Saturday 16 June 2007

ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် မြန်မာအမျိုးသမီးတဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ

မုံပီး၊ ကိုဒီး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် နယူးဒေလီရှိ မြန်မာ အမျိုးသမီးသည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိကာ ဆပ်ဒါးဂျင်း ဆေးရုံတွင် တက်ရောက် ကုသနေရသည်။

ယခုလ ၆ ရက်နေ့က နယူးဒေလီ အနောက်ပိုင်းခရိုင် ဂျနပ်ပူရီ အရပ်ရှိ အထည်အလိပ် လုပ်ငန်းတွင် လုပ်ကိုင်နေသူ ချင်း တိုင်းရင်းသူ တဦးသည် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာ ဝေဒနာ ခံစားရပြီး ဆပ်ဒါးဂျင်း ဆေးရုံသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ယခုကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ချင်းအမျိုးသား ဦးပါစော အဆိုအရ အမျိုးသမီးငယ် ဒဏ်ရာ ရရှိမှုနှင့် ဆေးရုံသို့ တင်လိုက်ရသည့် အကြောင်းကို သူမ၏ မိသားစုနှင့် အသိုင်းအ၀ိုင်းက ချက်ချင်း မသိရှိခဲ့ရဟု သိရသည်။

“ရာ့ဂ်ျဆိုတဲ့ လူတယောက်က ကောင်မလေးရဲ့ သူငယ်ချင်း မကင်မ်ကို အလုပ်ရုံမှာ လာခေါ်တယ်။ ဒီလို ကနေပဲ ကျနော်တို့တွေ အဖြစ်အပျက်ကို သိရဖို့ ဖြစ်လာတာပါ” ဟု ဦးပါစောက မဇ္ဈိမကို ပြောသည်။

ရာ့ဂ်ျက အမျိုးသမီးငယ်၏ ဖြစ်ရပ်ကို မကင်မ်ကို ပြောပြရာတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျပြီး မတော်တဆ ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။

ဆေးရုံ တင်ထားရသော အမျိုးသမီးသည် သတိကောင်းစွာ မရဘဲ၊ စိုးရိမ်နေရသော အခြေအနေတွင် ရှိသည်ဟု သိရသည်။

ဒေလီ အနောက်ပိုင်း ရဲတပ်ဖွဲ့က ရာ့ဂ်ျနှင့် ဘတ်စ်ကား မောင်းသူကို ဖမ်းဆီးခဲ့ပြီး၊ မတော်တဆ ဖြစ်ပွားမှု ဖြစ်သည်ဟု အတည်ပြု ပြောဆိုသော်လည်း ယခု အချိန်အထိ ဆေးစစ်ချက် ထွက်မလာ သေးသဖြင့် အခင်း ဖြစ်ပွားပုံကို ယခုတိုင် ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။

ယခု အမှုကို နီးကပ်စွာ လိုက်ပါဆောင်ရွက် နေသူတဦး ဖြစ်သည့် ချင်းအမျိုးသား ဦးရွန်ဘိခ် က မတော်တဆ ဖြစ်ပွားခဲ့သည်ကို မယုံကြည်ကြောင်း ပြောသည်။

“ဒါ မတော်တဆမှု မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မတော်တဆ ဖြစ်တယ် ဆိုရင် ခေါင်းတင်ပဲ ထိမှာ မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း ဒဏ်ရာ ရမှာပေါ့” ဟု ဦးရွန်ဘိခ် က ပြောသည်။

မြန်မာ အသိုင်းအ၀ိုင်းက ဤအမှုကို စုံစမ်း လေ့လာပေးရန် အတွက် အိန္ဒိယ ပါလီမန် အမတ် မစ္စတာ ဆန်းလျန်နာထံ အသိပေး နှိုးဆော်ခဲ့ ကြသည်။ သူက ဒေလီ အနောက်ပိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ပေးရန်အတွက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။

နယူးဒေလီရှိ မြန်မာ ဒုက္ခသည် အသိုင်းအ၀ိုင်းသည် မရေရာသည့် ရပ်တည်မှုနှင့် စားဝတ်နေရေး အတွက် လုံးပမ်း နေရသည့် ကြားထဲတွင် ယခု ဖြစ်ရပ်ကြောင့် စိုးရိမ် ထိတ်လန့်မှု အသစ် ဖြစ်ပေါ်လာရသည်။

“ကျမတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာ မသိတော့ဘူး။ အလုပ် လုပ်ရတာတောင် ကြောက်သွားပြီ။ ဒါပေမဲ့ အလုပ် မလုပ်ပြန်ရင်လည်း ဘယ်လို အသက်ရှင်ရမလဲ” ဟု မြန်မာ ဒုက္ခသည် တဦးက မဇ္ဈိမကို ပြောသည်။

ကာယကံရှင် လူနာ အမျိုးသမီးငယ်သည် လွန်ခဲ့သည့် ၆ လခန့် ကတည်းက နယူးဒေလီသို့ ရောက်ရှိလာကာ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးထံမှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမှု ခံယူရန် ကြိုးပမ်း နေသော်လည်း ကုလရုံးက ဒုက္ခသည်အဖြစ် လက်မခံသေးကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်လောကအတွက် ရုပ်ရှင်အစည်းအရုံးက အကျိုးပြုမည်လား (ဇာဂနာနဲ့ ဆက်သွယ်မေးမြန်းချက်)


နန်းဒေ၀ီ (မဇ္ဈိမသတင်းဌာန) ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

၂၀၀၇-၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲကို ရုပ်ရှင် နယ်ပယ်ရှိ အလွှာ အသီးသီးမှ ကိုယ်စားလှယ်များအား မဲပေး ရွေးချယ် တင်မြှောက်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာ့ရုပ်ရှင် လုပ်ငန်း အသံ ခန်းမဆောင်တွင် ကျင်းပလာရာ၊ ယနေ့တွင် နောက်ဆုံးနေ့ အဖြစ် ဒါရိုက်တာ အလွှာနှင့် ထုတ်လုပ်သူ အလွှာမှ ကိုယ်စားလှယ်များအား မဲပေး ရွေးချယ်မည်ဟု သိရသည်။

ရုပ်ရှင်အလွှာ ပေါင်းစုံမှ မဲပေး ရွေးချယ်လိုက်သော ကိုယ်စားလှယ် ၃၀ ဦးထက် မနည်းကို နအဖ စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ အတည်ပြု ရွေးချယ် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။ အကြောင်းစုံ သိရှိနိုင်ရန် အတွက် ရုပ်ရှင် ဒါရိုက်တာနှင့် ထုတ်လုပ်သူ ဦးသူရ ခေါ် ဇာဂနာ ကို မဇ္ဈိမ သတင်းဌာန က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ် ရွေးချယ်တဲ့ နေရာမှာ ဘယ်သူတွေကို ပဏာမ မဲပေး ရွေးချယ်ပြီး၊ အဆင့်ဆင့် ရွေးချယ်ပုံကို ပြောပြပေးပါ။

ဖြေ။ မြန်မာရုပ်ရှင် လောကမှာတော့ အလွှာပေါင်း ၁၀ လွှာ ရှိတယ်။ ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲက အလွှာလိုက် အလွှာလိုက်၊ တလွှာကို ကိုယ်စားလှယ် အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက် အထိ ရွေးတယ်။ အလွှာလိုက် ရွေးတာ မပြီးသေးဘူး။ ဒီနေ့ ညနေမှ ပြီးမှာ ဖြစ်ပါတယ်။ ပြီးတော့ တနင်္လာနေ့ လောက်မှာ မဲပေး အရွေးခံ ထားတဲ့ ကိုယ်စားလှယ်တွေကို ၀န်ကြီးဌာနမှာ တင်ပြ၊ အဲဒီ ကနေ ဥက� ဌ၊ ဒုဥက� ဌ၊ အတွင်းရေးမှူး၊ ဒု အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူးနဲ့ အမှုဆောင်အဖွဲ့ ဆိုပြီး သပ်သပ် ဖွဲ့ပေးမှာ ဖြစ်ပါတယ်။

မေး။ အလွှာ ၁၀ လွှာဆိုတာ ဘယ်လို အလွှာတွေကို ပြောတာလဲရှင့်။ ၀န်ကြီးဌာနကပဲ နှစ်တိုင်း ရွေးပေးနေကျလား။

ဖြေ။ အလွှာ ၁၀ လွှာ ရှိတယ်။ စက်မှုလက်မှု အလွှာ၊ ပြဇာတ်နဲ့ ရုပ်ရှင် တေးဂီတ အလွှာ၊ အုပ်ချုပ်၊ ဖြန့်ချိပြသ အလွှာ၊ ဇာတ်ပို့ ဇာတ်ရံ အလွှာ၊ တည်းဖြတ်နဲ့ မှတ်တမ်း အလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွန်း အလွှာ၊ နောက်တခုက အဓိက သရုပ်ဆောင် အလွှာ (ခေါင်းဆောင် မင်းသား၊ မင်းသမီး)၊ ထုတ်လုပ်သူများ အလွှာ၊ ဗွီဒီယို အခြေခံ အလွှာနဲ့ ဒါရိုက်တာ အလွှာ ဆိုပြီး ရှိတယ်။ တဖွဲ့ မှာ ၃ ယောက်လောက် တက်လာရင် ကိုယ်စားလှယ် ၃၀ ယောက် ရှိလာမယ်။ အဲဒီကနေပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ဘယ်သူတွေက ဥက� ဌ၊ အတွင်းရေးမှူး၊ အမှုဆောင် စသည်ဖြင့် ပြန်ရွေး ပေးတာပေါ့။

ဟိုးအရင်ကတော့ ကိုယ့်ဘာသာ မဲပေး၊ ကိုယ့်ဘာသာ ကိုယ်ရွေးတယ်။ ဦးကြည်စိုးထွန်းတို့ အလှည့်က စပြီးတော့ အဲလို ဖြစ်လာတာပါ။ ပြန်ကြားရေး ၀န်ကြီးဌာနက ကြီးမှူး တာပေါ့။ ရုပ်ရှင် အစည်းအရုံးက တိုက်ရိုက် ကြီးကြပ်တာ မဟုတ်ဘူး။

မေး။ အလွှာပေါင်းစုံက လူတွေ၊ ကိုယ်စားလှယ်တွေ မဲပေး ရွေးချယ်တဲ့ ပွဲကို တက်ရောက်တဲ့ အခြေအနေကို ပြောပြပါအုံးရှင့်။

ဖြေ။ တော်တော် များများတော့ ဘယ်သူမှ မသွားကြဘူး ခင်ဗျ။ အမှန်တိုင်း ပြောရရင် ဘာမှလုပ်လို့ မရတဲ့ နေရာမှာ အပင်ပန်းခံပြီး ဘယ်သူမှ မသွားကြပါဘူး။ ပြီးတော့ ရွေးချင်တဲ့သူ ရွေးပြီး၊ တင်ချင်တဲ့သူ တင်၊ ကိုယ့်ဟာကိုယ် ဘယ်လိုပဲ ရွေးရွေး၊ သူတို့ ဖြုတ်ချင် ဖြုတ်တာပဲ။ ဘာထူးလို့လဲ။ ဒါရိုက်တာ မောင်မျိုးမင်း တို့လည်း မသွားဘူးလို့ ပြောတယ်။

စက်မှုလက်မှု အလွှာဆိုရင် ၃ ယောက်ပဲ တက်တယ်။ အဲဒီအထဲမှာ ကိုလုံး က မဲအများဆုံး ရတယ်။ ကိုကိုဌေး (အကယ်ဒမီ)၊ ပြီးတော့ အကယ်ဒမီ ဦးသန်းမောင်၊ နောက် ပြဇာတ်နဲ့ နောက်ခံ တေးဂီတ အလွှာကလည်း ရွေးကောက်ပွဲကို လူ ၆ ယောက်ပဲ လာတယ်။ ဦးခင်မောင်ချင်းက ၅ မဲ၊ ဦးရဲစိန်က ၁ မဲ၊ အုပ်ချုပ် ဖြန့်ချိ ပြသ အလွှာ ဆိုတာကလည်း ရုပ်ရှင်ရုံ ပိုင်ရှင်တွေ လောက်ပဲ များတယ်။ ဇာတ်ပို့၊ ဇာတ်ရံ အလွှာ ကလည်းပဲ ဘယ်သူတွေ အရွေးခံရသလဲ ဆိုတော့ ဒေါ်နွဲ့နွဲ့စန်း၊ ကိုအရိုင်းမင်း၊ လှံမင်းသားကြီး ဦးစံတင်တို့ ဖြစ်တယ်။

အဓိက သရုပ်ဆောင်ထဲက ဆိုရင် ခန့်စည်သူ၊ ဦးသန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်၊ သတိုးစော အဲဒါတွေက မနေ့က ၅ နာရီမှာ ရွေးပြီးသွားပြီ။ ဦးသန်းဝင်းတို့၊ သတိုးစောတို့ လုပ်နိုင်ကိုင်နိုင် ရှိတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ တာဝန်ပေးတာ၊ မပေးတာတော့ မသိဘူး။

မနှစ်က ဦးကြည်စိုးထွန်းတို့ အဖွဲ့တုန်းက ဆိုရင် တချို့ ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံရတယ်။ ဒါပေမဲ့ ပြန်ကြားရေး ၀န်ကြီးဌာနလည်း ရောက်ရော ပြန်ပြုတ် သွားတာပဲဗျ။ ပြီးတော့ အဲဒီ အဖွဲ့ထဲ မပါတဲ့ သူတွေကို ကောက်ရွေးတော့တာပဲ။

မေး။ ၁၂ ရက်နေ့ကစပြီး ရွေးချယ်ကြတာ ဆိုတော့ ဘယ်အလွှာတွေက ဘယ်သူတွေကို ကိုယ်စားလှယ် တင်သွင်း ကြလဲရှင့်။ ဥက� ဌနဲ့ အတွင်းရေးမှူး နေရာတွေမှာ ဘယ်သူတွေ ဖြစ်လာမယ့် အလားအလာ ရှိပါသလဲ။

ဖြေ။ ဘယ်သူတွေ တက်လာမယ် ဆိုတာကတော့ အတိအကျတော့ ပြောလို့ မရသေးဘူးဗျ။ ဒါရိုက်တာ ဇင်ယော် မောင်မောင် တက်မယ် ဆိုတာလည်း နောက်နေကြတာပါဗျာ။ များသောအားဖြင့် ဥက� ဌနဲ့ အတွင်းရေးမှူး နေရာတွေ ဆိုတာ ထုတ်လုပ်သူ အလွှာနဲ့ ဒါရိုက်တာ အလွှာတွေထဲက လူတွေပဲ တက်တာ များတယ်။ အတွင်းရေးမှူး နေရာ ကျပြန်တော့လည်း မင်းသား၊ မင်းသမီးတွေ မလုပ်နိုင်ဘူး။ ဆိုတာကလည်း အလုပ်ရှုပ်တဲ့သူတွေ ဆိုတော့ သူတို့က အဖွဲ့ဝင် အဖြစ်လောက်ပဲ လှုပ်ရှားတာ များတယ်။

မေး။ ရုပ်ရှင် အသိုင်းအ၀ိုင်းက ရွေးချယ် လိုက်ပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနမှာ ပြုတ်သွားတာတွေ ရှိလား။

ဖြေ။ ရှိပါတယ်။ မနှစ်ကဆိုရင် ၇ ယောက်၊ ၈ ယောက်လောက် ပြုတ်သွားတယ်။ ရွေးချယ်ခံ ကိုယ်စားလှယ် ၃၀ ယောက်ထဲက ပြန်ခန့်တာပေါ့။ အဲဒီ အထဲကလည်း မကြိုက်လို့ ပြုတ်သွားတာ ရှိသလို၊ အဲဒါ အပြင် ၃၀ ထဲက မပါဘဲ သပ်သပ် ရွေးချယ် ခန့်တာ ရှိတယ်။ မနှစ်က၊ ဦးကြည်စိုးထွန်းတို့ နှစ်တုန်းက ဆိုရင် ကိုမောင်မောင်ဦး (စနိုးဝှိုက်)၊ ဒေါ်ဆွေဇင်ထိုက်တို့က ရွေးကောက်ပွဲက သွားတာ မဟုတ်ဘူး။ ဒီအတိုင်း တင်ရွေးလိုက်တာပဲ။

မေး။ အခုလတ်တလော ရွေးချယ် တင်မြှောက်ပွဲဟာ သက်တမ်း ကုန်သွားလို့ အသစ် ရွေးတာလား၊ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် နှုတ်ထွက် ကြတာတွေကြောင့်လား။

ဖြေ။ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ၂ နှစ်တောင် မပြည့်သေးဘူး။ ၀န်ကြီးဌာနကို တရားဝင် ကျနော်တို့ နှုတ်ထွက်ခွင့် ပေးပါ၊ ထွက်ပါရစေ၊ ထွက်ပြီးတော့ အဖွဲ့သစ် တခုကို ကျနော်တို့ ရွေးကောက် တင်မြောက်ဖို့ အတွက် တလ အချိန် ပေးပါလို့ ပြောတော့ ၀န်ကြီးဌာနက အခွင့်မပေးဘူး။ တလတောင် မစောင့်ဘူး။ ၁၀ ရက် လောက်နဲ့ကို ၀န်ကြီးဌာန ကိုယ်တိုင် တာဝန်ယူ ပြီးတော့မှ လုပ်လိုက်တယ်။

မေး။ ရုပ်ရှင် အမှုဆောင် အဖွဲ့ဝင် သက်တမ်းက ဘယ်လောက် သတ်မှတ်ထားသလဲ။ သပ်သပ်မှတ်မှတ် ရှိလား။

ဖြေ။ ဒါရိုက်တာ ကိုကြည်စိုးထွန်းက ပြည်တွင်းက ဂျာနယ်တွေဖြစ်တဲ့ လျှပ်တပြက်နဲ့ ပေါ်ပြူလာ ဂျာနယ်တွေမှာ အင်တာဗျူး ထားတာ ရှိတယ်။ သူပြောတာက ရုပ်ရှင် အစည်းအရုံးမှာ သက်တမ်းဆိုတာ ရှိကို မရှိဘူးလို့ သူကိုယ်တိုင်က ပြောထားတယ်။ ၈၈ ခုနှစ်က စလုပ်ခဲ့ကြတော့ ပထမဦးဆုံး ဦးခင်ဇော်၊ ပြီးတော့ ဦးညွန့်ဝင်း တို့ လုပ်ခဲ့ကြဖူးတယ်။ ဦးစိန်တင် ဆိုရင် ၉ နှစ်လောက် လုပ်သွားတာ။ သက်တမ်းရှိဖို့ ဆိုတာက ရုပ်ရှင် အစည်းအရုံးမှာ ခိုင်မာတဲ့ ဖွဲ့စည်းပုံ ရှိရမယ်။ အဲဒီကနေ ပြီးတော့မှ သက်တမ်းက ၃ နှစ်၊ ၄ နှစ် ဆိုပြီးတော့ သတ်မှတ် ပေးရမှာ။ အဲဒါတွေ မရှိလို့ ကိုကြည်စိုးထွန်းတို့ နှုတ်ထွက်စာ တင်ပြီး၊ နှုတ်ထွက် သွားကြတာပါပဲ။

မေး။ အရင်တုန်းက ရုပ်ရှင်လောကနဲ့ လက်ရှိ ကွာခြားပုံကို ပြောပြ ပေးနိုင်မလားရှင့်။

ဖြေ။ ကျနော်တို့ ရုပ်ရှင် အစည်းအရုံး အနေနဲ့ သပ်သပ် ကိုယ်ပိုင် ပါဝါတခုနဲ့၊ ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေနဲ့ လုပ်တာမှ မဟုတ်ဘဲ။ အခုဟာက ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် မြန်မာ့ ရုပ်ရှင် လုပ်ငန်းရဲ့ လက်အောက်မှာပဲ လုပ်ရတာ ဆိုတော့ အစိုးရ ရုံးဌာန တခုရဲ့ လက်အောက်ခံ အဖွဲ့အစည်းပဲ ပြန်ဖြစ် နေတယ်လေ။ NGO အစစ် မဟုတ်ဘူး။ အရင်တုန်းကဆိုတာက ဦးစိန်တင်တို့ လက်ထက်ကတော့ NGO အစစ်ပဲလေ။ အဲဒီတုန်းက ရုပ်ရှင် အစည်းအရုံးမှာ ကိုယ်ပိုင် ရုပ်ရှင်ရုံ ရှိတယ်၊ ကိုယ့်ပိုက်ဆံ ကိုယ်ရှာ၊ ပြီးတော့ ကိုယ့် လောကသားတွေကို ပြန်ပြီး ထောက်ပံ့တယ်။ ရံပုံငွေရှာ ရှာပြီးတော့ ငွေတိုးတွေ ရတယ်။ အဲဒီကနေ သက်ကြီး ရုပ်ရှင်သမားတွေကို ထောက်ပံ့ ပေးတယ်။ နွမ်းပါးတဲ့ ရုပ်ရှင် သမားတွေကို ထောက်ပံ့ ပေးတယ်။ ကလေးတွေ ပညာရေး အတွက် ကူညီပံ့ပိုး ပေးတယ်။ ဒါပေမဲ့ မြန်မာ့ ရုပ်ရှင် လုပ်ငန်းအောက် ပြန်ဖြစ်သွားတော့ ရုံးလုပ်ငန်းရဲ့ လက်အောက်မှာ အလုပ်လုပ်ရတဲ့ အဖွဲ့အစည်းက NGO ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးလေ။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှ လုပ်မရတော့တဲ့ အတွက်ကြောင့် ဦးကြည်စိုးထွန်း တို့လည်း ထွက်သွား ကြတာပဲလေ။

ဥပမာ ရုပ်ရှင် ကားတကားမှာ လူမင်းနဲ့ နန္ဒာလှိုင် ခိုးပြီးတော့ ထွက်လာခဲ့တယ်။ လူမင်းနဲ့ နန္ဒလှိုင်တို့ တကယ် သရုပ်ဆောင်ခဲ့တာ မဟုတ်ဘူး။ သူတို့ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကား ၉ ကားလောက် ကတည်းက ဟိုနား တပိုဒ်၊ ဒီနား တပိုဒ် ဖြတ်ပြီးတော့ လုပ်တဲ့ဟာ။ အဲဒါကို တမင်တကာ လုပ်ပြီးတော့ ရောင်းသွားသေးတယ်။ ဘယ်သူတွေ လုပ်လဲ မသိဘူး။ အဲဒါမျိုးကို ရုပ်ရှင် အစည်းအရုံးက အရေးယူချင်တယ်၊ အရေးယူ ပေးမယ့်သူ မရှိဘူး။ ရုပ်ရှင်သမားတွေ အတွက် ဘာမှ အာမခံချက် မပေးနိုင်ဘူး။ ဥပမာ မဂိုလမ်း၊ ရွှေဘုံသာ လမ်းထိပ်မှာ အခွေတွေ ခိုးရောင်းနေတယ်။ ရုပ်ရှင် ဆင်ဆာကို တင်တာ တပတ် မကြာသေးဘူး၊ အခွေတွေကို လမ်းဘေး ခိုးရောင်းနေပြီ။ အဲဒါမျိုးကို ရုပ်ရှင် အစည်းအရုံးက ဦးကြည်စိုးထွန်းတို့ သတင်းရလို့ ဖမ်းချင်တယ်။ သွားဖမ်းမယ် လုပ်တော့ ဘယ်သူမှ လိုက်မလုပ် ပေးကြဘူး။ အာဏာပိုင်တွေကို သတင်း ပေးတော့လည်း အီးအဲအားအဲနဲ့။ သူတို့ ကိုယ်တိုင် ဒီကိစ္စတွေမှာ ပူးပေါင်း ပါဝင် နေလို့ပေါ့။ ရုပ်ရှင် လောကသားတွေ၊ ဗွီစီဒီ ကာရာအိုကေ ထုတ်လုပ်သူတွေ အကုန်လုံး နစ်နာနေကြတာ ကြာပြီလေ။ အဲလို အခိုးခံရတာလည်း ကြာပြီလေ။ တဖြည်းဖြည်းနဲ့ပဲ ရုပ်ရှင်လောက က ဒါနဲ့ပဲ စီးပွား ပျက်သွားတာ ကျနော်တို့ ဆီမှာ။

မေး။ ဒါတွေကို ကျော်လွှားနိုင်ဖို့ ဘာတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ဘာတွေ လုပ်ထိုက်လဲ ဆိုတော့ အဲဒီလိုမျိုး မြန်မာ့ ရုပ်ရှင် လုပ်ငန်းကနေ ရုပ်ရှင် အစည်းအရုံးရဲ့ လုပ်ပိုင်ခွင့်တွေကို အဲလို ၀င်ရောက်ပြီး၊ ကြိုးကိုင် ချယ်လှယ် နေတာတွေက မရှိသင့်ဘူး။ အဲဒါသာ မရှိရင် ပြီးတာပါပဲ။ ကျန်တာ ကိုယ့်ဟာကိုယ် လုပ်လို့ ရတာပဲ။

မေး။ အခုတက်လာမယ့် ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင်သစ်တွေ အနေနဲ့ရော အရင် အခြေအနေထက် ပိုကောင်းလာမယ့် အလားအလာကောင်းတွေ ရှိနေလား။

ဖြေ။ ကျနော့်အနေနဲ့ မကောင်းပြောတယ် ဆိုတဲ့ အမြင်နဲ့ မဟုတ်ဘူး။ ကျနော် မြင်တဲ့အတိုင်း ပြောရမယ် ဆိုလို့ ရှိရင်တော့ မထူးပါဘူး။ ဒီပုပ်ထဲက ဒီပဲပါပဲ။ ဒါပေမဲ့ ရုပ်ရှင် အလုပ်ကို မှီတင်းပြီး စားသောက်နေရသူ အားလုံး၊ နောက်ပြီးတော့ ရုပ်ရှင်သမား ဆိုတာက ၀န်ထမ်းနဲ့ မတူဘူး။ ပြည်သူရဲ့ ပိုက်ဆံကို တိုက်ရိုက် စားရတဲ့ သူတွေ၊ ပြည်သူက ပေးတဲ့ ပိုက်ဆံကို အခွန်အကောက်က နေပြီးတော့ လခ ယူစားနေတဲ့ ၀န်ထမ်း မဟုတ်ဘူး။ ရုပ်ရှင်သမားတွေ ဆိုတာ ပြည်သူ့ ပိုက်ဆံကို တိုက်ရိုက် စားသောက်နေတဲ့ ပါးစပ်ပေါက်တွေက ပြည်သူတွေကိုသာ ကိုယ်စားပြု သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ နောက်တက်လာမယ့် အဖွဲ့တွေကလည်း အဲဒီလိုသာ ပြည်သူ့ ပိုက်ဆံကို တိုက်ရိုက်စားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ ရုပ်ရှင်သမားတွေက ပြည်သူ့ဆီက အခွန်အကောက်ကနေ တဆင့် ခံစားတဲ့ အမိန့်ကို နာခံပြီး အလုပ် လုပ်နေရမယ့် အဖွဲ့ ဆိုရင်တော့ ကျနော်တို့က ဘယ်လိုမှ ရုပ်ရှင်လုပ်ငန်း၊ တသက်လုံး တိုးတက်တော့မယ်လို့ မထင်ဘူး ခင်ဗျ။

မေး။ နောက်ဆုံး မေးခွန်းပေါ့နော်။ ၀န်ကြီးဌာနက အတည်ပြု ခန့်အပ် ရွေးချယ်မှာက ဘယ်နှစ်ယောက် ပါသလဲ။ ဘယ်တော့ သိရမှာလဲရှင့်။

ဖြေ။ ရုပ်ရှင် အစည်းအရုံးက မဲပေး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ၃၀ ဦးထက် မနည်းထဲက ၁၅ ယောက်ကို ပြန်ကြားရေး ၀န်ကြီးဌာနက နေပြီးတော့ ရွေးချယ်ပေးလေ့ ရှိတယ်။ ဘယ်သူတွေ တက်လာမှာလဲ ဆိုတာကိုတော့ မနှစ်က အခြေအနေအရတော့ တပတ်အတွင်း သိရတယ်။ ဒီနှစ်တော့ မပြောတတ်ဘူး ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ လွတ်မြောက်ရေး အပေါ် သဘောထားအမြင်များ (အင်တာဗျူး)

ဖနီဒါ၊ ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

‘ကျွန်ုပ်တို့၏ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဘက် အားလုံးကို အခုလွှတ်ပါ’ ဟူသည့် စာတမ်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နအဖ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဓာတ်ပုံများကို ပုံနှိပ် ဖော်ပြ ထားသည့် ပို့စ်ကတ်များကို မေလ ၃၀ ရက်နေ့မှ စတင်ကာ နီးစပ်ရာ မြန်မာ သံရုံးများသို့ လက်မှတ်ရေးထိုး ပေးပို့နေသည့် လှုပ်ရှားမှုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က လုပ်ဆောင်နေသည်။

ယခု လှုပ်ရှားမှုမှ ထွက်ပေါ်လာမည့် အကျိုးအမြတ်၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးသည် မြန်မာ အမျိုးသမီးထု အတွက် အရေးပါမှု၊ နအဖ စစ်အစိုးရက မလိုက်လျောလျှင် ဆက်လက် လှုပ်ရှားမည့် အစီအစဉ်နှင့် ဒေါ်အောင်ဆန်း စုကြည်ကို မည်သို့သော ပုဂ္ဂိုလ်အဖြစ် ရှုမြင်သလဲ ဆိုသည့် မေးခွန်းများကို WLB ခေါင်းဆောင် အမျိုးသမီး ၅ ဦးက ဖြေကြား ထားပါသည်။

WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းကာ၊ ပြည်ပရောက် မြန်မာ တိုင်းရင်းသူ အမျိုးသမီး အဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်း လုပ်ဆောင်နေသော အဖွဲ့ကြီး ဖြစ်သည်။

မစောစံငြိမ်းသူ (Rakhaing Women's Union - RWU)

“အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အခု စတင်လှုံ့ဆော် လှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်း စုကြည် ရုပ်ပုံပါ ပို့စ်ကတ် လက်မှတ်ထိုး လှုပ်ရှားမှုရဲ့ အဓိက ဦးတည်ချက်က အခုထိ ဖမ်းဆီး ချုပ်နှောင် ခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ဖြစ်ပါတယ်။ အဲဒီလို လှုံ့ဆော် တောင်းခံတဲ့ နေရာမှာ လွန်ခဲ့တဲ့ လကပဲ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် ဘုရားပေါ်မှာ ၀တ်ပြု ဆုတောင်း လှုပ်ရှားရာမှာ အဓိက ပါဝင်ခဲ့ကြတဲ့ သူတွေကို ဖမ်းဆီး ချုပ်နှောင် ခဲ့တယ်။ သူတို့ လွတ်မြောက်ရေး အတွက်လည်း ဖြစ်ပါတယ်။

စစ်အစိုးရက ဘယ်လိုပဲ မောက်မာပါစေ၊ တင်းမာနေပါစေ ကျမတို့ လုပ်ရမယ့် အလုပ်ကို ကျမတို့က ဆက်လက် လုပ်သွားရမှာပဲ။ နအဖ က အခုလို ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက်ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး အတွက်ပဲ ဖြစ်ဖြစ် ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုတွေက တရားနည်းလမ်း ကျကျ ငြိမ်းချမ်းစွာ လှုံ့ဆော် တောင်းခံမှုတွေကို မျက်ကွယ် ပြုပြီးတော့၊ ဒေါ်စုကို ဆက်လက် ပြီးတော့ ထောင်ဒဏ် တနှစ်တိုး၊ ဘုရားမှာ ၀တ်ပြု ဆုတောင်းသူတွေကို ဖမ်းဆီး ထောင်ချ နေတာတွေက အမှန်တရားကို သိသိကြီးနဲ့ ပိုပြီး မိုက်ရူးရဲဆန် ပြနေတယ်လို့ မြင်ပါတယ်။

အကျိုးအမြတ်ကိုတော့ အသေအချာ တွက်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ပြောနိုင်တာက ကျမတို့ လုပ်ရမယ့် အလုပ်ကို ကျမတို့ လုပ်တယ်။ တာဝန်ယူမှု ကတော့ နအဖ အစိုးရနဲ့ပဲ ဆိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ဖိအားကတော့ ပိုများလာနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးဟာ မြန်မာ အမျိုးသမီးထု တရပ်လုံးအတွက် သာမက မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက်လည်း အထူး အရေးပါပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်စုဟာ အဓိကကျတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်လို့ပါ”

“နအဖ ကတော့ သူတို့ လုပ်နေတဲ့ အတိုင်း ဆက်လုပ်သွားပါပဲ။ အဲဒီလိုပဲ ကျမတို့ အနေနဲ့လည်း လိုအပ်တဲ့ လှုပ်ရှားမှုကို ဆက်လက် လှုပ်ရှားသွားရမှာ ဖြစ်ပါတယ်။ ဥပမာ အခုဆို ပြည်တွင်းမှာလည်း ဒေါ်စု လွတ်မြောက်ရေး အတွက် ပိုမို လှုပ်ရှား လာတာကို တွေ့ရတယ်။ ပြည်ပ ဒီမိုကရေစီ အင်အားစုတွေကလည်း အရင်ထက်ကို ခံစားချက်တွေ ပြင်းထန်စွာနဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို လုပ်လာနိုင်ဖွယ် ရှိတယ်။ ဒီ့အပြင် အရင်က မရှိခဲ့ဖူးတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ဖိအားတွေက ပိုများလာတယ်။ အဲဒီထဲမှာ အထူးသဖြင့် အမေရိကန် သမတ ဘွတ်ရှ်ရဲ့ ကတော် လော်ရာဘွတ်ရှ် အပါအ၀င် တခြား အမေရိကန် လွှတ်တော်အမတ် (အမျိုးသမီးတွေ) ကလည်း ဖိအား ပေးနေတဲ့ ကြားထဲက ဒေါ်စုကို ထောင်ဒဏ် တိုးလိုက်တဲ့ အပေါ်မှာ ဆက်လက် လှုံ့ဆော်ဖို့ ကော်မီတီ တခု ဖွဲ့လိုက်တယ်။ ဒါတွေဟာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အရှုံးထဲက အမြတ်တွေပါပဲ။

ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေက နိုင်ငံတကာရဲ့ ဖိအားကိုလည်း ပိုမို ရယူနိုင်အောင် ကြိုးစားရမယ်။ တချိန်ထဲမှာ ကိုယ်တိုင်ကလည်း ဆက်ပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ကြရမယ်။ အမှန်တရားကို ချစ်မြတ်နိုးသူ အတွက် အမှန်တရားဟာ မနက်ဖြန် တရက်မှာ ပုံသေ ရှိလာမယ်လို့ ယုံကြည်ပါတယ်”

“ဒေါ်အောင်ဆန်း စုကြည်ဟာ အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင် တဦး ဖြစ်ပါတယ်”

မခိုင်မာကျော်ဇော (Karen Women's Organization - KWO)

“အခု လှုပ်ရှားမှုကတော့ ပြည်သူလူထု ကြားမှာ ပိုပြီး ကျယ်ကျယ် ပြန့်ပြန် သိလာမှာ ပေါ့နော်။ နောက်တခု ကတော့ အနည်းနဲ့ အများတော့ သိကြတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး သက်တမ်း တိုးတယ်။ နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်တိုးတဲ့ဟာက ဘယ်လိုမှ တရား မျှတမှု မရှိဘူး။ နောက်ပြီးတော့ ကြာလည်း ကြာနေပြီ။ ကျမတို့ အားလုံးက လေးစားတဲ့ လူတယောက်ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ် ဆိုတာ နိုင်ငံအတွက်လည်း အကျိုး မရှိဘူးလေ။ အဲဒါကြောင့် ကျမတို့ အမျိုးသမီး အဖွဲ့ချုပ် အနေနဲ့ လှုပ်ရှား ကြတယ်ပေါ့နော်။

အကျိုးအမြတ် အနေနဲ့ကတော့ ပြည်သူတွေ ပိုပြီးတော့ နိုင်ငံရေးအရ လှုပ်ရှားမှု ပိုရှိလာမယ်လို့ မျှော်လင့်တယ်။ နောက်တခုကတော့ နိုင်ငံတကာမှာ နေတဲ့ ပြည်သူတွေ အပါအ၀င် နယ်စပ်ဒေသမှာ ရှိနေတဲ့ လူတွေရဲ့ အသိထဲမှာ ကျမတို့ နိုင်ငံဟာ မလွတ်မြောက်သေးဘူး၊ ကျမတို့ အနေနဲ့လည်း ပြည်သူလူထု တယောက်ချင်း၊ တဦးချင်း အနေနဲ့ ဒီလို ၀ိုင်းဝန်း ပြီးတော့ လုပ်ဆောင်ချင်တဲ့ အသိတွေလည်း ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီဟာကျတော့ အများကြီး ပါဝင်လို့ ရတဲ့ အနေအထား ဖြစ်နေတော့ လူတိုင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ အတော် အရေးပါပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူက ပေါ့နော် နိုင်ငံရေး ဦးဆောင်နေတဲ့သူ ဖြစ်တယ်ဆိုတာ တိုင်းရင်းသား အပါအ၀င် အားလုံးကလည်း မျှော်လင့်တယ်။ နောက်တခုကတော့ အမျိုးသမီး တယောက်လည်း ဖြစ်တယ်။ နိုင်ငံတကာကလည်း သူ့ကို အသိအမှတ် ပြုထားတယ်၊ လေးစားတယ် ပေါ့နော်။ အဲလို နိုင်ငံရေး ခေါင်းဆောင် လွတ်မြောက်ရေးဟာ ကျမတို့ မြန်မာပြည် အတွက် အရမ်းကို အရေးကြီးတယ်။ သူ လွတ်မြောက်လာလို့ ရှိရင် ကျမတို့ ဆက်ပြီး ထိန်းသိမ်းရမယ့် အရာတွေ၊ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသား အရေးတွေကို အချိန်ပေး စဉ်းစား ပြီးတော့မှ၊ ဒီအမျိုးသမီး လွတ်မြောက် လာမယ်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံရေးအတွက် အများကြီး မျှော်လင့်ချက် ရှိတယ်”

“နအဖ က သူ့လမ်းသူ လျှောက်မယ် ဆိုလို့ရှိရင်တော့ တိုင်းပြည်အတွက် လုံးဝ အခြေအနေ မကောင်းဘူး။ နောက်တခုကတော့ ဒေါ်စုကို လွှတ်မပေးဘူး ဆိုရင်လည်း ဘယ်လိုမှ ကျမတို့ တိုင်းပြည်ရဲ့ အခက်အခဲကလည်း ပြေလည်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီရဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်တယ်။ ဒါက အားလုံးက အသိအမှတ် ပြုထားတာလေ။ ဆိုတော့ ပါတီ ခေါင်းဆောင်၊ နိုင်ငံရေးသမား အားလုံးက ချစ်ခင် လေးစားတဲ့ ခေါင်းဆောင် တယောက်ကို မလွှတ်ပေးဘူး ဆိုရင်တော့ ဒါဟာ အဓိပ္ပာယ် မရှိဘူး ပေါ့နော်။ တိုင်းပြည်ကို ရှေ့ဆက် ပြီးတော့ နအဖ ပြောနေတဲ့ ဒီမိုကရေစီ လမ်းစဉ်ပေါ့၊ တိုင်းပြည်ကို ဖွံ့ဖြိုးချင်တယ်၊ ထူထောင်ချင်တယ် ဆိုတဲ့ဟာကို ပြောနေတယ်။ ဒါက အရေးကြီးတယ် ပေါ့နော်၊ အရေးပါ အရာရောက်တယ်။ ဒါပေမဲ့ တိုင်းပြည်က၊ ပြည်သူလူထု အားလုံးက လေးစားတဲ့ ခေါင်းဆောင်ကောင်း တယောက်ကို ထိန်းချုပ် ထားတာ၊ မလွှတ်ဘဲ ထားတယ် ဆိုတာတော့ အဓိပ္ပာယ် လုံးဝ မရှိဘူး။ လွတ်မြောက်ဖို့ဟာ အရမ်း အရေးကြီး တယ်လေ။ မလွတ်မြောက်ဘူး ဆိုရင်လည်း ကျမတို့ ၀ိုင်းပြီး ကြိုးစားရမှာပဲ။ ဒီလိုပဲနေလို့တော့ မရဘူး။

အခုဆိုရင် ပြည်သူလူထုဟာ နိုင်ငံရေးကို အရင်ကထက် ပိုပြီးတော့ နိုးကြားမှု ရှိလာပြီ။ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင် လှုပ်ရှား လာတာကို တွေ့ရတယ်။ နောက် ပြည်သူလူထုကလည်း အရင်ကလို ငြိမ်ပြီး ခံနေတာလိုမျိုး မဟုတ်ဘဲနဲ့ ကုန်ဈေးနှုန်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဖိနှိပ်မှုတွေကြောင့်ပဲ ဖြစ်ဖြစ်၊ မတရားမှု တွေကြောင့်ပဲ ဖြစ်ဖြစ် လမ်းတွေပေါ် ထွက်လာကြပြီ။ ဒါတွေက ရှင်းရှင်း ပြောရရင် တဖြည်းဖြည်းနဲ့ ဒီလိုမျိုး နည်းနာတွေနဲ့ ဆက်လုပ်သွားရမှာပဲ၊၊ ကျမတို့ ပြည်ပက အဖွဲ့တွေကလည်း ပံ့ပိုး ပေးရမှာ ပေါ့နော်။ အဓိက ပြည်တွင်းက လှုပ်ရှားကြတာပေါ့နော်။ ပညာတွေ၊ နည်းနာတွေ၊ ပြည်သူလူထု တွေကိုပေါ့နော်။ လုပ်ပေးရမှာပဲ”

“ဒေါ်စုကို တိုင်းရင်းသူ အမျိုးသမီး တယောက်အနေနဲ့ ဆိုရင် သူပြောထားတဲ့ စကားလေး တခုလည်း ရှိတယ်လေ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးတွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တယ်။ ကျမတို့ အချင်းချင်း အပြန်အလှန် ယုံကြည်မှုတွေ၊ နားလည်မှုတွေ ရှိတယ်။ မတူညီမှုတွေ၊ ကွဲပြားမှုတွေ ကြားမှာပဲ ရှေ့ဆက်ပြီး တိုင်းပြည်အတွက် အတူတူ လုပ်သွားကြမယ် ဆိုရင် ပြည်ထောင်စုကြီး တည်ဆောက်မှု အတွက်ပါ အင်အားဖြစ်တယ် ပေါ့နော်။ မတူတဲ့ လူမျိုးစုတွေ၊ အမြင်တွေ ကွဲပြား နေတာကလည်း ဒီမိုကရေစီပဲ ဆိုတော့ သူ့ရဲ့ အခြေခံ သဘာဝတွေက တိုင်းရင်းသားတွေပေါ်မှာ အင်အားစု တရပ် ဖြစ်တယ် ဆိုတာကို သူ လက်ခံတယ် ဆိုတော့ အမျိုးသမီး ရေးရာ၊ ဒီမိုကရေစီ ရေး၊ တိုင်းရင်းသား အရေးကို အရင်တုန်းက၊ သူ့အဖေ လက်ထက်တုန်းက တကယ့် လက်တွေ့ မလုပ်နိုင်ခဲ့တဲ့ ဟာကို ဒေါ်စုက ပိုပြီး လုပ်နိုင်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ နောက်တခုကတော့ နိုင်ငံတကာရဲ့ အနေအထား၊ နိုင်ငံတကာက လေးစားမှုတွေ သူများက ပေးတယ်လေ။ နောက်တခုက ကျမတို့ရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက အစပေါ့နော်။ အမျိုးသမီး တယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ အနစ်နာခံမှုတွေကို ကျမတို့ အသိအမှတ် ပြုတယ်။

အဲလို အနေအထားမှာ ဆိုတော့ ဒေါ်စုဟာ ကျမတို့ နိုင်ငံအတွက် တိုင်းရင်းသားတွေရဲ့ မတူ ကွဲပြားမှုတွေကို စုစည်းနိုင်တဲ့ အမျိုးသမီး တယောက်လို့ မြင်တယ်။ နောက်ပြီး မြန်မာ့ ဒီမိုကရေစီ ရရှိရေး အတွက်လည်း အင်အားတရပ် အနေနဲ့ တည်ရှိတယ်လို့ ကျမတို့ မြင်တယ်လေ”

“ကျမ နောက်ထပ် ပြောချင်တာက အထူးသဖြင့် နိုင်ငံတခု လွတ်မြောက်ဖို့ စစ်အာဏာရှင် အောက်မှာ အကုန်လုံး စိတ် မသက်သာစွာနဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြတဲ့ နိုင်ငံသား အားလုံးဟာ နိုင်ငံရေး အသိရှိဖို့ ကျမကတော့ နှိုးဆော်ချင်တယ်။ မှာလည်း မှာကြားချင်တယ်။ ကိုယ် တတ်နိုင်သလောက် ဘယ်ကိုပဲ ရောက်ရောက် တတ်နိုင်တဲ့ ဘက်က ပေါ့နော်။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စဟာ ကိုယ်နဲ့ မဆိုင်သလို နေလို့ မရဘူး။ ဘယ်နေရာပဲ ရောက်ရောက် ရောက်တဲ့ နေရာကနေ ပါဝင်ကြပါ ဆိုတာတော့ ကျမ ပြောချင်ပါတယ်”

မဒွဲလိန် (Kachin Women's Association-Thailand - KWAT)

“အကျိုးအမြတ် အနေနဲ့တော့ WLB သာ မဟုတ်ဘူး၊ တခြား အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ကနေလည်း ပြည်တွင်းမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ လူ့ အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အခြေအနေ တွေကို ပိုပြီးတော့ လူတွေ သိမြင်လာမယ်လို့ ကျမတို့ မျှော်လင့် ပါတယ်။

နောက်တခုကတော့ ဒီလို လှုပ်ရှားခြင်းအားဖြင့် လက်ရှိ ဖြစ်ပျက်နေတဲ့ အပေါ်မှာ လူထုရဲ့ အမြင်၊ သဘောထား၊ ဆန္ဒတွေကို ဖော်ထုတ်ရာလည်း ရောက်တယ်။ နောက်ပြီး ဒီလှုပ်ရှားမှုက တဆင့် နအဖ ဘက်က တစုံတရာ အာရုံ စူးစိုက်မှု ရှိမယ်လို့ ထင်တယ်”

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ မြန်မာ အမျိုးသမီး တစုထဲသာ မကဘဲနဲ့ မြန်မာနိုင်ငံ တခုလုံးနဲ့ ဆိုင်ပါတယ်။ ဘာပဲပြောပြော ဒေါ်စုဆိုရင် ဒီမိုကရေစီ လှုပ်ရှားမှုမှာ သူက ခေါင်းဆောင် နေရာမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ လူတယောက်။ အကုန်လုံး အတွက်လည်း ခေါင်းဆောင်တယောက် အနေနဲ့ သူက မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ လူတယောက် ဆိုတော့ အမျိုးသမီးထု ဆိုတာထက်ကို တမျိုးသားလုံး၊ မြန်မာနိုင်ငံ တခုလုံးနဲ့ တိုက်ရိုက် ပတ်သက် နေတယ်လို့ ထင်ပါတယ်”

“နအဖ က ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ လုပ်စရာ ရှိတာကို ကျမတို့ ဆက်လုပ် သွားရမှာပဲ။ ဘာပဲပြောပြော သူတို့ကတော့ သူတို့လမ်း သူတို့လျှောက်မှာပဲ။ ကျမတို့ရဲ့ လှုပ်ရှားမှု ပိုပြီး အားကောင်းလာအောင်၊ တခြား နိုင်ငံတကာ အဆင့်မှာ ပိုပြီး ထောက်ခံမှု ရလာအောင် နောက်ပြီးလို့ရှိရင် ကျမတို့ အချင်းချင်း ကြားမှာလည်း ပိုပြီး ဒီမိုကရေစီရေး အတွက် ဆက်လုပ် ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်”

“ဒေါ်စုအပေါ် ကျမ တဦးထဲရဲ့ အမြင် သဘောထားအရ ပြောမယ် ဆိုရင် သူက ဘာပဲပြောပြော မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် လှုပ်ရှားနေတဲ့ လူတယောက်၊ နောက်ပြီး တကယ့်တကယ် စိတ်ဓာတ် အရင်းခံနဲ့ ပေါ့နော်။ ကြုံလာတဲ့ ဒုက္ခတွေကို မမှုဘဲနဲ့ တကယ့် တမျိုးသားလုံး လွတ်မြောက်ရေး အတွက် သူက ရှိသမျှ အားတွေနဲ့ ကြိုးစားနေတဲ့၊ လူအများ လေးစား ထိုက်တဲ့ လူတယောက် ဖြစ်တယ်လို့ ကျမ နားလည်တယ်နော်”

“ကျမအနေနဲ့၊ ကချင် တမျိုးသားလုံး အနေနဲ့ရော၊ အမျိုးသမီး တယောက် အနေနဲ့ရော ကျမ ပြောချင်တာက အခုလက်ရှိ နေအိမ် အကျယ်ချုပ် ခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဘယ်လို ဒုက္ခပဲ ကြုံနေပါစေ တမျိုးသားလုံး အတွက် ဆက်ပြီးတော့ မားမားမတ်မတ် ရပ်တည် သွားနိုင်မယ်လို့ ထင်တယ်။ ဒါကြောင့် ဒီလို လှုပ်ရှားခြင်းအားဖြင့် သူ့ကိုလည်း အများကြီး ထောက်ခံရာ ကျတယ်လို့ ကျမ ပြောချင်ပါတယ်”

မနန်းဆိုင်နောင့် (Shan Women's Action Network - SWAN)

“ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နံပါတ်တစ် အနေနဲ့ ကတော့ ဒေါ်စုကို အားပေးရာ ရောက်မယ်၊ သူ့မွေးနေ့မှာသာ မဟုတ်ဘဲနဲ့ တခြားနေ့တွေ အတွက်လည်း ဆုတောင်း ပေးရင်၊ မွေးနေ့အတွက် အထူး ဆုတောင်းပေးရင် ပေါ့နော် ပိုကောင်းပါတယ်။ နောက်တခု ကျတော့ ဒေါ်စု အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသူ တယောက် ပေါ့နော်၊ တချိန်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အရေး ကိုလည်းပဲ နိုင်ငံတကာမှာ လှုံ့ဆော်ရင်း၊ ဒေသဆိုင်ရာ အာဆီယံ ဒေသမှာရော၊ WLB တွေ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ နေရာတွေမှာရော ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ လှုံ့ဆော်မှု လုပ်တာပါ။ နောက်ပြီးတော့ ဒေါ်စု အတွက်လည်းပဲ နိုင်ငံတကာ ကရော၊ နောက် ကိုယ့်ရဲ့ ဒေသဆိုင်ရာမှာရော ပေါ့နော်၊ အလေးထား၊ သတိထား လာပြီးတော့မှ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြောင်းလဲမှုတွေ အတွက် လုပ်ပေးအောင် လှုံ့ဆော်မှု တခုပါပဲ”

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ပြောရမယ် ဆိုရင် ဒေါ်စု အပါအ၀င်ပေါ့နော်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံ တနိုင်ငံလုံး အတွက် အမျိုးသမီး အတွက်၊ လူငယ်အတွက်၊ ကလေး၊ လူကြီး အားလုံးပေါ့လေ မြန်မာ တနိုင်ငံလုံး အတွက် အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလို မဟုတ်လို့ ရှိရင် အခု ဒီ မတရားမှုကြီး ပေါ့လေ၊ စစ်အစိုးရက ဒီလူတွေ အပေါ်မှာ မတရား ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုကြီးဟာ ဆက်သွားလို့ရှိရင် မြန်မာနိုင်ငံရဲ့ ဒုက္ခကလည်းပဲ သက်ဆိုး ရှည်နေမှာပဲပေါ့။ အရေးကြီးပါတယ်”

“နအဖ ဘက်က မပြောင်းလဲ ဆိုရင်လည်း လုပ်သင့်တာတွေတော့ အများကြီး ရှိမှာပါ။ အဖွဲ့အစည်း အလိုက်ရော၊ တဦးချင်းစီ အလိုက်ရော ပေါ့နော်။ လုပ်သင့်တာတွေ အများကြီး ရှိမှာပဲ။ ဆိုတော့ WLB အနေနဲ့ရော၊ အဖွဲ့ဝင် အဖွဲ့အစည်းတွေ အနေနဲ့ရော သူ့နေရာ ဒေသအလိုက် ဒီ ဖွံ့ဖြိုးရေးတွေ၊ နောက် အမျိုးသမီး စွမ်းအင် မြှင့်တင်ရေးတွေ၊ ဒါဟာ တချိန်အတွက် ပြင်ဆင်မှုတွေ လုပ်နေတာပဲ။ နောက်ပြီး နိုင်ငံတကာ မှာရော၊ ဒေသဆိုင်ရာ မှာရော၊ မြန်မာနိုင်ငံပေါ်မှာ ဖိအားပေးမှုရယ်၊ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ဖို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေလည်း ရလာနိုင်ဖို့ အတွက်လည်း လှုံ့ဆော်မှုတွေ လုပ်နေတယ်။ ဒါတွေက ဆက်လုပ်သွားရမှာပဲ။ နောက်တခု ကလည်းပဲ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ လူတွေလည်းပဲ လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေ၊ သူတို့ တဦးချင်းစီ အလိုက်၊ အဖွဲ့အစည်းချင်း အလိုက် လုပ်နေတာတွေလည်း ရှိနေပါတယ်။ လုပ်သင့်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံက မြန်မာ့ တပ်မတော် အနေနဲ့ကလည်း သူတို့ လုပ်သင့် လုပ်ထိုက်တာတွေ ရှိမှာပါ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုကြီးမှာ သူတို့ လုပ်နိုင်တာတွေ ရှိပါတယ်။ သူတို့လည်း သိမှာပါ။ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို။ ဒါတွေ လုပ်နိုင်မယ်ဆိုလို့ ရှိရင်လည်း ပြောင်းလဲမှုတွေ ဖြစ်ပြီးတော့မှ အပေါင်း လက္ခဏာ ဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ရှေ့ရေးဆိုတာကို ပုံဖော်နိုင်မှာပါ”

“ဒေါ်စုက မတရားမှုတွေကို သတ္တိရှိရှိနဲ့၊ ကတိနဲ့ သစ္စာနဲ့ ကျော်လွှားနေတဲ့ လူလို့ ပြောလို့ ရပါတယ်။ မတရား ချုပ်နှောင် ထားတယ်။ နောက်ပြီးတော့မှ ဘာအခွင့်အရေးမှ မပေးဘူးပေါ့နော်။ သူရဲ့ မြန်မာနိုင်ငံ အကျိုးအတွက် လုပ်ဖို့ကိုလည်း အခွင့်အရေး မပေးဘူး ဆိုတော့ ဒါက စကားတခွန်း အနေနဲ့ ပြောချင်တာကတော့ လူသားအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုကြီးလို့ပဲ ပြောချင်တယ်။ အဲဒီ ရာဇ၀တ်မှုကြီးကို ဒေါ်စုအနေနဲ့ တော်လှန်နေတဲ့ လူတယောက် ပေါ့နော်”

“ဘာတွေ ပြောချင်သေးသလဲ ဆိုတော့ ကုန်တောင် မကုန်နိုင်ဘူး။ ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ် ပေါ့နော်။ တခြား ခေါင်းဆောင်တွေလည်းပဲ ထောင်ကျနေတဲ့ လူတွေ ရှိတယ်။ အပြင်မှာလည်းပဲ နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိပါတယ်။ ထောင်ထဲမှာ မနေရရင်လည်း ထောင်ထဲမှာ နေရသလိုပဲ နိုင်ငံရေး ခေါင်းဆောင်တွေလည်း ရှိနေပါတယ် ပေါ့လေ။ နောက်ပြီးတော့မှ ဒီခေါင်းဆောင်တွေ တစုတစည်းနဲ့ လုပ်သွားနိုင်မယ်။ ဒါတွေက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ခေါင်းဆောင်တွေ ဒေါ်စု အပါအ၀င် ပေါ့လေ၊ တခြား ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာပြီးတော့မှ မြန်မာနိုင်ငံ ရှေ့ရေးအတွက် အားလုံး ၀ိုင်းဝန်း လုပ်သွားနိုင်မယ့် အချိန် ရောက်လာမယ်လို့ မျှော်လင့်တယ်။ မျှော်လင့်နိုင်အောင်လည်းပဲ ကိုယ့်နေရာ ဒေသအလိုက် ခုန ပြောသလိုပဲ တဦးချင်း အလိုက်၊ အဖွဲ့အစည်း အလိုက် လုပ်ဆောင်သွားကြမယ် ဆိုရင်တော့ ဖြစ်နိုင်မှာပါ”

မသင်းသင်းအောင် (Women's Rights and Welfare Association of Burma - WRWAB)

“ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာပြည် အတွင်းက လူ့အခွင့်အရေး လှုပ်ရှားတဲ့ လူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အကျဉ်းထောင် ထဲကနေ၊ ထိန်းချုပ်မှုတွေ ကနေ လွတ်စေချင်တာက ပြည်သူ အားလုံးရဲ့ ရင်ထဲမှာ ရှိတဲ့ဆန္ဒ၊ ရှိထားပြီးသား ဆန္ဒဖြစ်တယ်။ အဲဒီ ဆန္ဒတွေကို ဒီလိုမျိုး လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ၊ ပို့စ်ကတ် ကင်ပိန်းတွေ လုပ်ခြင်းအားဖြင့် သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် ပြသခွင့် ရတယ် ပေါ့နော်။ ပြည်သူတွေက တဦးချင်း သာမက အုပ်စုလိုက် တစုတစည်းထဲ တချိန်တည်းမှာ ထုတ်ဖော် ပြသခွင့် ရကြတဲ့ အဲဒီ အခွင့်အရေး တချက် ရှိတယ်။

အခု နအဖ က နိုင်ငံတကာမှာ ပြောနေတာကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးမှာ ဘာမှ အရေးမပါ တော့ဘူး။ ပြည်သူတွေက မေ့နေပြီ၊ သတိတောင် မရတော့ဘူး ဆိုတာမျိုးတွေ ပြောနေတယ်။ အဲဒီလို ပြောနေတဲ့ အချိန်မှာ ကျမတို့ ပြည်သူတွေက ပို့စ်ကတ်တွေမှာ လက်မှတ် ထိုးပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ကို ငါတို့ လုံးဝ မမေ့သေးဘူး၊ ငါတို့ ရင်ထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ သူတယောက် ဖြစ်တယ် ဆိုတာကို ဖော်ပြ လိုက်ခြင်းအားဖြင့် နအဖကို အဖြေတခု ပေးလိုက်ခြင်းလည်း ဖြစ်တယ်။

နောက်တခုက နေအိမ် အကျဉ်းချ ခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ကျမတို့ ပြည်သူတွေဟာ သူရဲ့နောက်မှာ ရှိနေတယ်၊ သူ့ရဲ့ ခေါင်းဆောင်မှုကို အမြဲတမ်း အားပေးနေတယ်၊ သူ့ကို ထောက်ခံမှုတွေ ပြသနေတယ်၊ သူ့ရဲ့ လွတ်မြောက်ရေးကို တောင်းဆိုနေတယ် ဆိုတာ သူ သိမယ်။ သူ သိတဲ့ အခါမှာ သူ့ရဲ့ ဆက်ပြီးတော့ လုပ်သွားမယ့် လုပ်ငန်းမှာ စိတ်ဓာတ် ခွန်အားတခု ဖြစ်စေမယ်လို့ ကျမတို့ ယုံကြည်တယ်။ အဲဒါကတော့ အကျိုးအမြတ် ပေါ့နော်”

“ဒေါ်အောင်ဆန်း စုကြည်ဟာ သာမန် လူတယောက် မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ မြန်မာလူထု တရပ်လုံးရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပြီးတော့ တရား မျှတမှုနဲ့ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲ ၀င်နေတဲ့ နိုင်ငံ့ ခေါင်းဆောင်ကောင်း တယောက် ဖြစ်တယ်။ အဲဒီအခါ ကျတော့ ပြည်သူလူထု တရပ်လုံးရဲ့ အိပ်မက်ဖြစ်တဲ့ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးကို အခြေခံဖြစ်တဲ့ တရားမျှတမှု ရဖို့ဆိုတဲ့ အိပ်မက် တခုကို ဖော်နိုင်ဖို့ အတွက်က ဒေါ်အောင်ဆန်း စုကြည်ဟာ အင်မတန် အရေးပါတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်။

နောက်တခုက ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ကျမတို့ မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာ တိုင်းရင်းသား ပေါင်းစုံရဲ့ အင်အားတွေကို စုစည်း ပြီးတော့မှ၊ သူတို့ရဲ့ ထောက်ခံမှု ရယူပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင် နိုင်မယ့် ခေါင်းဆောင် တယောက် ဖြစ်တယ်လို့ ကျမတို့က မြင်ထားတော့ သူဟာ အင်မတန် အရေးပါတယ်လို့ ကျမ ယူဆတယ်”

“ဒေါ်အောင်ဆန်း စုကြည်ကို ကျမမြင်တဲ့ အမြင်ကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေး အတွက် လှုပ်ရှား နေကြတဲ့ ဒီမိုကရေစီ တော်လှန်ရေး တခုလုံးရဲ့ ပြယုဂ်တခု ဖြစ်တယ်လို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ သာမန် လူတယောက် ဆိုတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။ ဒေါ်အောင်ဆန်း စုကြည်ဟာ အခုလက်ရှိ လှုပ်ရှားနေကြတဲ့ ဒီမိုကရေစီ လှုပ်ရှားမှု တခုလုံးကို ကိုယ်စားပြု နေတယ်။ နောက်ပြီးတော့ မြန်မာပြည် အတွင်းမှာ လူ့အခွင့်အရေး အခြေအနေ ဘယ်လောက်ထိ ဆိုးဝါးနေတယ်၊ ဒီမိုကရေစီ အခွင့်အရေး ချိုးဖောက် ခံရတာက ဘယ်လိုရှိနေလဲ ဆိုတာကို သုံးသပ်မယ် ဆိုရင်လည်း ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးထားခြင်း၊ သူ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားခြင်း ဘယ်လောက် အထိ ရှိလဲဆိုတာနဲ့ တိုင်းတာလို့ ရတယ်။ အဲဒီ အခြေအနေက၊ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို ဖမ်းဆီးထားတယ် ဆိုတာက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံးဝ မကောင်းဘူးလို့ ပြောလို့ ရတယ်။ ဒါ့ကြောင့်မို့လို့ ဒေါ်အောင်ဆန်း စုကြည်ကို ကျမ မြင်တာကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခုလုံးရဲ့ အခြေအနေကို ထင်ဟပ်စေတဲ့ ပြယုဂ် တခုလို့ ကျမမြင်တယ်”

မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိ

နန်းဒေ၀ီ (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်တိုင်း အတွင်း ဖြစ်ပွားခဲ့သော ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N1 ကို ထိမ်းချုပ် နိုင်ခဲ့သော်လည်း မကြာသေးခင် ရက်ပိုင်း အတွင်းက ပဲခူးတိုင်း ပဲခူးမြို့တွင် ဗိုင်းရပ်စ် အကြွင်းအကျန်များ လည်ပတ် နေသည်ကို တွေ့ရှိခဲ့ ရကြောင်း သိရသည်။

ယခုလ အစောပိုင်းက ပဲခူးတိုင်း၊ ပဲခူးမြို့ ဥစား ကြက်ခြံများမှ H5N1သံသယရှိ ကြက်များကို စစ်ဆေးခဲ့ပြီး ကြက်ငှက် တုပ်ကွေး ရောဂါပိုး ဖြစ်သည်ဟု မွေးမြူရေးနှင့် ကုသရေးဌာန လက်အောက်ရှိ ရောဂါ ရှာဖွေရေး ဌာနက အတည်ပြုလိုက်ပြီး ကြက်ကောင်ရေ ၉၀၀ ကျော်ကို ယခုလ ၈ ရက်နေ့က သုတ်သင် ရှင်းလင်းခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် အတိအလင်း ဖော်ပြ ထားသည်။

FAO ခေါ် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့မှ အမျိုးသား အတိုင်ပင်ခံ အရာရှိ (National Consultant) ဒေါက်တာ မောင်မောင်ကြင် ကလည်း H5N1 ပိုး တွေ့ရှိချက် အပေါ် ယခုလို မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

“ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဖြစ်တာပါ။ သူတို့က သတင်းလည်းပို့တယ်။ သူတို့ မပြောရင် ကျနော်တို့ သိမှာမဟုတ်ဘူး၊ ကြက်ကလေးတွေ တကောင်၊ နှစ်ကောင် သေတယ် ဆိုတော့ ဓာတ်ခွဲခန်းကို လာပို့တာပေါ့။ အဲဒါနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေး ကြည့်တော့မှပဲ H5N1 တွေ့တာပါ။ လောလောဆယ် လွတ်မြောက် သွားပါပြီ။ နောက်ထပ် Case (ပြဿနာ) မရှိတော့ပါဘူး” ဟု ပြောသည်။

ယခုနှစ် အစောပိုင်း လများတွင် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၅ မြို့နယ် ဖြစ်သော မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက် ဥက� လာပ၊ မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ် အတွင်းရှိ ကြက်ခြံများတွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့ ပြီးနောက် ရောဂါ တားဆီးသည့် အနေဖြင့် ကြက်ကောင်ရေ သောင်းနှင့်ချီကာ သုတ်သင် ရှင်းလင်းခဲ့ပြီး ဖြစ်သော်လည်း ရောဂါပိုး ဆက်လက် ဖြစ်ပေါ်နိုင်သည့် အလားအလာကို ဒေါက်တာ မောင်မောင်ကြင် က ယခုလို ဆက်လက် ပြောဆိုသည်။

“ရောဂါပိုး ပြန့်နှံ့နိုင်တဲ့ နည်းလမ်းတွေက အများကြီးပဲ။ ပြောရခက်တယ်။ ဘဲတွေဘာတွေက သယ်ဆောင်သူတွေကိုး။ ဘဲက အဲဒီပိုးတွေကို သယ်ဆောင် နိုင်တယ်။ ကြက်တွေမှာ ခုခံနိုင်အား မရှိဘူး။ အဲဒီပိုး ကူးစက်ခံရတာနဲ့ ကြက်က သေတော့တာပဲ။ ဘဲတွေမှာတော့ အဲဒီပိုးကို ခုခံနိုင်အား ရှိတယ်။ အဲဒါကြောင့် သယ်နိုင်တာပေါ့။ ဒါကြောင့် ကျနော်တို့ ပစ်မှတ်ထားပြီး လုပ်နေတာက ဘဲခြံတွေကိုပါ” ဟု သူက မဇ္ဈိမကို ရှင်းပြသည်။

ရောဂါပိုးတားဆီး ကာကွယ်ရန် အတွက် တိုင်းပြည်အနှံ့ ကျေးရွာများပါမကျန် ကွင်းဆင်းပြီး ကြက်၊ ဘဲများ၏ သွေး နမူနာများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် အစဉ်တစိုက် လုပ်ဆောင်ရန်သာ ဖြစ်ကြောင်း သူက ယခုလို ဆက်လက် ပြောဆိုခဲ့သည်။

“ဒါကြီးက အဆက်မပြတ် ကွင်းဆင်း စစ်ဆေး ရမှာပေါ့။ ကွင်းဆက် မပြတ်အောင် အမြဲတမ်း စောင့်ကြည့် လေ့လာ နေရမှာပဲ။ အဓိက ကျနော်တို့ လုပ်နိုင်တာ တခုပဲ ရှိတယ်။ အဲဒါကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကွင်းဆင်း စစ်ဆေး ရပါမယ်။ ကျနော်တို့ အနေနဲ့ ဆက်တိုက် လုပ်နေတဲ့ နေရာမှာ ပစ္စည်း ပစ္စယတွေနဲ့ ကူညီပါတယ်။ သွေးနမူနာ ယူတဲ့ နေရာမှာတို့၊ ရောဂါစစ်တဲ့ ကိရိယာတွေ။ အဲဒါတွေက အပြင်မှာ ဈေးကြီးတယ်။ ကျနော်တို့ FAO ကနေပြီးတော့ ဒါတွေ လုပ်ပေးတယ်” ဟု ပြောသည်။

ထိုင်း၏ သဘောထားသည် မြန်မာ လက်နက်ကိုင်များကို ထိခိုက်မည်မဟုတ်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်၌ ရှိသော မြန်မာ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ထိုင်း နယ်မြေတွင် အခြေချ လှုပ်ရှားပြီး နအဖ စစ်အစိုးရကို တိုက်ခိုက်နေခြင်း အပေါ် ထိုင်းစစ်တပ်က ခွင့်မပြုဟု ပြောဆိုချက်သည် လက်ရှိ ရပ်တည်မှုကို ထိခိုက်မည် မဟုတ်ဟု မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆို လိုက်ကြသည်။

မြန်မာနိုင်ငံ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ထိုင်းနယ်မြေတွင် အခြေချပြီး နအဖ စစ်အစိုးရကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံကို ကျော်ဖြတ်၍ လက်နက် ခဲယမ်း မီးကျောက်များ သယ်ယူခြင်း၊ နယ်စပ်၌ ကိုယ်ကျိုး စီးပွားအတွက် ငြိမ်းချမ်းရေး ပွဲစား လုပ်နေခြင်းများကို ထိုင်း အနေဖြင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း ယမန်နေ့က မဲဆောက် အခြေစိုက် ထိုင်းစစ်တပ် အရာရှိ တဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

မဲဆောက် အခြေစိုက် အမှတ် ၁၇ ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဖန်းထိုးညစ်ဖိုင်ဆို့က ကိုယ်ကျိုး စီးပွားများ အတွက် ပဋိပက္ခများကို အရင်းပြုသလို၊ ငြိမ်းချမ်းရေးကို ဘန်းပြ လုပ်ဆောင်နေခြင်း မဖြစ်စေချင်ကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် လိုအပ်မည် ဆိုပါက ထိုင်း စစ်တပ်ကလည်း အကူအညီပေးဖို့ အသင့် ရှိနေပြီး ဒေသအတွင်း၌ ငြိမ်းချမ်းသည်ကိုသာ မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

ယခုလို ထိုင်းစစ်တပ်က ပြောဆိုချက်နှင့် ပတ်သက်ပြီး မြန်မာ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ထိခိုက်မည် မဟုတ်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာက ပြောဆိုသည်။

သူက “အခု သူတို့ ၀ါဒဖြန့်နေတာက ထိုင်းအခြေပြု၊ ထိုင်း အခြေပြု ဆိုပြီးတော့။ ကျနော်တို့ဟာ ထိုင်းအခြေပြု မဟုတ်ဘူး။ အခြေခံ စခန်းတွေ ရှိတယ်လေ။ အဲသလို ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ ရပ်တည် နိုင်တယ်။ အမှန်မှာကတော့ သူတို့ရဲ့ ပေါ်လစီက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စည်းကမ်း စည်းမျဉ်းတွေနဲ့လည်း သက်ဆိုင် နေတဲ့အခါ ကျတော့၊ ဒါက သူတို့ရဲ့ ပေါ်လစီ ဖြစ်တော့ ပေါ်လစီ ရှိတဲ့အတိုင်း သူတို့ ပြောတာပဲ။ မှန်ပါတယ်။ နောက် ဒီပေါ်လစီက သူတို့တွေ အခုမှ ပြောတာ မဟုတ်ဘူးနော်။ အရင်တုန်းကလည်း တချိန်လုံး သူ့ပေါ်လစီက ဒါရှိတယ်၊ သူ့ပေါ်လစီက ဒါရှိတယ်၊ တချိန်လုံး ဖော်ပြနေတာ ဖြစ်တော့ ဒါ အသစ်အဆန်း မဟုတ်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာကို သူတို့ ဖော်ပြ တာပဲ။ ကျနော်တို့မှာ ဘာမှ ပြောစရာ မရှိဘူးနော်။ အဲဒါပဲ ကျနော်တို့ ပြောချင်တဲ့ ကိစ္စ” ဟု ပြောဆိုသည်။

ရခိုင် လွတ်မြောက်ရေး ပါတီ (အေအယ်ပီ) ဒု-ဥက� ဌ ခိုင်းစိုးနိုင်အောင် ကလည်း “ကျနော်တို့ အေအယ်ပီ အနေနဲ့ ရပ်တည်တာက ထိုင်းအထဲမှာ မရပ်တည်ပါဘူး။ တခါမှ မရပ်တည်ခဲ့ဘူး။ ကျနော်တို့က သူတို့ကို ဘာမှ မပြောချင်ဘူး။ သူတို့ အနေနဲ့ သူတို့ လုပ်ပိုင်ခွင့်မှာ သူတို့ ပြောတာပဲလေဗျာ။ ဒါက သူတို့ နိုင်ငံကိုး။ ကျနော်တို့က ဘာမှ မပြောလိုဘူး။ ဘာမှ သဘောထားလည်း မပေးချင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။