Saturday, September 8, 2007

ဦးခွန်ထွန်းဦး မွေးနေ့ပွဲ ကျင်းပခွင့် မရ


မဇ္ဈိမသတင်းဌာနစက်တင်ဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
အကျဉ်းကျခံနေရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၏ ၆၄ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပမည်ကို အာဏာပိုင်များက ခွင့်မပြုကြောင်း သိရပါသည်။
မွေးနေ့ပွဲကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း၊ ၆ ထပ် ဘုရားဝင်း အတွင်းရှိ သိပ္ပံ ဘုန်းကြီးကျောင်း၌ မနက်ဖြန် နံနက် ၈ နာရီတွင် စည်းလုံး ညီညွတ်သော တိုင်းရင်းသား နိုင်ငံရေး ပါတီများ မဟာမိတ်အဖွဲ့ (UNA) က ဦးဆောင် ကျင်းပမည် ဖြစ်ကာ ဖိတ်စာများ ကမ်းထားပြီး ဖြစ်သော်လည်း ရန်ကုန်ခရိုင် ခယက ဥက္ကဌ မှ ဇိုမီး အမျိုးသား ကွန်ဂရက် (ZNC) ဥက္ကဌ ဦးကျင်ရှင်းထန်ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ခေါ်ယူ တွေ့ဆုံကာ မွေးနေ့ပွဲကို ကျင်းပခွင့် မပြုကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့က ဖိတ်စာ ဝေထားတယ်လေ။ ဖိတ်စာကို တွေ့ပြီး ကျနော့်ကို ဒီနေ့မနက် ခယက ရုံးကို ခေါ်တယ်။ မလုပ်ရဘူးတဲ့။ အဲလို အမိန့်ပေးတယ်။ အဲလိုနဲ့ အစီအစဉ် ပျက်သွားတယ်။ နိုင်ငံရေး ပါတီက တရားဝင် မဟုတ်ဘူးဆိုပြီး ခွင့်မပြုဘူးလို့ ပြောတယ်။ ကျနော်က SNLD က တရားဝင် ပါတီပဲလို့ ပြောတော့ အဲဒီ ပါတီနဲ့ ဖိတ်တာမှ မဟုတ်ဘဲ UNA နဲ့ ဆိုတော့ ခွင့်ပြုဘူးလို့ ပြောလိုက်ပါတယ်” ဟု ဦးကျင်ရှင်းထန် က မဇ္ဈိမကို ပြောပြသည်။
ဦးခွန်ထွန်းဦးကို ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့ကာ နိုင်ငံတော် ပုန်ကန်မှု၊ သွင်းကုန်ထုတ်ကုန် ပစ္စည်းများ အလွဲသုံးစားမှု၊ နိုင်ငံခြားငွေကို ကိုင်ဆောင်ခွင့် မရှိဘဲ လက်ဝယ် ထားရှိမှု စသည့် အမှုများအပြင် စွပ်စွဲချက် အမျိုးမျိုးဖြင့် နအဖ စစ်အစိုးရက ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ အတွင်းက ထောင်ဒဏ် ၉၂ နှစ်၊ ရှမ်းအမျိုးသား ကောင်စီ နာယက ဗိုလ်ချုပ် ဆေထင်ကို ထောင်ဒဏ် ၁ဝ၆ နှစ်၊ SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် ပါတီ ဗဟို အလုပ်အမှုဆောင် ၂ ဦးကို ၇၅ နှစ်စီနှင့် ရှမ်းပြည် မျိုးဆက်သစ် လူငယ်များ အဖွဲ့မှ ခေါင်းဆောင် ၃ ဦးကို ထောင်ဒဏ် ၇၅ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးကျင်ရှင်းထန်က ဆက်ပြီး “ကျနော်တို့ လုပ်ထားတာက မွေးနေ့ပွဲ လုပ်ရတဲ့အကြောင်း ပြောမယ်။ ကျွေးမွေးမယ်။ ဒါပါပဲ။ ကျနော်တို့ လုပ်မယ့် ကျောင်းကိုလည်း အာဏာပိုင်တွေက မလုပ်ရဘူးလို့ အမိန့် ပေးထားတယ်။ ကျနော်တို့ အားလုံးကို ဖိတ်ထားတယ်။ ဖိတ်စာ ၁ဝဝ ကျော် ရိုက်ပြီး ဝေထားတယ်။ ပြီးမှ ပျက်သွားတာ” ဟု ပြောသည်။
မွေးနေ့ပွဲ တက်ရောက်ရန် အတွက် အန်အယ်ဒီနှင့် နိုင်ငံရေး ပါတီများ၊ ဝါရင့် နိုင်ငံရေး သမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် သံတမန်များကို ဖိတ်ကြားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ဦးခွန်ထွန်းဦးကို ယခုအခါ ကချင်ပြည်နယ် ပူတာအို ထောင်တွင် အကျဉ်းချထားပြီး ကျမ်းမာရေးသည် အသင့်အတင့် ကောင်းမွန်ကြောင်းနှင့် ဇနီးသည် ဒေါ်ဝေဝေလှမှ သွားရောက်ကာ ထောင်ဝင်စာ တွေ့လေ့ ရှိကြောင်း သိရပါသည်။
ဖမ်းဆီး ချုပ်နှောင် ခံထားရသည့် ဦးခွန်ထွန်းဦးနှင့် ရှမ်းခေါင်းဆောင်များ အတွက် အကြိမ်ကြိမ် အယူခံ ဝင်ခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates