ရောက်ကာ ပါလာသည့် သေနတ် ကျည်ကပ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းနှင့် မျက်ခွံတွင် ဒဏ်ရာရရှိကာ တမူးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသ ခံနေရခြင်း ဖြစ်သည်။

“မိသားစုတွေ အိပ်နေတဲ့အချိန်၊ အိမ်တံခါးကို ခြေထောက်နဲ့ အတင်း ကန်ချိုးပြီးတော့ ဝင်လာတယ်။ စုစုပေါင်း ၅ ယောက်ပါတယ်။ အိပ်နေတဲ့ ကုတင်ပေါ်ကနေ ဆွဲချပြီးတော့ ကျည်ဆံတောင့် ထည့်ထားတဲ့ အိတ်နဲ့ ခေါင်းကို ရိုက်တာ။ သူ လဲကျသွားတယ်၊ သတိ မေ့သွားတယ်။ ပြီးတော့ မျက်ခွံ ကွဲသွားတယ်။ ဆေးရုံ ရောက်မှပဲ သတိပြန်ရတော့တယ်” ဟု မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ရိုက်နှက်မှု ဖြစ်ပွားနေစဉ် ဇနီးဖြစ်သူ ဒေါ်ဟတ်ခိုနင် (Nu Hat Kho Neng) သည် သတိမေ့မြောကာ လဲကျခဲ့သည်။

“အဲဒီဗိုလ်က လာတောင်းပန်တယ်။ သူ့ကို ဘာမှ မလုပ်ဖို့တော့ လာပြောတယ်။ ဒါပေမဲ့ ကာယကံရှင်ရဲ့ ဇနီးကတော့ မြို့နယ်ရုံးမှာ တရားစွဲမယ်လို့ ပြောတယ်” ဟု ဆွေမျိုးသားချင်း တဦးကလည်း ပြောပြသည်။

အဆိုပါ ဒေသအတွင်း စစ်အာဏာပိုင်များမှ အရပ်သူ အရပ်သားများ အပေါ် မကြာခဏ ဆိုသလို ပုံစံ အမျိုးမျိုးဖြင့် အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်နေသဖြင့် မယက အာဏာပိုင်များမှ တရား စွဲဆိုမည်ဟု ပြောဆိုလေ့ ရှိသော်လည်း လက်တွေ့တွင်မူ စစ်ဘက် အရာရှိများကို အခြား မြို့နယ်များသို့ ပြောင်းရွှေ့ တာဝန်ပေးခြင်းမျိုးသာ ဖြစ်ပေါ်လေ့သည်ဟု သိရသည်။