မဇ္ဈိမသတင်းဌာနစက်တင်ဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
အန်အယ်ဒီ ဆန့်ကျင်ရေး စာရွက်များကို စက်မှုဇုံများ တည်ရှိရာ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ လူစည်ကားရာ နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ဖြန့်ကြဲခဲ့သည်။
အန်အယ်ဒီကို တိုက်ခိုက်သည့် စာရွက်များကို တောင်ဒဂုံ မြို့နယ် အတွင်းရှိ စံပြဈေး၊ ဒဂုံအဝင် ၁၆ ရပ်ကွက်၊ ဆိုက်ကားဂိတ်များနှင့် စက်မှုဇုံများ အနီးတွင် ဟိုင်းလပ်ကားပေါ်မှ လူ ၃ ဦးက နံနက်ပိုင်း အလုပ်သွားချိန်တွင် လမ်းပေါ်သို့ ဖြန့်ကြဲသွားခဲ့ခြင်း ဖြစ်သည်။
“တချို့ စက်ရုံတွေ ပိတ်ရတာက စီးပွားရေး ပိတ်ဆို့မှုကြောင့်တဲ့။ စက်ရုံတွေ ပိတ်လို့ လူတွေ ပြန်သွားရတာ အန်အယ်ဒီကြောင့်၊ စက်ရုံပိတ်ရတာ အန်အယ်ဒီ ကြောင့်တဲ့။ အန်အယ်ဒီကို မယုံကြနဲ့ပေါ့။ စက်ရုံ အလုပ်ရုံတွေမှာ အန်အယ်ဒီ ရောက်လာရင် စောင့်ကြည့်ကြ၊ နှိမ်နင်းကြတဲ့” ဟု စာဖတ်ရသူ တဦးက မဇ္ဈိမကို ပြောသည်။
ပုံနှိပ်စာလုံးများဖြင့် ရေးသားထားသော အဆိုပါ စာ၏ အောက်ဘက်တွင် ဖြန့်ဝေသူများအဖြစ် စက်ရုံ အလုပ်သမားများဟု ဖော်ပြထားသည်ဟုလည်း သိရသည်။
“စာကောက် ဖတ်မိတဲ့ တချို့ အလုပ်သမားလေးတွေက ၁၆ နှစ်၊ ၁၈ နှစ် အရွယ်လေးတွေ ဆိုတော့ ဘာကို ဆိုလိုပြီး ရေးသားထားမှန်း မသိကြတော့ အိမ်ကို ယူသွားပြီး မိဘတွေကို ပြကြတယ်။ မိဘတွေက ဒါက အန်အယ်ဒီကို ရှုတ်ချ ရေးထားတာ ဆိုပြီး ရှင်းပြကြတယ်” ဟု သူက ဆက်ပြောသည်။
အန်အယ်ဒီ ပါတီဝင် တဦးကို ဆက်သွယ် မေးမြန်းရာတွင် သူက စာဖြန့်ဝေမှုသည် ဟုတ်မှန်ကြောင်း ပြောဆိုကာ၊ သူက ဆက်ပြီး “ကျနော်တို့ သုံးသပ်ကြတာက သူတို့ဘက် (နအဖ) အာဏာပိုင်တွေ ဘက်က ဖြစ်မယ်ပေါ့နော်” ဟု သုံးသပ် ပြောဆိုသည်။
ယခု ကိစ္စများနှင့် ပတ်သက်ပြီး သုံးသပ် ဆွေးနွေးရန် အတွက် ယနေ့ ညနေ ၃ နာရီတွင် တောင်ဒဂုံမြို့ရှိ အန်အယ်ဒီ အဖွဲ့ဝင်များက အစည်းအဝေး တရပ် ကျင်းပသွားမည်ဟု သိရသည်။