Saturday, September 8, 2007

ဆန္ဒပြပွဲ နှိုးဆော်စာများ စစ်တွေတွင် ပြန့်နှံ့


ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွင် ပြည်သူများ အနေဖြင့် ပါဝင် ပူးပေါင်းကြရန် နှိုးဆော်ထားသည့် စာများ ပြန့်နှံ့နေသည်။
ယခုလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နေ့စဉ်ဆိုသလို စစ်တွေ မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြပွဲများ ကျင်းပသွားမည် ဖြစ်သဖြင့် ပြည်သူများမှလည်း ပူးပေါင်း ပါဝင်ကြပါရန် ဟူသည့် နှိုးဆော်စာများကို တွေ့ရခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးတို့ အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြ တောင်းဆိုကြမည် ဖြစ်ရာ ပြည်သူများ အနေဖြင့် မိမိတို့ ဆန္ဒပြ တောင်းဆိုမှုများတွင် ပူးပေါင်း ပါဝင် လှုပ်ရှားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်” ဟု နှိုးဆော်စာတွင် ရေးသားထားချက်များကို စစ်တွေ ဈေးကြီးမှ ဆိုင်ရှင်တဦးက မဇ္ဈိမကို ဖတ်ပြသည်။
စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်မှ ဦးသာမောင်ကလည်း “ဖြန့်ဝေတဲ့လူက ဘယ်သူဘယ်ဝါ ဆိုတာလည်း ရေးလို့ မပါဘူး။ ဖြန့်တာတော့ လူခြေတိတ်တဲ့ အချိန်မှာ ဖြန့်တာ ဖြစ်နိုင်တယ်။ ကျနော်တို့ အိပ်ယာက ထတာနဲ့ ဆန္ဒပြမယ့် စာတွေ ဖြန့်တယ် ဆိုတာ ကြားရတာပါဿ” ဟု ပြောသည်။
လှုံ့ဆော်စာများ ဖြန့်ဝေပြီးချိန်မှ စတင်ကာ စစ်တွေမြို့ လုံခြုံရေးကိုလည်း တင်းကျပ်စွာ ချထားလိုက်ကြောင်း စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ သံဃာတော် တပါးက ယခုလို မိန့်ကြားသည်။
“အခုကတော့ ဒကာကြီးရာ လုံခြုံရေးကတော့ အပြည့်ပဲ။ မြို့ပေါ်မှာ အဓိကကျတဲ့ ဦးဥတ္တမ ခန်းမ၊ ဝင်္ကဘာ ဘောလုံးကွင်း၊ လောကနန္ဒာ ဘုရားကြီး၊ သင်္ဘောဆိပ်၊ ပြီးတော့ ဈေးကြီး အနီးတဝိုက်တွေမှာ လုံထိန်းပါတယ်၊ ရဲရယ်၊ ကြံ့ဖွံ့တွေ ပါတဲ့ လုံခြုံရေးတွေ ချထားတာကို တွေ့ရတယ်” သံဃာတော်က မိန့်ကြားသည်။
စစ်တွေ လုံခြုံရေးကို ယခုလ ၆ ရက်နေ့ ၁၃ ရက်နေ့အထိ တင်းကျပ်စွာ ဆက်လက် ချထားရမည်ဟု အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) မှ ညွှန်ကြားထားသည်ဟု စစ်တွေမြို့ အမှတ် ၂ ရဲစခန်းမှ အမည်မဖေါ်လိုသူ ရဲဝန်ထမ်း တဦးက ပြောသည်။
နံနက်ဖြန်တွင် ကျရောက်မည့် စက်တင်ဘာလ ၉ ရက်နေ့သည် မြန်မာ့ လွတ်လပ်ရေး မီးရှုး တန်ဆောင်ကြီး ရခိုင့် အာဇာနည် ဆရာတော် အသျှင် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၆၈ နှစ်မြောက် နေ့နှင့် တိုက်ဆိုင် နေသဖြင့် ထိုနေ့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်ဟု ဆက်သွယ် မေးမြန်းခဲ့သူများက ခန့်မှန်း ပြောဆိုကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates